Sunday, 27 July 2014

သဘာဝနည်းကျ အော်ဂဲနစ် စိုက်ပျိုးရေးစနစ်

သဘာဝနည်းကျ အော်ဂဲနစ် စိုက်ပျိုးရေးစနစ်

June 24, 2014 at 3:13pm
အော်ဂဲနစ်စနစ်ဟူသည် သဘာဝပတ်ဝန်းကျင်နှင့် ဆက်နွယ်နေသော စီမံခန့်ခွဲမှုစနစ်တစ်ခုဖြစ်ပြီး၊ ဤစနစ်ဖြင့် ဆောင်ရွက်ခြင်းဖြင့်၊ သဘာဝဂေဟစနစ်ကို ပိုမိုတိုးတက်ကောင်း မွန်စေသော ဇီဝမျိုးစိတ်များပွားများစေခြင်း၊ ဇီဝဖြစ်စဉ်ရှင်သန် စေခြင်းနှင့် မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိ၊ ဓာတ်ဂုဏ်သတ္တိများ ပိုမိုမြင့်မားလာစေခြင်း၊ မြေသားနှင့် မြေဆီလွှာကို အမှီ သဟဲပြု၍ အပြန်အလှန်ကောင်းကျိုးပြုစေပြီး၊ လူသားတို့၏ ကျန်းမာရေးအတွက် အထောက်အကူပြုစေမည့် လယ်ယာသီးနှံ စိုက်ပျိုးခြင်းနှင့် အစာအာဟာရထုတ်လုပ်ခြင်းစနစ်များ ကိုပါ ရည်ညွှန်းသည်ကို တွေ့ရသည်။
နိုင်ငံတကာတွင် အော်ဂဲနစ်စနစ် ကျင့်သုံးကြသည်မှာ တစ်နေရာနှင့်တစ်နေရာ မတူကြသော်လည်း ယေဘုယျအားဖြင့် တူညီသောအချက်များ ရှိသည်ကို တွေ့ရသည်။ ၄င်းတို့မှာ ကောင်းမွန်သော မြေဆီလွှာရွေးချယ်ခြင်း၊ ဓာတု ဆေးဝါး လုံးဝအသုံးမပြုခြင်း၊ သဘာဝပစ္စည်းများဖြင့်သာ မြေဆီလွှာကို ထိန်းသိမ်းစောင့် ရှောက်ခြင်း၊ အသုံးပြုသီးနှံမျိုးနှင့် အရည်အသွေးကောင်းမွန်ခြင်း၊ အင်းဆက်ပိုးမွှားများ၊ အပင်ရောဂါများနှင့် ပေါင်းပင်များ နှိမ်နှင်းရာတွင် ဇီဝနည်းပညာဖြင့် ကာကွယ်ထိန်းချုပ်ခြင်း၊ စိုက်ခင်းမြေနေရာ၊ ရေရရှိမှု သိုလှောင်သယ်ယူပို့ဆောင်ရေး နှင့် ဈေးကွက်စသည်တို့ကို စနစ်တကျ သတ်မှတ်ထားခြင်းတို့ပါဝင်သည်။
ပထမအချက်အနေဖြင့် အော်ဂဲနစ်စိုက်ပျိုး ရေးတွင် မြေဆီလွှာနှင့် မြေအမျိုးအစားသည် အရေးကြီးသောအပိုင်းမှ ပါဝင်သည်။ မြေဆီလွှာ ဖွဲ့စည်းမှု (ရုပ်ဂုဏ် သတ္တိ)၊ မြေချဉ် ငန်ဓာတ် (pH)နှင့် အာဟာရဓာတ်ပါဝင်မှု(ဓာတ်ဂုဏ်သတ္တိ) တို့ကို စစ် ဆေးလုပ်ဆောင်ရမည်ဖြစ်သည်။ မြေဆီလွှာတွင် ဖွဲ့စည်းမှုမတူကြသော သဲနုန်းမြေ၊ မြေစေးနုန်းမြေ၊ သဲ မြေဈေးနုန်းမြေဟု တွေ့ရပြီး အပင်များအတွက် မြေသားထူပြီး ရေစိမ့်ဝင်လွယ်သည့် သဲနုန်းမြေနှင့် မြေစေးနုန်းမြေများကို ရွေးချယ် သင့်သည်။ မျှတသည့် ချဉ်ငန်ဓာတ် pH7 ရှိ မြေတွင်အာဟာရဓာတ် ပျော်ဝင်လွယ်စေသည်။ pH များလွန်းလျှင် ကန့်မှုန့်ဖြင့် ထိန်းညှိပေးနိုင်ပြီး pH နည်းလွန်းလျှင် ထုံးထည့်ပေးခြင်းဖြင့် ပြုပြင်နိုင်ပေသည်။
အော်ဂဲနစ်စိုက်ပျိုးရေးတွင် ဓာတုဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ် ဆေး လုံးဝအသုံးမပြုရပါ။ ဓာတုဆေးဝါးများသည် သီးနှံစိုက်တောင်သူများ၏ ကျန်းမာရေးကို ထိခိုက်ရုံသာမက ပတ်ဝန်းကျင် ညစ်ညမ်းမှုကိုပါ ဖြစ်စေသည်။ နောက်ထပ် အကျိုးဆက်အဖြစ် သီးနှံများတွင် ဓာတ်ကြွင်းပါဝင်မှုများကြောင့် လူနှင့် လူ့ပတ်ဝန်းကျင်အတွက် ထိခိုက် မှုဖြစ်စေသဖြင့် အော်ဂဲနစ်စိုက်ပျိုးရေးစနစ်တွင် ဓာတုဆေးဝါးများ လုံးဝအသုံးမပြုရကြောင်း တွေ့ရှိရသည်။
မြေဆီလွှာထိန်းသိမ်းစောင့်ရှောက်ခြင်းသည် အော်ဂဲနစ်စိုက်ပျိုးရေးစနစ်တွင် အဓိကကျပေသည်။ စိုက်ခင်းကြီးများတွင် ကြီးမားသော ထွန်စက်ကြီးများ၊ ရေသွင်း လုပ်ငန်းကြီးများ၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေး သုံးစွဲခြင်းများ၊ သီးနှံတစ်မျိုးတည်း ကို စိုက်ခြင်းတို့သည်လည်း မြေဆီလွှာဖွံ့ဖြိုးတိုးတက်မှု ညံ့ဖျင်းစေသည်။ အထူးသဖြင့် မြေဆီလွှာ ဆားပေါက်ခြင်း၊ တိုက်စားခံရခြင်း၊ ရေဝပ်ခြင်း၊ ရေထုတ်ရန် ခက်ခဲခြင်း၊ မူလမြေဆီညံ့ဖျင်းခြင်း၊ မြေချဉ်ပေါက် ခြင်း၊ မြေဆွေးဓာတ်နည်းခြင်း၊ အစိုဓာတ် မထိန်းနိုင်ခြင်းများ ဖြစ်လေ့ဖြစ်ထ ရှိသည်။ အော်ဂဲနစ်စိုက်ပျိုးရေးတွင် သဘာဝ မြေဩဇာနှင့် ဇီဝမြေဩဇာများအသုံးပြု၍ မြေဆီလွှာထိန်းသိမ်းခြင်းကို ဆောင်ရွက် ကြသည်။
သဘာဝမြေဩဇာမှာ လူတို့စွန့်ပစ်သော အမှိုက်များကို ဆွေးမြေ့စေခြင်း၊ စိုက်ပျိုးသော အပင်၏ ကျန်သောအစိတ်အပိုင်းများကို မြေဩဇာအဖြစ် ပြန်သုံးခြင်း တို့ဖြစ်ပြီး သက်ရှိ များဖြစ်သော အပင်နှင့် တိရိစ္ဆာန်များမှ ထွက်ပေါ်လာသော နွားချေး၊ ကြက်ချေး၊ လင်းနို့ချေး၊ ငှက်ချေး၊ ကောက်ရိုး၊ မြေပဲရိုး၊ ပဲဖတ်၊ နှမ်းဖတ်၊ အရိုးမှုန့် စသည်တို့ကို အသုံးပြုခြင်းတို့ ပါဝင်သည်။ လူတို့၏ အညစ်အကြေး (မိလ္လာ)များဖြင့် သုံးစွဲစိုက်ပျိုးခြင်း မပြုရပါ။
ဇီဝမြေဩဇာမှာ ရေကျောက်ခက်၊ ထရိုင်ခိုဒါးမား(ကပ်ပါးမှို)၊ အီးအမ် (အကျိုးပြု အဏုဇီဝပိုး)၊ ရိုင်ဇိုဘီယမ်(ပဲမြစ်ဖုမြေဩဇာ)၊ မီးဖိုချောင်သုံး စွန့်ပစ်ပစ္စည်းမှ ထွက်ရှိသောအရည်၊ တီကျစ်စာခဲ စသည်တို့ဖြစ်သည်။ အဆိုပါ သဘာဝ မြေဩဇာ နှင့် ဇီဝမြေဩဇာများကို အသုံးပြုခြင်းအားဖြင့်
၁။ စိုက်ပျိုးမြေတွင် စေးသောမြေကိုမွစေပြီး ဖွယ်သောမြေကို စေးစေသည်။
၂။ အစိုဓာတ်နှင့် အပူချိန်ကို ထိန်းညှိပေးစေသည်။
၃။ မြေချဉ်ငန်ဓာတ် (pH) ကို သမမျှတစေသည်။
၎။ မြေဆီလွှာအတွင်း အာဟာရဓာတ်ပျက်စီး ဆုံးရှုံးမှုများကို ထိန်းသိမ်း ကာကွယ်ပေးသည်။
၅။ အဓိက အာဟာရဓာတ် (N,P,K) ပါဝင်ပြီး အပင်ကြီးထွားသန်မာစေ သည်။
၆။ အနည်းလို အာဟာရဓာတ် များကိုပါ ဖြည့်တင်းပေးနိုင်ပြီး အထွက် နှုန်း ကောင်းလာစေသည်။
၇။ မြေဆီလွှာမှ အာဟာရဓာတ် စုပ်ယူမှုအားကောင်းပြီး အသီးအရွက် ကြီးထွားအောင် မြင်စေသည်။
အော်ဂဲနစ်စိုက်ပျိုးရေးတွင် သီးနှံမျိုးနှင့် အရည်အသွေးသည်လည်း အရေးကြီးပေသည်။ ပိုးမွှားရောဂါခံ နိုင်ရည်ရှိသော မျိုးကောင်းများရွေးချယ်သင့်ပြီး (၃) နှစ်ကျော် လွန်သော မျိုးများ ပြန်သုံးခြင်း၊ ခေတ်မီနည်းအရ မျိုးရိုးဗီဇ ပြုပြင်ပြောင်းလဲထားသော စပ်မျိုးများ အသုံးမပြုရပါ။ သီးနှံတစ်မျိုးတည်းကို ထပ်တလဲလဲစိုက်ပျိုးခြင်း မလုပ်ဘဲ၊ အလှည့်ကျ သီးညှပ်၊ သီးလှည့် စိုက်ပျိုး ခြင်းပြုလုပ်ရမည်ဖြစ်သည်။
အော်ဂဲနစ်စိုက်ပျိုးရေး၌ အင်းဆက်ပိုးမွှားများ၊ အပင်ရောဂါများ၊ ပေါင်းပင်များ နှိမ်နှင်းရာတွင် ဇီဝ နည်းပညာဖြင့် ကာကွယ်ထိန်းချုပ်ခြင်း ပြုလုပ်သည်ကို တွေ့ရသည်။ အင်း ဆက်ပိုးမွှားများ နှိမ်နှင်းရာတွင် စိုက်နည်းစနစ်ပြောင်းခြင်း၊ မြေပြင်ခြင်း အဆင့်၌ ထယ်ထိုးထွန်မွှေခြင်း၊ မြေ လှပ်ထားခြင်း၊ အပင် အကြွင်းအကျန်များ မဖျက်ဆီးခြင်း (မီးမရှို့ခြင်း) သီးလှည့် စိုက်ခြင်း၊ သီးရောစိုက်ပျိုး ခြင်း၊ ထောင်ချောက်ပင်များ စိုက်ပျိုး ခြင်းတို့အပြင် အပင်သန် စွမ်းအား ကောင်းစေမည့် အာဟာရဓာတ် ဖြည့်တင်းခြင်းတို့ကိုလည်း လုပ်ဆောင်ရန် လိုသည်။ အပင်၏ ပတ်ဝန်းကျင်ကို ပြုပြင်ခြင်းအဆင့်၌ လက်ဖြင့် ပိုးကို ကောက်ယူဖျက်ဆီးခြင်း၊ မီးထောင် ချောက်များ အသုံးပြုခြင်း၊ သဲအုပ်ခြင်း၊ မြေကို အတန်ကြာ ရေလွှမ်းစေခြင်း၊ အပင်သို့ ရေအရှိန်ပြင်းစွာ လောင်း ခြင်း၊ အလူမီနီယံ ရောင်ပြန်များ ဖုံးအုပ် ခြင်း၊ ပိုက်ကြဲဖြင့် အုပ်ခြင်းစသည် တို့ပါဝင်သည်။ ပိုးမွှားဒဏ် ခံနိုင်ရည် ရှိသော မျိုးများ စိုက်ပျိုးခြင်း၌ အရွက် တွင် အမွှေးထူသော ပဲပင်မျိုး၊ နေရောင်မလာမီပန်းပွင့်သော နှံစား ပြောင်းမျိုး၊ ပင်စည်တောင့်တင်းခိုင်မာ သော စပါးမျိုး၊ အရွက်ထူသော ဂေါ်ဖီထုပ်မျိုး၊ အသားဓာတ် ပါဝင်မှုများ ပြီး သကြားဓာတ်ပါဝင်မှုနည်းသော ပန်း ဂေါ်ဖီမျိုး စသည်တို့ကို ရွေးချယ် စိုက်ပျိုးသင့်သည်။
ဖျက်ပိုးမွှားများ တိုက်ဖျက်ရေး အဆင့်တွင် သားရဲကောင်များ၊ နကျယ်ကောင်များ လွှတ်ပေးတိုက်ခိုက် ခြင်းအဆင့်၌ ဖားပြုတ်၊ ငှက်၊ အင်း ဆက်စား ပိုးကောင်(ပင့်ကူ) လိပ်ခုံး ကျိုင်း၊ အစိမ်းရောင် ဇာတောင်ပိုး၊ ဓားပြယင် ဓားခုတ်ကောင်၊ သေးငယ် သော နကျယ်ကောင်များကို အသုံးပြုသည်။ ထို့အပြင် သဘာဝ ပိုးသတ် ဆေးများအနေဖြင့် တမာပင်၊ ဆေး ဂန္ဓမာပင်၊ ဆေးရွက်ကြီးပင်၊ ဟုမ်းပင်၊ ပင်စိမ်းရိုင်း၊ မဲရိုင်းပင် အစရှိသည်တို့မှ ထုတ်ယူထားသော ပိုးသတ်ဆေးများ ကို အသုံးပြုနိုင်ကြသည်ကို တွေ့ရ သည်။ ယင်း သဘာဝ ပိုးသတ်ဆေး အသုံးပြုခြင်းဖြင့် လူတို့အား ဆိုးကျိုးဖြစ်စေမှုနည်းခြင်း၊ မြေထဲတွင် လွယ်ကူစွာ ပြိုကွဲနိုင်ခြင်း၊ အပင်နှင့် တိရစ္ဆာန်တို့၏ တစ်ရူးထဲတွင် ဓာတ်ကြွင်းပုံစံမျိုး မကျန်ရှိခြင်း၊ အာနိသင်ကြာရှည်စွာ တည်မြဲမှု မရှိခြင်းတို့ကြောင့် အော်ဂဲနစ်စိုက်ပျိုးရေးတွင် ထိရောက်စွာ အသုံးပြုကြသည်။
အဓိကအပင်ရောဂါများဖြစ်သည့် မှိုရောဂါများ၊ ဘက်တီးရီးယား ရောဂါများ၊ နီမတုတ်ရောဂါများ၊ ဗိုင်းရပ်စ်နှင့် မိုက်ကိုပလာစမာရောဂါများကို သဘာဝ ဆေးဖက်ဝင်အပင်များ အသုံးပြုနှိမ်နှင်း နိုင်သည်။ ဂျင်း၊ ကြက်သွန်ဖြူတို့နှင့် ဖော်စပ်ထားသော ဆေးရည်သည် ပိုးမွှားသာမက၊ ဖားဥမှိုကဲ့သို့ သော အရွက်တွင်ကျသည့် မှိုရောဂါများကို လည်းကောင်း သက်သာ ပျောက်ကင်းစေနိုင်သည်။ လက်ရှိမြန်မာ နိုင်ငံတွင် သုံးနေသော ခိုက်တိုစန်၊ တီကောင် မြေဩဇာအရည်စသည်တို့သည်လည်း အပင်ရောဂါ ကာကွယ်ဆေး အဖြစ် တွေ့ရှိရသည်။ အပင်ရောဂါ ကာကွယ်ရေးတွင်-
(၁) ရောဂါကို အားမပေးနိုင်ရန် ပတ်ဝန်း ကျင်ကို တတ်နိုင်သမျှ ထိန်းချုပ်ခြင်း၊
(၂) မိမိသီးနှံပင်များကို ကျန်းမာသန်စွမ်းစေရန် ပြုစုပျိုးထောင်မှု အပြည့်ပေး ခြင်း၊
(၃) ရောဂါပိုးကို အားမကြီးလာစေရန် ဖိနှိမ်ထားခြင်းကိုလည်း လုပ်ဆောင်ရန် လိုအပ်ပေသည်။
ပေါင်းမြက်ပင်များ နှိမ်နှင်းရာတွင် အပင်ခြေ ရင်းအမြစ်များအား အပင်ဆွေးများဖြင့် ဖုံးအုပ်ပေးခြင်း၊ လက်ဖြင့်ပေါင်းလိုက်ပေးခြင်း၊ မီးရှို့ပေးခြင်း၊ မြက်ပင် ပေါင်းပင်များအား စားတတ်သော တိရစ္ဆာန်များလွှတ်ပေးခြင်း၊ အပင်ရင်းများအား ပလပ်စတစ် (သို့မဟုတ်) ပြုလုပ်စီမံထားသော အအုပ်အဆိုင်းများဖြင့် အုပ်ထားခြင်း၊ စသည်တို့ ဆောင်ရွက်ပေးရ မည်ဖြစ်သည်။
အော်ဂဲနစ်စိုက်ပျိုးမြေများသည် ဓာတုဓာတ် မြေဩဇာနှင့် ဆေးဝါးများကို အနည်းဆုံး(၃)နှစ် မတိုင်မီအထိ သုံးစွဲထားခြင်းမရှိသော မြေများဖြစ်ရန်လိုသည်။ (မှတ်တမ်းများ ထားရှိရန်) ဓာတုပစ္စည်း သုံးစွဲထားသော လယ်ယာမြေများနှင့် နယ်နိမိတ် ဘောင်ခြားကန့်သတ်ထားသော စည်းခြားစိုက်ကွင်း များ ဖြစ်ရန်လိုသည်။ အခြားအခင်းမှ ဆေးကြွင်း အငွေ့ အသက်များ လေထဲကနေ မဝင်အောင် လေကာပင် အမြင့်များ၊ ကြားခံစိုက်ပျိုးထားရန် လိုအပ်ပြီး၊ ကိုယ့်စိုက်ခင်းကမြင့်နေလျှင် ၁၅-ပေ အကျယ်၊ အမြင့်တူနေလျှင် ၃၀-ပေအကျယ်နှင့် ကိုယ့်စိုက်ခင်းက နိမ့်နေလျှင် ၄၅-ပေအကျယ်ကြားခံ ဇုန်ရှိရမည်ဖြစ်သည်။ ယင်းကြားခံ ဇုန်များတွင် သင့်တော်ရာ သီးနှံတစ်မျိုးမျိုးကို စိုက်ပျိုးနိုင်သည်။ ၄င်းအပြင် ဓာတုစွန့်ပစ် ပစ္စည်းနှင့် စွန့်ပစ်ရည်များ ထွက်ရှိနိုင်သော စက်ရုံအလုပ်ရုံများနှင့်လည်း ဝေးကွာရန်လိုသလို၊ သန့်ရှင်းသော ရေအရင်းအမြစ်ရရှိရန်လည်း အရေးကြီးပေသည်။ တိရစ္ဆာန်များကို စားကျက်မြက်ခင်းများတွင် လွှတ်၍ ကျောင်းခြင်း၊ ကောက်ရိုးမြက်ခြောက်တို့ကို ရောနှော ကျွေးမွေးခြင်းကို အလှည့်ကျ အသုံးပြုခြင်းဖြင့် တိရစ္ဆာန်များ သက်သောင့် သက်သာ ဖြစ်စေမှုနှင့် ကျန်းမာရေး စောင့်ရှောက်နိုင်မှုကိုပါ ဖြစ်စေသည်။
ထို့ပြင် ရိတ်သိမ်း၊ ခြွှေလှေ့၊ သိုလှောင်၊ ထုပ်ပိုး၊ သယ်ပို့ ရောင်းချသည့် အဆင့်တိုင်းတွင် သန့်ရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်အောင်လည်း ဆောင်ရွက်ရန် လိုသည်။ အော်ဂဲနစ် စိုက်ပျိုးထုတ်လုပ်သူသည် သဘာဝနှုန်းစံ ဥပဒေများနှင့်အညီတိကျစွာ လိုက်နာမှု ရှိ မရှိကို သက်ဆိုင်ရာ အစိုးရအသိအမှတ်ပြု လက်မှတ်ထုတ် ပေးရေး အရာရှိများက သွားရောက် စစ်ဆေးမှုကို ခံယူကြရမည်လည်းဖြစ်သည်။ အော်ဂဲနစ်စိုက်ပျိုးထုတ်လုပ်ရေးအဖွဲ့၊ ကုမ္ပဏီများသည် အော်ဂဲနစ်အသိ အမှတ် ပြုလက်မှတ်လက်ခံ ရရှိရေးနှင့် ဈေးကွက်တွင် “အော်ဂဲနစ်” စာတမ်းပါ စားသောက် ကုန်ပစ္စည်းများ တရားဝင်ရောင်းချနိုင်ရေးတို့ကိုပါ ဒေသဆိုင်ရာ အော်ဂဲနစ် အဖွဲ့အစည်းများ၏ သတ်မှတ်ချက်၊ နှုန်းစံများ၊ နည်းဥပဒေများအတိုင်း လိုက်နာ ဆောင်ရွက်ကြခြင်းဖြင့် စနစ်ကျသော သဘာဝကျသော အော်ဂဲနစ်စိုက်ပျိုးရေး စနစ်ကို ဖော်ဆောင် နိုင်ကြကြောင်း တင်ပြလိုက်ပါသည်။

ဝင်းနိုင်ဦး (ဒဿ     နိက)

Source:  http://agrotechni-pedia.com

No comments:

Post a Comment