ကောင်းကင်ပြာကို ဘယ်သူများ ဆေးရောင်ခြယ်
၁၉၉၅
ဒီနေ့ ရထားလမ်းကို ခရီးထွက်ပါမယ်
ပခုက္ကူဆေးရုံကထွက် ရွှေချောင်းရောက်တော့ ရထားရုံးကိုဝင်ပါတယ် သတင်းပို့ပြီး
ထမင်းစရိတ်ငွေဝင်ထုတ်ပါတယ်
တမာတန်းကိုဖြတ် ကြက်ဆူကျင်းဆေးခန်း
မှာ ခဏနားပါတယ် မင်းတိုင်ပင်ရောက်တော့ ထမင်းစားပါတယ်
ကားတစ်စီး ဝန်ထမ်း၇ယောက် ဆေးပုံးတွေ
နဲ့ပါ ခင်အေးကိုဖြတ် ပုံတောင်ထိပ်ရောက်တော့ အမေရေယဉ်
နတ်နန်းကို ဝင်ကန်တော့ပါတယ်
ကျောရောက်တော့ အင်ဂျင်နီယာကို
ဝင်သတင်းပို့ပါတယ် ကျောကနေ
ရထားစီးပြီး ကြက်ရိုး စခန်းမှာ ညအိပ်ပါတယ် ရထားက ထော်လာဂျီ
အင်ဂျင်နဲ့ပါ ညပိုင်း မိုးရွာပြီး ကျောချောင်းရေ တက်လာပါတယ်
မနက် ကြက်ရိုးရွာအထိ ရထားနဲ့ ပို့ပါတယ်
ကြက်ရိုးကနေ ဝါးပင် ရထားဆေးရုံအထိ
၆မိုင်ခြေလျင်ခရီးပါ ဆေးပုံးတွေကို
လူအထမ်းနဲ့သယ်ပါတယ် မိုးရွာနေတော့
ဆေးပုံးမိုးစို ထွက်ကျတဲ့ ဒရစ် ဖန်ပုလင်းတွေ လိုက်ကောက်ရပါတယ်
ကျောချောင်းနံဘေး ရထားလမ်း
အူကြောင်းအတိုင်း လျှောက်ရပါတယ်
ချောင်းတွေက တံတားမခင်းရသေးပါဘူး
အုတ်မြစ်ချထားရုံပဲရှိပါတယ်
ဝါးပင်ရောက်တော့ ခင်မောင်သန့်ဆီက
ဆေးရုံလွှဲပြောင်းယူပါတယ် သူကတော့
ပျော်ရွှင်စွာ ပြန်သွားပါပြီ ငှက်တော လူနာ
များတယ် မဖျားအောင် ဂရုစိုက်လို့
မှာသွားပါတယ် ဆေးရုံကိုကြည့်တော့
အင်ဖက်မိုး ဝါးကပ်ကာ မြေစိုက်တဲကြီးပါ
လူနာ၅၀ကျော်ပါတယ် ငှက်ဖျား အဆုတ်ရောင် ဝမ်းကိုက် ဝမ်းပျက်
သွေးအားနည်း အာဟာရ ချို့တဲ့ရောဂါတွေပါ ထိခိုက်ဒဏ်ရာ အကျိုးအပဲ့ တွေလည်းအများကြီးပါ
မနက် ၁၀နာရီလောက်ဆို စောင်ထုပ်အထမ်းနဲ့ လူနာတွေလာပါပြီ
လမ်းကြောတစ်လျှောက် လုပ်အားပေး
စခန်းတွေက မိုးအလင်းထွက်လာတဲ့
လူနာတွေပါ ဆေးရုံတင်ရတာများပါတယ်
ငှက်ဖျားထူထပ်ဒေသမို့ ဖျားတာ ၃ရက်
ကျော်ရင် အခြေအနေမကောင်းပါ
တပည့် ဆေးမှူးကတော့ အထမ်းလူနာတွေ
လာရင် "ဘုရားဖူးတွေ လာပြီ
သတိထားပေတော့ဆရာ"လို့ ပြောပါတယ်
ငှက်ဖျားစစ်စရာ ကစ်တွေ မပေါ်သေးပါဘူး
မိုက်ကရိုစကုပ် လည်းမရှိပါဘူး
ငှက်ဖျားဆေးကလည်း ကလိုရိုကွင်း
ပရိုင်မာကွင်း ကွီနင်း ဖင်စီဒါ ပဲရှိပါတယ်
အာတီမီသာ အာတီဆူနှိတ် မက်ဖလိုကွင်း
မရှိပါ ငှက်ဖျားလူနာများလွန်းလို့
ပခုက္ကူဆေးရုံကို အကြောင်းကြားဖို့
ရထားရုံးကို ပြောပါတယ်
ဆက်သွယ်စရာ ရေဒီယို ဖုန်း ပဲရှိပါတယ်
ရာသီဥတုကောင်းမှ စကားပြောလို့ရပါတယ်
မိုးနေ့တိုင်း ရွာလို့ လမ်းပန်းဆက်သွယ်မှု
ပြတ်ကုန်ပါပြီ ကျောချောင်းရေများလို့
ဆင်တောင်ကူးလို့မရပါဘူး ဆေးဝါး
လူအထမ်းနဲ့လာပို့ပေမယ့် လိုချင်တဲ့ဆေးမပါ ပါ ဦးနှောက်ငှက်ဖျားနဲ့
သေဆုံးသူ ပေါ ပါတယ် သေရင်
လူတစ်ယောက်ကို ကျပ်၁၅၀၀၀ရထားက
လျော်ပါတယ် မိုးတွင်းဆိုတော့ စားစရာရှားပါတယ် ဆေးရုံ ဘေးနားက
ဈေးဆိုင်တန်းကနေ ဟင်းဝယ်စားရပါတယ်
ကြက်ဥကြော်နဲ့ လက်ဘက်သုပ်ကပင်တိုင်ပါ
ရထားရုံးက လက်ဆောင်ပေးရင်တော့
တစ်ခါတလေ ကြက်သားဟင်းစားရပါတယ်
တစ်နေ့တော့ လူကြီးခရီးစဉ် ရှိလို့ ရထား
အင်ဂျင်နီယာမှူးကြီး ဆေးရုံကို လာကြည့်ပါတယ် ငှက်ဖျားလူနာ အဖြစ်များလို့ ပခုက္ကူကို အကြောင်းကြား
ပေးဖို့ တင်ပြပါတယ် ပြီးတော့ ဘုန်းကြီး
ကျောင်းသွား ဝါးပင်ဆရာတော်ကို ကန်တော့ပါတယ် ဆရာတော်ကို
သူက "ရထားလမ်းပြီးသွားရင် ဒေသတိုးတက်မှာဖြစ်ကြောင်း
ရထားတဝီဝီနဲ့ သွားလိုရာ အလွယ်တကူရောက်နိုင်ကြောင်း
တိုင်းပြည်ချမ်းသာလာရင် ကျည်ဆန်ရထား
တောင် ပြေးဆွဲနိုင်မှာဖြစ်ကြာင်း"ပြောပါတယ်
ဘုန်းကြီးက သာဓုများစွာခေါ်ပါတယ်
သူပြန်လို့ တပတ်ကြာတဲ့အထိ ဆေးနဲ့အကူအညီ ဘာမှမလာပါ
အကျီတွေလည်း ချောင်းရေနဲ့ ဖွတ်တော့
ဝါကုန်ပါပြီ ရွာခံ လူတွေကတော့
စိတ်ဓာတ်မကျဖို့ ပြောပါတယ် လကုန်တော့
လူစားလာတဲ့ ဆရာဝန် အထက်လယ်ဓမ္မကို
ရောက်ပြီလို့ကြားပါတယ် ကျောချောင်းကို
မကူးနိုင်လို့ ကြက်ရိုးဘက်က လှည့်လာတယ် ပြောပါတယ် လူစားက
ထီးလင်းတိုက်နယ်ဆရာဝန် ကိုမိုးကျော်ပါ
အဲ့တုန်းက ပေါက်နဲ့ ကျောအကြား
ဆရာဝန်၃ယောက်ရှိပါတယ် ဇီးပြား
ဝါးပင်နဲ့ တောပုန်းကြီး စခန်းတွေမှာ ဆရာဝန်တစ်ဦးဆီပါ
အလုပ်လွှဲပြီး ကျောကိုပြန်ပါတယ်
ကျောကနေ စီစဉ်ပေးတဲ့ ကားနဲ့ မုံရွာကိုပြန်
ပါတယ် မိုးညှင်းသမ္ဗုဒေဖူး ပရိမ္မကနေ
မအူကို ဇက်နဲ့ကူး ပခုက္ကူကို ပြန်ပါတယ်
ရောက်ပြီး နောက်နေ့အပြင်းဖျားလို့
ဆေးရုံတက်ရပါတယ် သွေးဖောက်စစ်တော့
ငှက်ဖျားပိုး နှစ်မျိုးတွေ့ပါတယ် လူကနလန်မထူလို့ တပတ်လောက်နေရပါတယ် နေကောင်းတော့ ရထားအင်ဂျင်နီယာတွေက အမြဲလာခေါ်ပါတယ် အဲ့ဒီခေတ်က ဂျီတီအိုင်ဆင်း ရထားအရာရှိက ရေစကြိုမှာ
စားသောက်ဆိုင် ဘီလ်ရှင်းတော့
ငွေမပေးပဲ ဂျစ်ကားသော့ အပြီးပေးတဲ့
ခေတ်ပါ မြို့ပေါ်စားသောက်ဆိုင်
အားလုံးမှာ သူတို့ စာရင်းဖွင့်ထားပါတယ်
စားသောက်ပြီး ကောက်ခြစ်ရုံပါ
ပေါက်အင်းထဲက ကာရာအိုကေ ဆိုင်မှာ
ရထားအဖွဲ့မလာရင် လူမစည်ပါဘူး
ကြားရတဲ့ ရထားလမ်း ပုံပြင်တွေလည်း
အများကြီးပါ မောင်နှမနှစ်ယောက် ရထားလမ်း လုပ်အားပေးလိုက်ပါတယ် ညီမလုပ်သူ ငှက်ဖျားမိပြီး သတိမရပါဘူး
လူအထမ်းနဲ့ ကားလမ်းအရောက်
လူနာသယ်ပါတယ် ဇရပ်မှာ နားတုန်း
မိုးရွာထဲ လူနာသတိလစ်ပါတယ် မေ့မျောပြီး
ခေါ်မရတော့ သေပြီဆိုပြီး မောင်လုပ်သူကဖျာလိပ်နဲ့ထားခဲ့ပါတယ်
အထမ်းသမားလည်းပြေးပါတယ်
မိုးလင်းတော့ ဈေးရောင်းလာတဲ့
ရွာသားတွေက ညည်းသံကြားလို့
အရေးပေါ်ပြုစုပြီး အနီးဆုံး ပုလဲဆေးရုံကို
သစ်ကားကြုံနဲ့ ပို့ပါတယ် ကလေးမအသက်ရှင်ပါတယ်
ွှရွာပြန်ရောက်တော့ သူသေပြီဆိုပြီး သပိတ်
သွတ်ထားပါတယ် ကလေးမ အိမ်မပြန်ပဲ
သီလရှင် တန်းဝတ်ပါတယ် ဘယ်သူတွေ
ဘာဖြစ်ဖြစ် ကျနော့်သူငယ်ချင်း ရထားဝန်ထမ်းတွေကတော့ ပန်းပန်လျက်ပါ
စက်ဘီးစီးတဲ့ ကျနော့်ကို စားသောက်ဆိုင်သွားဖို့ လာခေါ်တဲ့ ဂျီတီအိုင်ဆင်း ရထားအင်ဂျင်နီယာက
ပတ်ဖိုင်ဒါ စီးပါတယ် အဲ့ဒီတုန်းက ဆေးကျောင်းတက်ခဲ့တာ မှားပြီးလားလို့
တွေးမိပါတယ် သူငယ်ချင်းဆရာဝန်တွေဖြစ်တဲ့ မျိုးမင်း
တိုးတိုး ကိုဇော်နိုင်အောင် ခင်မောင်သန့်
သန့်ဇော် အောင်စိုး တို့ကရော ရထားလမ်းကပြန်လာပြီး ဘယ်လိုတွေးမိသလဲ မေးချင်ပါတယ်
အနှစ်၂၀ကြာ ယနေ့အထိ ကျနော်ကတော့
မိုးမိလို့ ဖျားရင် ငှက်ဖျားလားလို့ ထင်နေဆဲပါ ဝါးပင်ဆရာတော်ရော
ရှိသေးလားမသိပါ ရထားလမ်းရှိတဲ့ မြို့တွေ
မှာတာဝန်ကျတိုင်း ရထားသံကြားရင်
ငေးမောမိပါတယ် ကေတီဗွီမှာ မော်ဒယ်မတွေ တွေ့ရင် ရထားက သူငယ်ချင်းတွေကို လွမ်းမိပါတယ် အင်ဂျင်နီယာဘကြီး ဘုန်းကြီးကိုလျောက်ထားတဲ့ ကျည်ဆန်ရထားကိုလည်း စီးချင်ပါသေးတယ် …

No comments:
Post a Comment