'ကြယ်ပဲ' စီးပွားဖြစ် စမ်းသပ် စိုက်ပျိုးနေသော ရွှေရောင်လွင်ပြင်မှ ဆရာ ဦးထွန်းညွန့်နှင့် တွေ့ဆုံခြင်း
မကွေးတိုင်း ဒေသကြီး၌ ကြယ်ပဲကို စီးပွားဖြစ် စိုက်ပျိုးကာ အောင်မြင် ဖြစ်ထွန်းနေသည့် ရွှေရောင်လွင်ပြင်မှ ဦးထွန်းညွန့်အား ကြယ်ပဲအကြောင်းယခုလို အသေးစိတ် တွေ့ဆုံ မေးမြန်းခြင်းများ ပြုလုပ်ခဲ့သည် . . .
**ကြယ်ပဲ မျိုးစေ့က ဘယ်ကနေပြီး အခြေပြု လာတာလဲ။
- ဒီကြယ်ပဲမျိုးစေ့ကို ကျွန်တော်တို့ မြန်မာနိုင်ငံကို လက်ရှိ သယ်ဆောင်လာတာ ကတော့ ထိုင်းနိုင်ငံကပါ။ ဒါကြောင့် ပြောရရင် ထိုင်းနိုင်ငံက အခြေပြုပြီး လာတာ ဖြစ်ပါတယ်။ တကယ် ဇာတိမြေကတော့ တောင်အ မေရိကတိုက် ပီရူးနိုင်ငံ အမေဇုန် ဒေသက ဖြစ်ပါတယ်။
**ဒီကြယ်ပဲမျိုးစေ့ကို အခု ဘယ်နိုင်ငံတွေမှာ အဓိက စိုက်ပျိုးပြီး ဘယ်နေရာတွေကို ပို့ဆောင် နေပါသလဲ။ ဘာ အမျိုးအစားမျိုးလဲ။
- ဒီပဲကို ထိုင်းနှင့် ကမ္ဘောဒီးယား နိုင်ငံတွေမှာ အခု စီးပွားဖြစ် စိုက်ပျိုး နေကြတာပါ။ စိုက်ပျိုးနေတဲ့ သက်တမ်း ကလည်း ကြာမြင့် နေပါပြီ။ ကျွန်တော်တို့ဆီ ကိုတော့ အခု ၂ဝ၁၄ ခုနှစ်မှ စတင် ရောက်ရှိလာတာပါ။ ပြီးတော့ ဒီပဲကို ထိုင်းနှင့် ကမ္ဘောဒီးယား နိုင်ငံက စိုက်ပျိုးပြီး သူတို့ကိုယ်တိုင်တော့ မသုံးနိုင်ကြပါဘူး။ နိုင်ငံတကာ ကိုတော့ ပြည်ပပို့ကုန်ပဲ အဖြစ်နဲ့ ပို့ဆောင်နေတာပါ။ အမျိုးအစားကတော့ အော်ဂဲနစ် အမျိုးအစားပါ။
** ဒီကြယ်ပဲရဲ့ သက်တမ်းက ဘယ်လောက် ရှိပါသလဲ။
- ဒီပဲ သက်တမ်းကတော့ ယေဘုယျအားဖြင့် နှစ် ၃ဝ ကနေ နှစ် ၅ဝ အထိ ရှိပါတယ်။ ဒါပေမဲ့ ရေခံ၊ မြေခံနဲ့ ကိုယ့်ရဲ့ အပင်အပေါ် ဂရုစိုက်မှုကိုတော့ မူတည်ပါတယ်။
** ကြယ်ပဲကို ဘယ်လို စိုက်ပျိုး ရပါသလဲ။
- ကြယ်ပဲကို မျိုးစေ့ ပျိုးထောင်ပြီး မျိုးသက် ၄၅ ရက်မှာ မြေချ စိုက်ပျိုးနိုင်ပါတယ်။ တစ်ပင်နှင့် တစ်ပင် ကိုးပေ ကွာစေပြီး တစ်လိုင်းနှင့် တစ်လိုင်း ကိုးပေကွာ တိုင်ထောင် စင်ထိုး ပေးရပါတယ်။ ကြယ်ပဲက ကြားညှပ် စိုက်ရင်လည်း အဆင်ပြေတဲ့ ပဲ အမျိုးအစားပါ။ သူက အမြဲတမ်းလည်း စိမ်းစို နေပါတယ်။ ပြီးတော့ သူက အော်ဂဲနစ် အမျိုးအစားဖြစ်လို့ ဓာတုပစ္စည်းတွေတော့ သုံးလို့ မရပါဘူး။ တစ်ဧကမှာ အပင် ၅၂ဝ ဝန်းကျင် စိုက်ပျိုး နိုင်ပါတယ်။
** ကြယ်ပဲကို ဘယ်လို စားသုံးလို့ ရပြီး ဘယ်လို အသုံးဝင်ပါ သလဲ။
- ကြယ်ပဲက နွယ်ပင် အမျိုးအစား ဖြစ်လို့ အရွက်၊ အညွန့်၊ အသီး၊ အစေ့များကို ပုံစံ မျိုးစုံနဲ့ စားသုံးလို့ ရတယ်။ သူက လူ့ခန္ဓာကိုယ်မှာ မရှိမဖြစ် လိုအပ်တဲ့ သက်စောင့်ဓာတ် Omega 3,6,9 နဲ့ ဗီတာမင် A, E ကြွယ်ဝစွာ လည်းပါဝင်တယ်။
** ကြယ်ပဲကို ဘယ်လိုနေရာတွေမှာ အဓိက စိုက်ပျိုးနိုင်သလဲ။ လက်ရှိ မကွေးတိုင်းဒေသကြီးမှာ စိုက်ပျိုးနေတဲ့ အခြေအနေလေးကို သိပါရစေ။
- ကြယ်ပဲက မိုးရေချိန်များတဲ့ ဒေသတွေမှာ ဆိုရင်တော့ ပိုမို ဖြစ်ထွန်း နိုင်ပါတယ်။ ရေတစ်နှစ်ပတ်လုံး ရတယ် ဆိုရင် ကြယ်ပဲဟာ ရာသီတိုင်း စိုက်လို့ရတဲ့ အပင် အမျိုးအစား ဖြစ်ပါတယ်။ ကျွန်တော်တို့ မကွေးတိုင်း ဒေသကြီးဘက်မှာ စိုက်ပျိုးရင်တော့ မြေဆီကောင်းပြီး သွင်းရေ ရရှိတဲ့ နေရာတွေမှာ စိုက်ပျိုး နိုင်ပါတယ်။
** ကြယ်ပဲက တစ်နှစ်ကို ဘယ်နှစ်သီးစားလောက် ရရှိသလဲ။ ဘယ်လို အချိန်မှာစပြီး ခူးဆွတ် နိုင်ပါသလဲ။
- ကြယ်ပဲက တစ်နှစ်ကို ပုံမှန် မြေဆိုရင် နှစ်သီးစားလောက် ရရှိပြီး ရေခံ၊ မြေခံ ကောင်းရင် သုံးသီးစား အထိ ရရှိ နိုင်ပါတယ်။ စိုက်ပျိုးပြီး ခြောက်လမှ ရှစ်လ အကြာမှာ အသီးကို စတင် ခူးဆွတ် နိုင်ပါတယ်။
** အခု မကွေးတိုင်း ဒေသကြီး တောင်တွင်းကြီးမြို့မှာ စတင် စိုက်ပျိုးနေတာ ဘယ်လောက် ကြာပါပြီလဲ။
- ကျွန်တော် စတင် စမ်းသပ် စိုက်ပျိုးနေတာ သုံးလသား ရှိပါပြီ။ ဇွန်လနှင့် ဇူလိုင်လမှာ ဆိုရင်တော့ သေချာ ပြောပြလို့ ရပါပြီ။ စတင် စိုက်ပျိုးတဲ့ အချိန်မှာတော့ အနည်းငယ် ဂရုစိုက်ရ ပါတယ်။ အခုတော့ စမ်းသပ် စိုက်ပျိုးတာ အောင်မြင်ပါတယ်။ ဘယ်လောက်ထွက်မယ် ဆိုတာကတော့ အဲဒီအခါကျမှ သေချာပြောပြလို့ ရပါမယ်။
** ကြယ်ပဲ စိုက်ပျိုးခြင်းရဲ့ အားသာချက်နဲ့ အားနည်းချက်ကို ပြောပြပေးပါ။
- အားသာချက်တွေ ကတော့ ခြောက်လနဲ့ ရှစ်လမှာ အသီး စတင် ခူးဆွတ်လို့ ရတယ်။ ကြားညှပ် စိုက်ပျိုးလို့ရတော့ ကြယ်ပဲ နှစ်ရှည်ပင်ကို စိုက်ပြီးရင် တိုင်ဝမ်သင်္ဘော သုံးနှစ်ခံကို ထည့်စိုက်ပြီး ဈေးကွက်ဝင် သီးနှံ သုံးလခံတွေကိုလည်း ထည့်စိုက်လို့ ရတော့ ဝင်ငွေ အများကြီး ရရှိတာပေါ့။ အားနည်းချက် ကတော့ သူက စစိုက်ရာမှာတော့ ဂရုစိုက်ရပြီး အော်ဂဲနစ်ဖြစ်လို့ ဓာတ်မြေသြဇာ လုံးဝ မသုံးရဘဲ သဘာဝ မြေသြဇာကို သုံးရလို့ အနည်းငယ် အခက်အခဲ ဖြစ်စေတာပဲ ရှိပါတယ်။
** လက်ရှိ ကြယ်ပဲနဲ့ ဘာတွေ ထုတ်လုပ်ပါသလဲ။
- ကြယ်ပဲကနေ လက်ရှိ Product သုံးခုတော့ ထွက်နေပါတယ်။ ဒါတွေကတော့ Star Oil, Protein Powder, Star Tea တို့ ဖြစ်ပါတယ်။
သီရိ
#မြ၀တီနေ့စဉ်... မှ ကူးယူဖော်ပြပါသည်....

မှာယူရရှိနိုင်သောလိပ်စာနှင့်ဈေးနှုန်းကိုph.09400546041သို့ကျေးဇူးပြု၍ဖြေကြားပေးပါခင်ဗျ
ReplyDelete