Thursday, 29 January 2015

ဖရဲ နှင့် သခွါး

ဖရဲသီးနှင့် သခွားသတိထား

မြန်မာ နိုင်ငံမှ စိုက်ပျိုး ထွက်ရှိသော ဖရဲသီး များကို တရုတ် နိုင်ငံသို့ (ခန့်မှန်း) ၁၉၈၅ ခုနှစ် ၀န်းကျင် တွင် စတင် တင်ပို့ ရောင်းချ
ခဲ့ပြီး တစ်နှစ်ပြီး တစ်နှစ် ပိုမိုတင်ပို့ ရောင်းချ ခဲ့ရာမှ ၂၀၁၃-၁၄ ဖရဲသီး ရာသီတွင် တန်ချိန် ပေါင်း ၄၅၃,၁၉၃ တန် ကား အစီးရေ
၃၀,၆၆၈ စီးထိ တင်ပို့ ရောင်းချ ခဲ့ရပါသည်။

၂၀၁၃-၁၄ ဖရဲ ရာသီတွင် ဖရဲသီးတင် ပို့ရောင်းချ မှုပမာဏ စံချိန်တင် ခဲ့သလို ရောင်းချသည့် ဈေးနှုန်း မှာလည်း တင်ပို့ ရောင်းချ
သည့် သက်တမ်း တစ်လျှောက် စံချိန်တင် ဈေးနှုန်း မြင့်မားစွာ ရရှိခဲ့ ပါသည်။ အစေ့ပါ ဖရဲသီး တစ်ကီလို ခြောက်ယွမ်၊ အစေ့မဲ့
ဖရဲသီး တစ်ကီလို ၇ ဒသမ ၅ ယွမ်ထိ ရရှိခဲ့ပါသည်။ ဖရဲသီး ဖြစ်ထွန်း အောင်မြင် အောင် စိုက်ပျိုး ထုတ်လုပ် တင်ပို့ ရောင်းချနိုင်
ခဲ့သော မြန်မာ ပြည်အနှံ့ အပြားမှ ဖရဲသီး စိုက်တောင်သူ များမှာလည်း မကြုံစဖူး အကျိုးအမြတ် ထူးများ ရရှိ ခဲ့ကြပြီး ဖရဲသီး စိုက်
ပျိုးခြင်း လုပ်ငန်း ကိုလည်း မြန်မာပြည် အနှံ့ လူတန်းစား အလွှာစုံ စိတ်ပါဝင်စား သောလုပ်ငန်း တစ်ခု ဖြစ်လာ ပါသည်။

၂၀၁၃-၁၄ ဖရဲ သီးရာသီ ဖရဲသီး၊ သခွားသီး ဈေးကောင်း ရောင်းရခြင်း၏ အဓိက အကြောင်း အရင်းမှာ ဖိလစ်ပိုင် နိုင်ငံ ကိုဝင်
ရောက် တိုက်ခတ် သွားသည့် အင်အားပြင်း ဟိုက်ရန် မုန်တိုင်း အရှိန်ကြောင့် ဟိုင်နန် ကျွန်းရှိ ဖရဲသီး၊ သခွားသီး ခင်းများ အားလုံး
လောက်နီးနီး ပျက်စီး သွားသည့် အတွက် မြန်မာပြည်မှ ထွက်ရှိသည့် ဖရဲသီး များမှာ တရုတ် နိုင်ငံ၏ ဈေးကွက် ၀ယ်လိုအားကို
မဖြည့် တင်းနိုင် သည့် အနေ အထားသည် အဓိကအကြောင်းအရင်း ဖြစ်ခဲ့ပါသည်။

သခွားသီးလည်း ဖရဲသီး ကဲ့သို့ပင် ၂၀၁၃-၁၄ ရာသီတွင် စံချိန်တင်ဈေးနှုန်း တစ်ကီလို ၁၆ ဒသမ ၅ ယွမ်အထိ ရရှိခဲ့ သည့်အတွက်
ယခု ၂၀၁၄ ခုနှစ်အတွင်းတွင် စက်တင်ဘာလလောက်မှ စတင်ပြီး မြန်မာ နိုင်ငံတစ်နှံ့ တလျားသွားလေရာ ဖရဲသီး၊ သခွားသီးခင်း
များ စိုက်ပျိုးထားသည်ကို မြင်တွေ့ရမည် ဖြစ်ပါသည်။ တရုတ်နိုင်ငံ သို့ တင်ပို့ရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၀ ခုတွင် ဖရဲသီးစိုက်ပျိုးကြပြီး မစိုက်သော ပြည်နယ်နှင့် တိုင်းဒေသကြီးမှာ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် တနင်္သာရီ
တိုင်းဒေသကြီးသာကျန်ပါတော့သည်။

ဖရဲသီးနှင့် သခွားသီးသည် ကုန်စိမ်း သီးနှံမျိုးဖြစ်သည့်အတွက် ၀ယ်လိုအားကရောင်းလိုအားထက်ပိုလျှင် ဈေးတက်ပြီး ရောင်းလို
အားက ၀ယ်လိုအားထက်ပိုပါက ဈေးကျမည်ဖြစ်ပါသည်။ ယခုလက်ရှိ ၂၀၁၄ ခုနှစ် အနေအထားစိုက်ပျိုးကြသော ပမာဏ အရ
ရောင်းလိုအားမှာ ၀ယ်လိုအားထက် ပိုလျှံနေသည့်အတွက် နိုဝင်ဘာလနှင့် ဒီဇင် ဘာလတွင် မြန်မာပြည်မှထွက်ရှိသော ဖရဲ သီး၊ သခွားသီးမှာ ယခင် ၂၀၁၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းများစွာ နိမ့်ကျသည့်အနေအထားနှင့် ကြုံတွေ့နေရပါသည်။ ဈေး
နိမ့်ကျရသည့် တခြားအကြောင်းအရင်းတစ်ခုမှာ အသီး၏ အရည်အသွေးပိုင်းနှင့်လည်း သက်ဆိုင်ပါသည်။ ယခုနှစ် တန်ဆောင်
မုန်းလတွင် မြန်မာပြည်အနှံ့ ရွာသွန်းသော မိုးကြောင့် ဖရဲခင်း၊ သခွားခင်းများစွာပျက်စီးစေပြီး အသီး၏ အရည်အသွေးကို များစွာ
နိမ့်ကျစေပါသည်။

၁၀၅ မိုင်ဈေးကွက်သို့ ရောက်ရှိလာသော ဖရဲသီး၊ သခွားသီးများ၏ ၉၀ ရာခိုင်နှုန်း ကျော်မှ အဝေးတင်ခံသည့် Export အရည်အ
သွေးမမီသည့် အသီးများ ဖြစ်ပြီး ၁၀ ရာခိုင်နှုန်းခန့်သာ အသီးကောင်း အဆင့်မီ အသီးများရှိပါသည်။ ၀ယ်လိုအား ထက် ရောင်း
လိုအား များပြားပြီး အရည် အသွေး နိမ့်ကျသည့်အတွက် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလလယ်ထိ ၁၀၅ မိုင်မှ ဖရဲသီး၊ သခွားသီးရောင်းရ
သောငွေပမာဏမှာ ကားခပေးရန်ပင် မလုံလောက်သော အနေအထားမျိုး တချို့သောသူများ တွေ့ကြုံနေကြရပါသည်။

အသီးများ၏ အရည်အသွေးနိမ့်ကျ ခြင်းမှာ ရာသီဥတုဖောက်ပြန်ဆိုးရွားခြင်း သည် အဓိကကျသော အကြောင်းအရင်း တစ်ခုဟု မှတ်ချက်ချနိုင်သော်လည်း စိုက် ပျိုးသောသူများ၏ လုပ်ဆောင်ချက်သည် လည်း အကြောင်းအရင်းတစ်ခု ဖြစ်ပါ သည်။ ဖရဲသီး၊ သခွားသီးသည် တရုတ်ပြည်က အကန့်အသတ်မရှိ ၀ယ်ယူသော ကုန်စည် မျိုးမဟုတ်ပါ။ စားသောက်ကုန်ဖြစ်သည့် အတွက် စားနိုင်သလောက် ၀ယ်ယူကြမည်ဖြစ်ပြီး စားသုံးနိုင်သော ပမာဏထက် ပိုမို တင်ပို့ရောင်းချပါက ဈေးနှုန်းကျဆင်းသွား သည်မှာ မှန်ကန်သောသဘောတရားဖြစ်ပါသည်။

နိုဝင်ဘာလ၊ ဒီဇင်ဘာလ၊ ဇန်န၀ါရီ လများမှာ တရုတ်နိုင်ငံ၏ ရာသီဥတု အလွန် အေးသောကာလများဖြစ်ပြီး ဖရဲသီး၊ သခွားသီး
များကို အများပြည်သူအားလုံး စားသုံးခြင်းမဟုတ်ဘဲ ဟိုတယ်ကြီးများ၊ စားသောက်ဆိုင်များ၊ အပန်းဖြေ KTV များတွင် သာစား
သုံးခြင်းဖြစ်သည့်အတွက် ဖြုန်းနိုင် သည့် ပမာဏကြီးမားခြင်း မရှိပါ။

မူဆယ် ၁၀၅ မိုင်တွင် လာရောက် ၀ယ်ယူသော တရုတ်နိုင်ငံမှ သခွားသီး၊ ဖရဲသီး ၀ယ်လက်ကုန်သည်များသည် တရုတ်နိုင်ငံ အနှံ့
အပြားမှဖြစ်ပြီး မြန်မာပြည်နှင့်အနီးဆုံး ဈေးကွက်ကြီးဖြစ်သည့် ကူမင်းဈေးကွက် သည်ပင်လျှင် ၁၀၅ မိုင်နှင့် ကီလိုမီတာ ၇၀၀
ကျော် ကွာဝေးပါသည်။ ရန်ကုန်၊ မန္တလေး ခရီးထက် အနည်းငယ်ပိုဝေးပြီး အဝေးဆုံး ဈေးကွက်ဖြစ်သည့် ရှင်းကျန်း ပြည်နယ်နှင့်
ဟေလုံကျန်းပြည်နယ်ဆိုလျှင် ကီလိုမီတာ ၄,၀၀၀ ကျော်ကွာဝေးပါသည်။ ၁၀၅ မိုင်မှ ဆက်လက်တင်ပို့ရသည့် ခရီးမှာ ဝေးကွာ သည့်အတွက် အသီး၏ အရည်အသွေးမှာ အဝေးတင်ခံနိုင်သည့် စံချိန်ပြည့်မီခြင်းမရှိ ဘဲ မာကြောမှုမရှိပါက ရောင်းတန်းဝင် စံချိန်
မမီဘဲ ရွေးချယ်ပယ်ထုတ်ခံရမည်ဖြစ်ပါသည်။

အရည်အသွေး အဆင့်မီအဝေးတင်ခံ ဖရဲသီး၊ သခွားသီးကောင်းများ စိုက်ပျိုးထွက် ရှိနိုင်ရန်အတွက် စိုက်ပျိုးရေး၏ အဓိက ဆောင်
ပုဒ်ဖြစ်သော မြေမှန်၊ မျိုးမှန်၊ စိုက် နည်းမှန်၊ ရာသီမှန်အောင် စိုက်ဆိုသော ဆောင်ပုဒ်ကို လျစ်လျှူရှု မထားရပါ။ မြေ ကောင်းဖို့လို
သလို မျိုးကောင်းဖို့လည်း လို အပ်ပြီး စိုက်ပျိုးနည်းပညာနှင့် သွင်းအားစု များ နည်းမှန်လမ်းမှန်အချိန်မှန် ထည့်သွင်းပြီး မိမိဒေသ
ရာသီဥတုနှင့် ကိုက်ညီနိုင် သည့် ရာသီချိန်မှန်ကို ရွေးချယ်တတ်နိုင်ဖို့သည်လည်း လွန်စွာအရေးကြီးလှပါ သည်။ နိုင်ငံခြားပို့ကုန် စိုက်ပျိုးသီးနှံစိုက်ပျိုး ရေးဖြစ်သည့်အတွက် ဈေးကွက်မှ တောင်း ဆိုလာသော အရည်အသွေးမျိုးရအောင် လိုအပ်သော နည်းပညာ
များ မဖြစ်မနေ လေ့လာဆည်းပူးရပါမည်။ တရုတ်နိုင်ငံ ဈေး ကွက်သည် လွန်ခဲ့သောကာလ၌ ၎င်းင်းတို့၏ ဖရဲသီး၊ သခွားသီး ၀ယ်လိုအားသည် မြန်မာ ပြည်မှထွက်ရှိသော ရောင်းလိုအားပမာဏ ထက်များစွာပိုမိုစဉ်က အရည်အသွေး စိစစ်ခြင်း မပြင်းထန်ခဲ့
သော်လည်း ယခုအခါ တရုတ်နိုင်ငံသည် စီးပွားရေးတွင် ကမ္ဘာ့ အဆင့်နှစ်အထိ ဖွံ့ဖြိုးလာခြင်း၊ မြန်မာပြည် မှ ဖရဲသီး၊ သခွားသီး
ရောင်းလိုအားသည် တစ်ခါတစ်ရံတွင် ၎င်းင်းတို့ ၀ယ်လိုအားထက်များသွားခြင်းကြောင့် အရည်အသွေး ပိုမို စိစစ် လာသည်ကို
တွေ့ရှိရပါသည်။

ဖရဲသီး၊ သခွားသီးများကို သမားရိုးကျ စိုက်ပျိုးပြီး အရည်အသွေးခပ်ညံ့ညံ့ကို ဖြစ် သလို တင်ပို့ရောင်းချသွားမည်ဆိုပါက အကျိုး
အမြတ်ထက် ဆုံးရှုံးမှုနှင့်သာ ကြုံ တွေ့ဖို့များရမည်။ အရည်အသွေးကောင်းကောင်းနှင့် အထွက်နှုန်းကောင်းအောင် စိုက်ပျိုးနိုင်မှ
သာ ဖရဲသီး၊ သခွားသီးစိုက်ပျိုး ထုတ်လုပ် တင်ပို့ရောင်းချခြင်းလုပ်ငန်းမှ အကျိုးအမြတ်ရရှိနိုင်တော့မည့် အနေ အထားမျိုး တစ်နေ့တစ်ခြားပီပြင်စွာ ပြောင်းလဲလာနေသည်ကို ပါဝင်ပတ်သက်နေသူများအားလုံး သတိပြုမိစေရန်အတွက် သတိပေးရေးသား
အပ်ပါသည်။

- ဦးစိုင်းမြင့်ဗိုလ်

Ref; The Farmer Media

No comments:

Post a Comment