Wednesday, 11 March 2015

အိမ် လုပ် ပဲပြား ပဲနို့

အိမ်လုပ် ပဲပြား ပဲနို့ ပဲကြမ်းဖက် Home made Tofu and Soy Milk

အိမ်လုပ် ပဲပြား
အိမ်လုပ် ပဲနို့ရည်








အိမ်လုပ် ပဲကြော်


အ၇င်အပတ်က လုပ်စားပြီး မအားတာနဲ့ မရေးဖြစ်သေးတာ။ အခုလေးတင် အချိန်လုပြီး ရေးလိုက်ရတယ်။ ပဲပိစပ် (Soy Bean) တထုပ်ဝယ်ပြီး အတော်လေး အကျိုးရှိသွားပါသည်။
ပဲပြားအတွက် အဝေးကြီးက တရုတ်ဆိုင်သွားရတဲ့ ဒုက္ခကလည်း လွတ်သွားသလို လတ်လတ်ဆတ်ဆတ်ပဲပြားကိုလည်း စားရတယ်လေ။ အိမ်လေးသောက်ဖို့ အာဟာရပြည့်ဝတဲ့ လတ်ဆတ်တဲ့ ပဲနို့ရည်လည်း ရတယ်။ ကျန်တဲ့ ပဲကြမ်းဖတ် (okara) နဲ့ မတ်ပဲစတိုင် ကြော်စားဖြစ်သေးတယ်။ အဲ့ပဲကိုပဲ သုပ်လည်းစားဖြစ်တယ်။ လုပ်နည်းကလည်း မထင်မှတ်ဘဲ အင်မတန်လွယ်ပါတယ်။

ပဲပိစပ် တထုပ်ဝယ်ပြီး အနည်းဆုံး ရေ ၃နာရီစိမ်ထားပါတယ်။ ကိုယ်က နေ့ခင်းလုပ်တာဆိုတော့လေ။ (တညစိမ် ပြီး ရေခဲသေတ္တာထဲထဲ့ထားလို့လည်းရတယ်)
ပြီးရင် juicer နဲ့ ပဲနည်းနည်းချင်းခွဲထဲ့ ရေမြုပ်အောင်ထဲ့ပြီး ချေပါတယ်။
ပြီးရင် ကျိုမဲ့ အိုးကြီးထဲ ချေထားတဲ့ပဲနဲ့အရည်တွေထဲ့( ရေလိုသေးရင်) ရေ၁၂ခွက်လောက်ထပ်ထဲ့ (အိုးအနေအထားပေါ်ကြည့်ပြီး)။ မီးဖိုပေါ်တင်ပြီး ပွက်အောင်လုပ်ပါမယ်။ အမြုပ်ထပြီး ဝေကျတတ်လို့ အပူချိန်အသင့်အတင့်နဲ့ မွှေပေးနေပါ့မယ်။ မိနစ်၂၀လောက်မွှေပေးပါ့မယ်။

ပြီးရင် ဇကာနဲ့အဖတ်တွေကို ကော်ပြီး ပိတ်ပါးနဲ့စစ်ထားပါ့မယ်။ 
အဖတ်က ပဲကြမ်းဖတ် (okara)ပါ။ 
အရည်ကတော့ ပဲနို့ရည်ပါ။
ကိုယ်လိုချင်သလောက် ပဲနို့ ရည်ယူထားပြီး ကျန်တဲ့ ပဲနို့ကို မီးဖိုပေါ်ပြန်တင်ပြီး အပူပေးပါ။ ကိုယ်ကတော့ အိမ်သောက်ဖို့ ပဲနို့ရည် တအိုး (1 jar) ယူထားလိုက်ပါတယ်။ (ပဲနို့ရည် ချိုချင်ရင်တော့ သကြားထဲ့ပေါ့။ အိမ်သောက်မှာဆိုတော့ ကိုယ်ကတော့ သကြားမထဲ့ပါ)

တဖက်က Epson salt စားပွဲတင် ၂ဇွန်းကို ရေတခွက်ခွဲ (ရေနွေးနွေး) နဲ့ ဖျော်ထားပါ။ (Epson salt အစား ၇၅မီလီလီတာ သံပရာရည် သုံးနိုင်ပါတယ်နော်)။
မီးဖိုပေါ်က ပဲနို့ပွက်ရင် ခုဏက ဖျော်ထားတဲ့ ဆားရည်ကို လောင်းထဲ့ပြီး မီးပိတ်ပါ။ ၁၀မိနစ်လောက်နေရင် ခဲလာပါလိမ့်မယ်။ 
အဲ့ကျ ပိတ်ပါးနဲ့ စစ်ယူပြီး ပဲပြားကို ရေကုန်အောင် ညှစ်၊ ပြီးရင် အလေးတခုခုနဲ့ ဖိထားလိုက်ပါ။ (ကိုယ်ကတော့ အလွယ်တကူတွေ့တဲ့ ၀ိတ်မတဲ့အလေးနဲ့ပဲ ဖိထားလိုက်တယ်။) 
နာရီဝက်လောက်နေရင် အေးပြီး ပဲပြားဖြစ်သွားပါလိမ့်မယ်နော်။ ပဲပြားကို ကြာကြာခံအောင် ရေနွေးနွေးလေးနဲ့ စိမ်ပြီး အခန်းအပူချိန်မှာတင် ထားနိုင်ပါတယ်။

အဲ့ဒီပဲပြားကို ကိုယ်ကတော့ ပဲပင်ပေါက်နဲ့တရက် ကန်စွန်းရွက်နဲ့တရက် ကြော်စားလိုက်ပါတယ်။ ပဲကြမ်းဖက် ကိုကျ ဂျုံမှုန့်(အိမ်မှာ ဆန်မှုန့်ပြတ်သွားလို့)၊ ကောက်ညှင်းမှုန့် (၂:၁)၊ ဆားနည်းနည်း၊ လှီးထားတဲ့ နံနံပင်/ပူစီနံ၊ ဆိုဒါနည်းနည်းတို့နဲ့ မုန့်သားစပ်ပြီး အကွင်းကြော်ပုံ ကြော်စားလိုက်တယ်။ ပဲကြမ်းဖက်က အများကြီးမို့ ပိုတာကို ပလပ်စတစ်နဲ့အုပ်ပြီး ရေခဲသေတ္တာထဲထဲ့ထားပြီး ကြော်ကြော်စားနေလိုက်တယ်။ ၅ရက် ၁ပတ်လောက်တော့ ခံပါတယ်။ ပဲကြော်ချည်းမစားချင်လို့ သုပ်လည်းစား ကောက်ညှင်းပေါင်းနဲ့လည်းစားပေါ့။ ကိုယ်ခံတွင်းတွေ့မဲ့ပုံစံ လုပ်စားဖြစ်ပါတယ်။ 
ငွေကုန်လည်းသက်သာ အချိန်တိုတိုအတွင်း ပဲပြား ပဲနို့၇ည် ပဲကြမ်းဖက်ရတော့ အကျိုးရှိမယ်ထင်လို့ ကိုယ့်ဆိုက်လေးပေါ်မှာရေးတင်ပေးထားပါတယ်နော်။ အင်တာနက်ကနေ ပဲပြားလုပ်နည်းမျိုးစုံဖတ်ပြီး စမ်းသပ်ကြည့်တာပါ။ ပထမဆုံးအကြိမ်ဖြစ်ပေမဲ့ အောင်မြင်လို့ အင်မတန်ဝမ်းသာပါသည်။

သူသူစံ
သြဂုတ် ၂၀၁၄

No comments:

Post a Comment