Htar Htar Moe
တစ်ခါတလေ စာရေးသူက ယောဆရာတော်ဘုရားဆီ အဖေါ်မခေါ်ဘဲ တစ်ပါးတည်း သွားတတ်ပါတယ်။ တစ်ပါးတည်း သွားတယ်ဆိုတာက ဆရာတော်ကို ကိုယ်မေးချင်တာ မေးလို့ရသလို ကိုယ့်မှာ အားနည်းချက်ရှိလို့ ဆရာတော် ဆုံးမရင်လည်း ဘေးလူမသိစေချင်လို့ပါ။ တစ်ခါမှာတော့ နောက်မှာလည်း လူရှိမရှိကြည့်ပြီး လူမရှိတာ သေချာပြီဆိုမှ “ဆရာတော်ဘုရား….တပည့်တော်မှာ တစ်ခါတလေ ကိုယ်မလိုချင်တဲ့ အကုသိုလ်စိတ်တွေ ဖြစ်မိပါတယ်ဘုရား။ အကုသိုလ်စိတ် ဖြစ်တော့ စိတ်ဆင်းရဲရ ပါတယ်ဘုရား။ ဘယ်လိုပယ်ရပါမလဲ”လို့ မေးတော့..
ဆရာတော်ဘုရားက…. “ဖြစ်တဲ့အကုသိုလ်ကို ရှုမှတ်ပစ်ပေါ့၊ သာသနာမှာ အကုသိုလ်ကိလေသာရှိလို့ အလုပ်လုပ်စရာရှိနေတာ၊ အကုသိုလ် ကိလေသာစိတ်မရှိရင် ရဟန်းတစ်ပါးအနေနဲ့ သာသနာမှာဘာမှလုပ်စရာအလုပ်မရှိတော့ဘူး။ ရဟန်း အလုပ်က ကိလေသာပယ်ဖို့ပဲ၊ သာသနာမှာ ဆရာတော်ကြီးတွေ တော်တယ် တော်တယ်ဆိုတာ အကုသိုလ် ကိလေသာကို ပယ်နိုင်လို့ တော်တာ။ အဲဒီမှာ သတိပါ နေဖို့ပဲ။ သတိပါနေရင် ကိလေသာ ဆယ်ချက်ဖြစ်ရမှာနှစ်ချက် သုံးချက်နဲ့ ရပ်သွားတယ်။ ပြောလိုက်ပေါ့ “အကုသိုလ်ရယ် ပုထုဇဉ်ပဲဖြစ်ပါ၊ မဖြစ်ရဘူးလို့ မဆိုလိုပါဘူး၊ ဖြစ်ပါ၊ ဒါပေမယ့် နှစ်ချက် သုံးချက် ဖြစ်ရရင် တော်ရောပေါ့ကွာ”လို့ ပြောလိုက်ပေါ့”လို့ မိန့်ပြပါတယ်။
ဆရာတော်ဘုရားက အကုသိုလ်ဖြစ်တာ စိတ်ညစ်စရာ မဟုတ်ပါဘူးတဲ့။ အကုသိုလ်ကို ကိုယ့်ရဲ့ပြိုင်ဘက် လို့ သဘောထား ရပါမယ်တဲ့။ ဆရာတော်ဘုရားက ဥပမာနဲ့ မိန့်ပြပါတယ်။ လက်ဝှေ့ထိုးတဲ့အခါ စင်ပေါ်မှာ တစ်ယောက်တည်းထိုးနေရင် ကြည့်လို့မကောင်းဘူးတဲ့။ အားပေးမယ့် သူလည်း မရှိပါဘူး။ တစ်ယောက်တည်း ထိုးနေရင် အရူးဖြစ်နေမှာပေါ့။ ပြိုင်ဘက်နဲ့ နှစ်ယောက်ထိုးမှ အောက်က ပရိသတ်က လက်ခုပ်တီးပြီး အားပေးတော့တာပါ။ ဒါမှလည်း လက်ဝှေ့ပွဲကို ကြည့်လို့ ကောင်းတာပါတဲ့။ ဒီလိုပါပဲ ဆရာတော်ရဲ့ သြဝါဒအရဆိုရင် အကုသိုလ်စိတ် ဖြစ်လာတဲ့အခါ ဘာမှစိတ်ညစ်မနေပါနဲ့၊ အကုသိုလ်စိတ်ကိုပြိုင်ဘက်လို့ နှလုံးသွင်းပြီး ရှုမှတ်ပစ်ရမှာပါပဲ။ အကုသိုလ် စိတ်ရယ်၊ ရှုမှတ်စိတ်ရယ် ပြိုင်ရတော့မှာပါ။
ဒီတော့ဆရာတော့် သြဝါဒအတိုင်း အကုသိုလ်စိတ် ဝင်လာရင် “ကဲ..ကိုရွှေအကုသိုလ်ရေ မင်းနဲ့ငါပြိုင် ရအောင်၊ မင်းကပဲနိုင်မလား၊ ငါကပဲနိုင်မလား ပြိုင်ကြတာပေါ့”ဆိုပြီး တစ်ယောက်ချင်းပြိုင်ရမှာပါ။ တကယ်လည်း တစ်ယောက်ချင်းပါပဲ၊ ရာဂ ဒေါသ မောဟ ဣဿာမစ္ဆရိယစတဲ့ အကုသိုလ်တရားတွေဟာ နှစ်စိတ်သုံးစိတ် ပြိုင်ဖြစ်လို့မရပါဘူး။ တစ်စိတ်စီပဲဖြစ်ကြရတာပါ။ တစ်ယောက်ချင်းချင်း သူနိုင်ကိုယ်နိုင် ပျှော်စရာ ကြီးပါ။ ပြိုင်ပြီဆိုကတည်းက အနိုင်၊ အရှုံး၊ သရေဆိုတာ ရှိမှာပါ။ အမြဲတမ်းတော့ နိုင်မနေနိုင်ပါဘူး။ နိုင်တဲ့ အခါရှိသလို ရှုံးတဲ့အခါလည်း ရှိမှာပါပဲ။ ရှုံးလည်း ဆက်ပြိုင်နေရမှာပါ။ တကယ်တော့ ဖြစ်ပေါ်လာတဲ့ အကုသိုလ် စိတ်ကို ရှုမှတ်ပစ်တာဟာ ပါရမီဖြည့်နေတာပါပဲ။ ဒီတော့ အကုသိုလ်စိတ်တွေဟာ ကိုယ့်အတွက် ပါရမီဖြည့်ဖို့ တွေပါပဲ။ ဒါကြောင့် ဘယ်လို အကုသိုလ်ပဲဖြစ်ဖြစ် “လာစမ်း အကုသိုလ် ပါရမီဖြည့်ပစ်မယ်”ဆိုပြီ စိန်ခေါ်ရမှာပါ။ ဣဿာမစ္ဆရိယစိတ်ဖြစ်လည်း ဘာဖြစ်လဲ “လာစမ်း ဣဿာမစ္ဆရိယ … ပါရမီဖြည့်ပစ်မည်”ဆိုပြီး ရှုမှတ်ပစ်ရုံပါပဲ။
ဒါကတော့အကုသိုလ်ကို ပွါးများပြီပယ်ပုံ အကျဉ်းပါပဲ။
ဖြစ်ပေါ်လာတဲ့ အကုသိုလ်ကို ပယ်ပစ်ဖို့က သိပ်အရေးကြီးပါတယ်။ ဒီနေရာမှာ မြတ်စွာဘုရား ဟောကြားထားတဲ့ မူလပဏ္ဏာသပါဠိတော် ဝိတက္က သဏ္ဌာနသုတ်ကလာတဲ့ အကုသိုလ် ပယ်နည်း ငါးနည်းကို အဓိကထား ပြောသွားရအောင်ပါ။
ဝိတက္ကသဏ္ဌာန သုတ်ဆိုတာ ကိုယ့်ရင်ထဲကို အကုသိုလ် တရားတွေ ဝင်လာရင် အကြောင်းငါးပါးနဲ့ ပယ်ပုံကို ဟောပြထားတဲ့သုတ်ပါ။ ရာဂ၊ ဒေါသ ၊ မောဟ၊ ဣဿာမစ္ဆရိယစတဲ့ အကုသိုလ် အညစ်အကြေးတွေ ဝင်လာရင် အကြောင်းတရားငါးပါးကို နှလုံးသွင်းပြီးပယ်ဖျောက်ပစ်ရမှာပါ။ အဲဒီ အကြောင်းငါးပါးနဲ့ ပယ်ပုံကို ရေးပြသွားရအောင်ပါ။
၁။ ကုသိုလ်တရားကို ဆင်ခြင်ပါ။
...............................................
၁။ ရာဂ ဒေါသ မောဟ နဲ့စပ်ယှဉ်တဲ့ အကုသိုလ်တွေ ဝင်လာတဲ့အခါ ကုသိုလ်နဲ့ စပ်ယှဉ်တာတွေ ပြောင်းပြီး နှလုံးသွင်းလိုက်ပါတဲ့။ ပါဠိတော်မှာတော့ ကုသိုလ်နဲ့ စပ်ယှဉ်တာတွေပြောင်းပြီး ဖျောက်ပါလို့ပဲ ဆိုထားပါတယ်။ ဘယ်လို ကုသိုလ်တွေ ဆိုတာတော့ ပြမထားပါဘူး။ ဒါကို အဋ္ဌကထာက ကုသိုလ်နဲ့ စပ်ယှဉ်တာတွေကိုဖွင့်ပြပေးပါတယ်။ ရာဂဖြစ်လာရင် အသုဘဘာဝနာ နှလုံးသွင်းပြီး ဖျောက်ပါတဲ့။ ဒေါသဖြစ်လာရင် မေတ္တာပွါးပြီး ဖျောက်ပါတဲ့။ ဒီကဏ္ဍမှာပဲ မဟာစည်ဆရာတော် ဘုရားကြီးက “ဘယ်ကိလေသာမဆို ဖြစ်ပေါ်လာရင် သမထတစ်ခုခုကို နှလုံးသွင်းပြီးဖျောက်ရပါမယ်”လို့ မိန့်ထားပါတယ်။ ပယ်လည်း ပယ်နိုင်တယ်လို့ ထပ်မိန့်ပါတယ်။
ဒီတော့ ဆရာတော်ဘုရားကြီး မိန့်မှာတာကို အာရုံပြုပြီး အကုသိုလ် ကိလေသာ စိတ်တစ်ခုခု ဝင်လာတဲ့အခါ ကိုယ်အားသန်ရာ သမထကုသိုလ် တစ်ခုခုကို ပွါးပြီး ပယ်လိုက် လို့လည်း ရပါတယ်။ ဥပမာ- အကုသိုလ်စိတ် တစ်ခုခုဝင်လာတာနဲ့ အရဟံဂုဏ်တော် လေးပဲဖြစ်ဖြစ်၊ ပွါးနေလိုက်ရင်လည်း ပျောက်သွားတာများပါတယ်။ ဒါမှမဟုတ် “ ငါသည် မုချဧကန် သေရမည်။ ငါ၏ ရှင်ခြင်းသည် မမြဲ၊ ငါ၏ သေခြင်း သည်မြဲ၏”လို့ မရဏာနုဿတိကို ထပ်ကာ ထပ်ကာ ပွါးနေလိုက်လို့လည်း ရပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် သေခြင်း တရားအကြောင်းကိုတွေးလိုက်ရင် အကုသိုလ်စိတ် ဖြစ်ချင်စရာ မရှိတော့ပါဘူး။
၂။ အပြစ်ကို ဆင်ခြင်ပါ။
..................................
၂။ ကုသိုလ်တရားတွေ နှလုံးသွင်းလို့မှ မပျောက်ရင် အကုသိုလ်ရဲ့အပြစ်ကို ဆင်ခြင်ပြီး ဖျောက်ပါတဲ့။ ရင်ထဲမှာ အကုသိုလ်စိတ် ဖြစ်လာရင် “ဒီအကုသိုလ် တွေဟာ အပါယ်လေးပါးကို ကျသွားနိုင်တယ်၊ စားရမဲ့ သောက်ရမဲ့ ပြိတ္တာလည်း ဖြစ်သွားနိုင်တယ်။ သုဂတိဘဝကိုလည်း မရောက်နိုင်ဘူး။ သံသရာ ခရီးတစ်လျှောက် ဘဝကို ကမောက်ကမ ဖြစ်သွားနိုင်တယ်” စသည်ဖြင့် ဆင်ခြင်ပြီး ဖျောက်ရပါမယ်။ လူတွေဟာ အကုသိုလ်လုပ်ရမှာသာ မကြောက်တာ၊ အကုသိုလ်ရဲ့ အပြစ်ခံရမှာတော့လူတိုင်းကြောက်ကြ ပါတယ်။
အသိတစ်ယောက် ကတော့ ဘုရားရှိခိုးပြီးတိုင်း “ငရဲနှင့်ဆင်းရဲ ကင်းလွတ် ရပါလို၏”လို့ အမြဲ ဆုတောင်း ပါသတဲ့။ ရင်းနှီးနေတာနဲ့စာရေးသူက ပြန်ပြော လိုက်ပါတယ်။ “ညညကျတော့ ခြင်ရိုက်တဲ့ လျှပ်စစ်ဘက်တံကြီး နဲ့ ခြင်တွေ သတ်သတ်နေပြီးတော့ လွတ်ပါလိမ့်မယ် ငရဲနဲ့ ဆင်းရဲ”လို့ ပြောမိပါတယ်။ ငရဲနဲ့ ဆင်းရဲကိုတော့ လူတိုင်းကြောက်ကြပါတယ်။ အထူးသဖြင့် ငရဲကိုတော့ ပိုလို့တောင် ကြောက်ကြ ပါသေးတယ်။ ဒါကြောင့် အကုသိုလ်စိတ်ဖြစ် လာရင် ငရဲကို ဆင်ခြင်လိုက်လို့လည်းရပါတယ်။ ငရဲကိုဆင်ခြင်၊ သံဝေဂဖြစ်ပြီး ဝိပဿနာ ရှုမှတ်လိုက်တာ ရဟန္တာဖြစ်သွားတဲ့ သီဟိုဠ် ဇာတ်လမ်းလေး တစ်ပုဒ်ကို ပြောပြချင်ပါသေးတယ်။
တခါတုန်းက သီဟိုဠ်ကျွန်းမှာ မိလက္ခဆိုတဲ့ မုဆိုးကြီး တစ်ယောက်ရှိပါတယ်။ သူကမိသားစု အတွက်မုဆိုးလုပ်ပြီး ကျွေးပါတယ်။ ဒါတင်မက ပါဘူး တောထဲသွားတဲ့အခါ တောထဲမှာပဲရတဲ့ သားကောင်တွေကို ဖုတ်ကင် စားသောက်လေ့ရှိပါတယ်။
တစ်နေ့တော့ သားကောင်တွေ ဖုတ်ကင်စားသေက်ပြီး ရေဆာလို့အနီးမှာရှိတဲ့ ဘုန်းကြီးကျောင်း ကိုဝင်ပါတယ်။ ရေအိုးကိုဖွင့် လိုက်တော့ ရေက တစ်စက်မှ မရှိပါဘူးတဲ့။ ဒီတော့ မုဆိုးကြီးက ဘာပြောလိုက်သလဲ ဆိုတော့ “ ရဟန်းတွေက ခရီးသွားတွေအတွက် ရေလေးတောင် ထည့်မထားကြဘူး။ ပျင်းလိုက်ကြတာ၊ ဒကာ ဒကာမ လှူတာစားပြီး အိပ်နေကြတာပဲ”လို့ အသံထွက် ကဲ့ရဲ့လိုက်ပါတယ်။ ဒါကို ကျောင်းထိုင် မထေရ်က ကြားပြီး ရေအိုးကို ဖွင့်ကြည့်လိုက်တော့ ရေအိုးထဲမှာ ရေတွေ အပြည့် ရှိနေပါသတဲ့။ မထေရ်က “အင်း… လူစင်စစ်က ပြိတ္တာ ဖြစ်နေပြီ” ဆိုပြီး ရေကို ကိုယ်တိုင် တိုက်ပေး ပါတယ်။
အကုသိုလ်ကံတွေဟာ သိပ်ကြောက်ဖို့ ကောင်းပါတယ်။ တစ်ဆင့်ကြားဖူးတာပါ။ တစ်ခါတုန်းက အင်းသူကြီး တစ်ယောက် ရန်ကုန်မြို့ကို လာရင်း ရွှေတိဂုံစေတီကိုတက်ဖူးပါသတဲ့။ ဒါပေမယ့် ရင်ပြင်ပေါ်ရောက်တော့ ရွှေတိဂုံကို မမြင်ရပါဘူးတဲ့။ ဒီတော့ အင်းသူကြီးက နယ်ပြန်ရောက်တဲ့ အခါ ချောင်းထဲက သူ့အင်းတိုင် တွေကို “ဒီ အင်းတိုင်တွေက ငါတို့ မိသားစုကို ထမင်းကျွေးတာပဲ”ဆိုပြီး အင်းတိုင်တွေကိုရွှေချထားပါသတဲ့။ အကုသိုလ်ကံတွေ သိပ်များလာရင် သဘာဝတရား တွေက ပုံမှန်အတိုင်း ဖြစ်နေပေမယ့် သူတို့အတွက်တော့ပြောင်းပြန် ဖြစ်ချင်ဖြစ်နေ တတ်ပါတယ်။ အပြင်မှာ ဘယ်လောက်ပဲ အေးနေအေးနေ သူတို့အတွက် ပူချင်ပူနေတာပါ။မိတ်ကောင်းဆွေကောင်း တွေက တရားစကားတွေနဲ့ ဘယ်လောက်ပဲဖေးမ ဖေးမ၊ မတရားစကားလို့ပဲ ထင်နေတော့တာပါ။ ဘယ်သူ့ ကိုမှလည်း အကောင်းမမြင် တော့ပါဘူး။ ကိုယ့်မှာ တရားနဲ့ဖေးမ ပေးတဲ့ မိတ်ကောင်းဆွေကောင်း လည်း သိပ်လိုအပ်ပါတယ်။ မိတ်ကောင်း ဆွေကောင်းဆိုတာ ငွေထက်တန်ဖိုးရှိပါတယ်။ အချိန်မီသိပြီး အချိန်မီကုစားနိုင်ဖို့ သိပ်အရေးကြီးပါတယ်။ အကုသိုလ်နွံနစ်သွားရင် ကယ်ဖို့ခက်သွားပါပြီ။ ဘေးကနေ ဒီအတိုင်း ထိုင်ကြည့်နေရတော့တာပါ။
ကျောင်းထိုင်မထေရ်က မုဆိုးကြီးကို ရေတိုက်ပြီး “ဒကာ… သင်လုပ်ထားတဲ့ အကုသိုလ်ကြီးက ကြောက်စရာကြီး၊ သင်လူစင်စစ်က ပြိတ္တာဖြစ်နေပြီ ကိုယ့်ဟာကိုယ် စဉ်းစားပေတော့”လို့ မိန့်ပါတယ်။ မုဆိုးကြီးလည်း ကြောက်လန့်သွားပြီး တောထဲမှာ ထောင်ထားတဲ့ ကျော့ကွင်းတွေကို ဖျက်ဆီး ပစ်လိုက်ပါတယ်။ အိမ်ပြန်ရောက်တဲ့ အခါမှာလည်း မိထား လှောင်ထားတဲ့ သားကောင်တွေကို ပြန်လွှတ် ပေးလိုက်ပါတယ်။ ပြီးတော့ မိသားစုထံ ရဟန်းဝတ်ဖို့ ခွင့်ပန်ပါတယ်။ ခွင့်ပြုချက်ရတာနဲ့ တရားဟောလိုက်တဲ့ မထေရ်ဆီပြန်လာပြီး ရဟန်းဝတ်လိုက်ပါတယ်။ ရဟန်းဝတ်ပြီး ဝိပဿနာတရားကို ကြိုးကြိုးစားစား အားထုတ် ပါတယ်။ ဒါပေမယ့် တရားထိုင်တဲ့အခါမုဆိုးဘဝက သတ်ခဲ့ဖြတ်ခဲ့တာတွေ အကုန်ပြန်ပေါ်နေလို့ တရားကိုဘယ်လိုမှအားထုတ်လို့ မရဘူးဖြစ်နေ ပါတယ်။ နောက်ဆုံး စိတ်ဓာတ်ကျပြီး လူထွက်တာပဲ ကောင်းပါတယ်ဆိုပြီး မထေရ်ထံ လူပြန်ထွက်ပေးဖို့ ခွင့်တောင်းပါတယ်။ ဒီတော့မထေရ်က မုဆိုးဦးဇင်းကြီးကို ငရဲအကြောင်း ဟောပြပါတယ်။ ပြီးတော့ “သင်လူထွက်ရင် အဲဒီငရဲမှာ ခံရလိမ့်မယ်”လို့ ဟောလိုက်ပါတယ်။
မုဆိုးဦးဇင်းကြီး ကလည်း “အဲဒီငရဲကို ကြည့်လို့ မရဘူးလား”လို့ လျှောက်ပါတယ်။ ကျောင်းထိုင် မထေရ်က “ငရဲတော့ ကြည့်လို့မရဘူး၊ တခြား တစ်နည်း နဲ့ ပြတာပေါ့”ဆိုပြီး ကိုရင်တွေကို သစ်သားထင်းအစိုတွေ အများကြီး ရှားခိုင်းပြီး ကျောက်ဖျာပေါ်မှာ ပုံခိုင်းလိုက်ပါတယ်။ တန်ခိုးနဲ့ ငရဲကနေ မီးပွါးလေး တစ်ခုယူပြီး ထင်းအစိုပုံကြီးပေါ် ပစ်ချလိုက်တာ တစ်ခါတည်းထင်းအစိုပုံကြီး ပြာဖြစ်သွားပါတယ်။ ဒါကို မြင်လိုက်ရတော့ မုဆိုး ဦးဇင်းကြီး ငရဲကို ပိုကြောက်သွားပါတယ်။ လူမထွက်တော့ဘူးဆိုပြီး တရားကို ကြိုးကြိုးစားစား ပြန်အားထုတ် ပါတော့တယ်။ ညပိုင်းမှာ သိပ်အိပ်ငိုက်လာရင် ကောက်ရိုး ကရွတ်ခွေကြီးလုပ်ပြီး အဲဒီ ကောက်ရိုးကရွတ်ခွေကြီးကို ရေစိမ်၊ ရေတွေ တစ်စက်စက်ကျနေတဲ့ ကရွတ်ခွေကြီးကို ခေါင်းပေါ် တင်ထားလိုက်ပါတယ်။ ဒီတော့ အိပ်ချင်စိတ် တွေ ပျောက်သွားပါတယ်။ ဆက်လက်ပြီး အားထုတ်လိုက်တာ ရဟန္တာဖြစ် သွားပါတော့တယ်။ ငရဲကို ဆင်ခြင်လိုက်လို့ ရဟန္တာဖြစ်သွားတာတော့ မဟုတ်ပါဘူး။ “ဝိပဿနာအစ သံဝေဂက” ဆိုတဲ့အတိုင်း ငရဲကို ဆင်ခြင်၊ ဆင်ခြင်မှုကတဆင့်သံဝေဂဖြစ်။ သံဝေဂကို အခြေခံပြီး ဝိပဿနာ ရှုမှတ်လိုက်တာ တရားထူး ရသွားတဲ့ သာဓကတစ်ခုပါ။ ငရဲကို ဆင်ခြင်လိုက်တာနဲ့ သံဝေဂဖြစ်၊ ရဟန္တာတောင် ဖြစ်သွားသေးတာ ဆိုတော့ အကုသိုလ်စိတ် ပျောက်ဖို့လောက်တော့ ကောင်းကောင်းကြီး အကူအညီ ပေးနိုင်ပါတယ်။ ဒီသာဓကကို ထောက်ပြီး အကုသိုလ်စိတ် ဖြစ်လာရင် ငရဲကို ဆင်ခြင်ပြီး ဖျောက်လို့လည်း ရပါတယ်။
၃။ နှလုံးမသွင်းပါနဲ့
............................
နံပါတ်(၃)က အကုသိုလ်အပြစ်ကို ဆင်ခြင်လို့မှ မပျောက်ရင် အဲဒီ အကုသိုလ်စိတ်ကိုနှလုံးမသွင်း ပါနဲ့တဲ့။ နှလုံးမသွင်းပါနဲ့ရဲ့ နောက်မှာ အဋ္ဌကထာက တစ်ခြားအာရုံကိုဖြစ်စေလိုက်ပါတဲ့။ တချို့ အတွေးတွေဟာ တွေးလိုက်ရင် ကုသိုလ်ဖြစ်ပါတယ်။ တချို့ အတွေးတွေ ကျတော့ တွေးလိုက်ရင် အကုသိုလ်ဖြစ်ပါတယ်။ အကုသိုလ် ဖြစ်တဲ့အတွေးကို မှတ်ထားပြီး မတွေးမိအောင်နေရမှာပါ။ နှလုံးမသွင်းပါနဲ့၊ မတွေးပါနဲ့ ဆိုပေမယ့် တွေးချင်တွေးနေမှာပါ။ စိတ်ကိုထိန်းချုပ်ဖို့ သိပ်ခက်ပါတယ်။ ဒီတော့အကုသိုလ်အတွေးကို တခြားအာရုံ တစ်ခုနဲ့ အစားထိုးပေးရမှာပါ။ တချို့ကျတော့လည်း မကျေနပ်တဲ့အာရုံကို သေချာပုံဖေါ် သေချာနှလုံးသွင်းပြီး အကုသိုလ်ဖြစ်နေတာပါ။ နှလုံးသွင်းလေ အကုသိုလ်စိတ် ဖြစ်လေပါပဲ။ နှလုံးမသွင်းရင်အကုသိုလ်စိတ် မဖြစ်ပါဘူး။ ဒီနှလုံးမသွင်းပါနဲ့ ကဏ္ဍကိုအဋ္ဌကထာမှာ အဆင့်ဆင့် အကျယ်ဖွင့်ပြထားတာ အကုသိုလ်စိတ် ပယ်ချင် သူတွေအတွက် သိပ်စိတ်ဝင်စားဖို့ ကောင်းတာပါ။ နှလုံးမသွင်းပါနဲ့တဲ့။ အဲဒီလိုမှမပျောက်ရင် ကမ္မဋ္ဌာန်း အပေါ်ကျေးဇူး များတဲ့ ပါဠိကို အသံခပ်ကျယ်ကျယ်နဲ့ ရွတ်ပစ်လိုက်ပါတဲ့။ ခပ်တိုးတိုးတောင် မဟုတ်ပါဘူး။ အသံကျယ်ကျယ်နဲ့ ရွတ်ရမှာပါ။ ဒါကိုထောက်ပြီး အကုသိုလ်စိတ် ဝင်လာရင် ရထားတဲ့ပါဠိကို လမ်းကိုရှေ့နောက် အပြန်ပြန် လျှောက်ပြီး ရွတ်နေလိုက်ရုံပါပဲ။ ဥပမာ… ဒိဝါတပတိ ဂါထာ ရွတ်နေကျ ဆိုရင်လည်း လမ်းလျှောက်ရင်း အခေါက်တစ်ရာလောက် ရွတ်ပစ်လိုက်ပေါ့။ စာမှာ ပြထားတဲ့အတိုင်းအသံ ကျယ်ကျယ်နဲ့ ရွတ်ပေးရမှာပါ။ အခေါက်တစ်ရာ ပြည့်သွားတဲ့အခါ အကုသိုလ် လည်းပျောက်၊ ကုသိုလ်လည်း ရောက်ပါပဲ။ အကျိုးနှစ်ခုရတော့တာပါ။
အဲဒီလိုမှ မပျောက်ရင် ဘုရားဂုဏ်၊ တရားဂုဏ် အကြောင်းတွေ ရေးထားတဲ့ စာအုပ်တွေ ဖတ်လိုက်ပါတဲ့။ ဆရာတော် အရှင်ဇနကာဘိဝံသရဲ့ “ရတနာ့ဂုဏ်ရည်”၊“ကိုယ်ကျင့်အဘိဓမ္မာ” ၊ ဦဇင်းအရှင် ဆန္ဒာဓိကရဲ့ “လိုတရနှလုံးသား”စသည်ဖြင့် အများကြီးပါပဲ။ စိတ်ကစာထဲ ရောက်သွားတာနဲ့ အကုသိုလ်က ပျောက်သွားတာပါပဲ။ တချို့ဆို စာအုပ်တစ်အုပ်ဖတ်ပြီး ဘဝတစ်ခုလုံး တောင်ပြောင်းသွာ
ဆရာတော်ဘုရားက….
ဆရာတော်ဘုရားက အကုသိုလ်ဖြစ်တာ စိတ်ညစ်စရာ မဟုတ်ပါဘူးတဲ့။ အကုသိုလ်ကို ကိုယ့်ရဲ့ပြိုင်
ဒီတော့ဆရာတော့် သြဝါဒအတိုင်း အကုသိုလ်စိတ် ဝင်လာရင် “ကဲ..ကိုရွှေအကုသ
ဒါကတော့အကုသိုလ်
ဖြစ်ပေါ်လာတဲ့ အကုသိုလ်ကို ပယ်ပစ်ဖို့က သိပ်အရေးကြီးပါတ
ဝိတက္ကသဏ္ဌာန သုတ်ဆိုတာ ကိုယ့်ရင်ထဲကို အကုသိုလ် တရားတွေ ဝင်လာရင် အကြောင်းငါးပါးန
၁။ ကုသိုလ်တရားကို ဆင်ခြင်ပါ။
...............
၁။ ရာဂ ဒေါသ မောဟ နဲ့စပ်ယှဉ်တဲ့ အကုသိုလ်တွေ ဝင်လာတဲ့အခါ ကုသိုလ်နဲ့ စပ်ယှဉ်တာတွေ ပြောင်းပြီး နှလုံးသွင်းလိုက
ဒီတော့ ဆရာတော်ဘုရားကြီ
၂။ အပြစ်ကို ဆင်ခြင်ပါ။
...............
၂။ ကုသိုလ်တရားတွေ နှလုံးသွင်းလို့
အသိတစ်ယောက် ကတော့ ဘုရားရှိခိုးပြီ
တခါတုန်းက သီဟိုဠ်ကျွန်းမှ
တစ်နေ့တော့ သားကောင်တွေ ဖုတ်ကင်စားသေက်ြ
အကုသိုလ်ကံတွေဟာ
ကျောင်းထိုင်မထေ
မုဆိုးဦးဇင်းကြ
၃။ နှလုံးမသွင်းပါန
...............
နံပါတ်(၃)က အကုသိုလ်အပြစ်ကု
အဲဒီလိုမှ မပျောက်ရင် ဘုရားဂုဏ်၊ တရားဂုဏ် အကြောင်းတွေ ရေးထားတဲ့ စာအုပ်တွေ ဖတ်လိုက်ပါတဲ့။ ဆရာတော် အရှင်ဇနကာဘိဝံသရ