Shwe Tun
ပြန်လည်တင်ပြပါသည်။
ယနေ့ အကြိုက်ဆုံးကဗျာ။
ကိုတင်မောင် ၏ ခန္ဓာဉာဏ်ရောက်
နံနက်စောစော သီကုံးခဲ့သော ကဗျာ။
သတိ နှင့် အတူ.........
●●●●●●●●●●
အို သတိ
သင့်ကို ပစ်ပါယ် ထားခြင်းကို
အပြစ်မယူပါနှင့်။
အို သတိ
သင်ကျွန်ုပ် နှင့် အတူရှိနေပါလျက်
သင့်ကို ဂရု မပြုမိသည်ကို
သည်းခံပေးပါ။
အို သတိ
သင်၏ အစွမ်းသတ္တိ
သင်၏ဖန်ဆင်းပေးနိုင်မှုကို
ကျွန်ုပ် ကောင်းကောင်းသိခဲ့ရပါသည်။
အို သတိ
သင်မရှိသည့်အခါ
အလုံးအရင်းနှင့်လာသော
အကုသိုလ်အပေါင်းကြောင့်
ကျွန်ုပ် ဒုက္ခအတိ ရောက်ခဲ့ရပါသည်။
အို သတိ
သင်ရှိနေပါက
အဘယ်သို့သော အကုသိုလ်မျှ
ဝင်ရောက် ရန် မဝံ့ ခဲ့ပါ ။
အို သတိ
ယခုမှစ၍ သင့်ကို ဂရုပြု ပါမည်။
သင့်ကို ကျွန်ုပ် ကိုယ်နှင့်
မခွါထားပါမည်။
မနောအိမ်တွင်
သေချာပြုစုပါမည်။
သင်ထွက်ခွါသွား၍
မရအောင် သင့်အကူအညီနှင့်
ဒါန ခြံတွင် သီလတံတိုင်းကာရံပြီး
ဘာဝနာအိမ်လေးတည်ထားပါမည်။
အို သတိ
သင်နှင့် အတူ
ဘဝဆုံးတိုင်
ယှဉ်တွဲနေထိုင်ပြီး
သံသရာ ခရီး ဆုံးအောင်
လျှောက်လှမ်းပါမည်။
အသင် သတိ ကြည်ဖြူ လက်ခံပေးပါ။....
မောင်တင်မောင် (တောင်ကြီး)
21 - 10 - 2013
5:50 am .
19.10.2013 မှ 23.10.2013 အထိ
ဆရာ ဒေါက်တာစိုးလွင် (မန္တလေး) ၏
တောင်ကြီးမြို့ အထက (၄) တွင် ဓမ္မလမ်း
အခြေခံ ဝိပဿနာသင်တန်း တက်ရောက်ပြီး
(နှစ်ရက်ကြာ သင်ယူပြီး တတိယနေ့မနက်)
"သတိ" ၏ အရေးပါပုံကို ခန္ဓာဉာဏ်ရောက်
သိရှိပြီး ရေးဖွဲ့ပါသည်။
No comments:
Post a Comment