----------------------------------------------
အမေရိကန် နံမည်ကျော် အဆောက်အဦးများစွာ ကို တွက်ချက်ပေးခဲ့တဲ့ ဝီလျံ ဂျိမ်း လီမဲသျှား (William James LeMessurier) ဟာ ဘွဲ့ကြိုတန်း ကို ဟားဗတ် တက္ကသိုလ် မှာ တက်ခဲ့ပြီး ဘွဲ့လွန် ကို MIT ကနေ ပြီးတဲ့ အမေရိကန် နံမည်ကြီး အဆောက်အဦး ဆိုင်ရာ အင်ဂျင်နီယာ (structural engineer) တယောက်ပါ။
နယူးယောက်မြို့မှာ အမြင့်ဆုံး ၁၀လုံး ထဲက တလုံး ဖြစ်တဲ့ ၅၉ ထပ် အဆောက်အဦးကြီး (CitiCorp Building ) ဆောက်ပြီး ၁ နှစ် အကြာ၊ ၁၉၇၈ ခုမှာ နယူးဂျာစီက ကျောင်းသူလေး တယောက် က လီမဲသျှား ဆီ ဖုန်းဆက်လာခဲ့တယ်။
“သူမရဲ့ ပရော်ဖက်ဆာ အဆိုအရ တိုင်တွေ နေရာ မှားချထားတယ် လို့ ယူဆကြောင်း၊ ဒါကြောင့် အဆောက်အဦး နဲ့ ပတ်သက်တဲ့ အချက်အလက် ထပ်လိုချင်ကြောင်း” ပြောသွားတယ်။
လီမဲသျှား က အဲဒီ အချိန်မှာ အောင်မြင်တဲ့ အဆောက်အဦး ဆောက်လုပ်ရေး အတိုင်ပင်ခံ ကုမ္ပဏီ တခုကို ဦးစီးနေရုံတင် မကဘဲ ကမ္ဘာကျော် ဟားဗတ် တက္ကသိုလ် မှာ structural engineering ဘာသာရပ်ကို သင်ပေးနေတဲ့ ဆရာ တယောက်လဲ ဖြစ်ပါတယ်။
ကျောင်းသူလေး တယောက် ပြောသွားတာ ဆိုပေမဲ့ သူက အမှတ်မဲ့ မထားဘဲ သူ့ရဲ့ တွက်ချက်မှု တွေကို ပြန်စစ် ကြည့်ဖြစ်ခဲ့တဲ့ အခါ အဆောက်အဦး ဘေးတိုက် တည်ငြိမ်မှု ကို ခြိမ်းခြောက်တဲ့ စိုးရိမ်ဖွယ် အမှားတခု ရှိနေတာကို သတိထား မိသွားခဲ့ ပါတယ်။
အဆောက်အဦး ပုံစံက မြေညီထပ်မှာ ဘုရားကျောင်း အတွက် နေရာ ပြန်ပေးရတာကြောင့် တိုင် တွေ အလည်က နေချ၊ ဘေး ၂ ဘက် ကို တောင်ပံလို တိုင်လွတ် cantilever ထုတ်ပေးပြီး အပေါ်က ဝန်တွေကို ထမ်းနိုင်အောင် လုပ်ထားတာပါ။ ဘေးတိုက် တိုက်လာမဲ့ လေတိုက်နှုန်းတွေ အတွက် အတွက် “V” ပုံစံ ထောက်ကျား (bracing) တွေနဲ့ ခုခံထားတာပါ။
စဆောက်ခဲ့စဉ် သတ်မှတ်ထားတဲ့ “နယူးယောက် အဆောက်အဦး ကိုဓ ဥပဒေ” (NY building code) အရ လေတိုက်ရာ လားရာကို အဆောက်အဦး ထောင့်မှန်ကျ တိုက်တယ် လို့ဘဲ ယူဆပြီး ဘေးတိုက် ရပ်တည်နိုင်မှု (lateral stability) ကိုသာ စစ်ရတယ်။
ကျောင်းသူလေး ဖုန်းဆက်လို့ လီမဲသျှား ပြန်စစ်တဲ့ အချိန်မှာ လေတိုက်ရာ လားရာ ကို ထောင့်မှန်ကျတင် မကဘဲ ၄၅ ဒီဂရီ ကနေပါ ထပ်စစ်လိုက်တော့ ထောက်ကျားတွေ (wind bracing) တွေခုခံရမဲ့ တင်းအား (tension) ၄၀% ပိုများနေတာ သိသွားခဲ့တယ်။
တကယ်တမ်း လီမဲသျှား ရဲ့ မူလ ဘေးတိုက် ဝန်အား ခုခံမှု စနစ် ဖြစ်တဲ့ ဂဟေဆက်ထုံး (welded joint) အတိုင်း ဆို ပြသနာ မရှိပါဘူး။
ဒါပေမဲ့ အဆောက်အဦး ဆောက်တဲ့ အချိန်မှာ ကုန်ကျစရိတ် ပိုများတဲ့ ဂဟေဆက်ထုံး (welded joint) အစား ဘို့နတ်သုံး ဆက်ထုံး (bloted joint) ပြောင်းသုံးဖို့ ဆောက်လုပ်ရေး ကုမ္ပဏီက တင်ပြလာတာကို လီမဲသျှား ရဲ့ နယူးယောက်ရုံးခွဲ က ခွင့်ပြုပေးခဲ့တယ်။
ဘို့နတ် အသုံးပြု ဆက်ထုံး (bloted joint) ပြောင်းရာမှာ American Institute of Steel Construction (AISC) က သတ်မှတ်ထားတဲ့ ခံနိုင်ရည် သတ်မှတ်ချက်ထက် လျော့နည်းနေခဲ့တဲ့ အတွက် ဘေးတိုက် လေတိုက်အားကို ခုခံနိုင်မှု အားနည်းနေတယ်။
ရလာဒ်က မူလ design လုပ်တဲ့ နှစ် ၅၀ မှာ အပြင်းဆုံး လာတတ်တဲ့ လေပြင်း မုန်တိုင်း (50 year storm) ထိ မခံနိုင်တော့ဘဲ ၁၆ နှစ် မှာ အပြင်းဆုံး လာတတ်တဲ့ လေပြင်း မုန်တိုင်း (16 year storm) လောက်ဘဲ ခံနိုင်တော့မယ်။
ကမ္ဘာကျော် ဟားဗတ် တက္ကသိုလ် ကျောင်းဆရာ၊ နံမည်ကြီး အဆောက်အဦး အတိုင်ပင်ခံ၊ အဆောက်အဦးကြီး ကလဲ ပြီးနေပြီ။ ဖွင့် ပြောလိုက်ပြန်ရင် လဲ သိက္ခာကျမယ်။ လက်ခံ ဆောင်ရွက်ထားတဲ့ ဒီဇိုင်းကြေး တွေပါ စကားပြော စရာ ဖြစ်လာမယ်။
အဆောက်အဦး ကလဲ ၁၆ နှစ် မှာ အပြင်းဆုံး တခါ လာတတ်တဲ့ လေပြင်း မုန်တိုင်းတွေကို ခံနိုင်သေးတယ် ဆိုပေမဲ့ အဲဒီထက် ပြင်းတဲ့ မုန်တိုင်း ဝင်လာလိုက်မယ် ဆိုရင် အဆောက်အဦး အနေနဲ့ ခံနိုင် မခံနိုင် မသေချာပါဘူး။ အများပြည်သူ အတွက် စိုးရိမ်စရာ တခု ဖြစ်နေပါပြီ။
သူ့ကုမ္ပဏီ ရဲ့ အမှားကို ရှာဖွေတွေ့ရှိတဲ့ လီမဲသျှား အနေနဲ့ လိုက်နာစရာ အင်ဂျင်နီယာ ကျင့်ဝတ်တွေ ဘာတွေ ရှိပါမလဲ။
ကျင့်ဝတ် စည်းမျဉ်း နံပါတ် ၁ အရ အင်ဂျင်နီယာများသည် လုပ်ငန်း လုပ်ဆောင်ရာတွင် အများပြည်သူ လုံခြုံရေး၊ ကျန်းမာရေး ကို အခြား အရာများထက် ပိုမို အရေးတကြီး ဆောင်ရွက်ရန် လိုသည် ဟု ပြဌာန်းထားပါတယ်။
ကျင့်ဝတ် စည်းမျဉ်း နံပါတ် ၁ ၊ အပိုဒ် (က) တွင် အင်ဂျင်နီယာများ အနေဖြင့် လူများစွာ၏ အသက်များ၊ လုံခြုံစိတ်ချရမှုများ၊ ကျန်းမာရေး၊ အများပြည်သူ ကောင်းကျိုးချမ်းသာ သည် အဆောက်အဦး၊ စက်ပစ္စည်း၊ စီမံဆောင်ရွက်မှုများ လုပ်ကိုင်ဆောင်ရွက်သည့် အင်ဂျင်နီယာများ ၏ ချိန်ဆ ဆုံးဖြတ်ချက်များ နှင့် ဆောင်ရွက်ချက်များ အပေါ် များစွာ မူတည်နေကြောင်း သတိပြုရမည် ဟု ဖော်ပြထားပါတယ်။
ကျင့်ဝတ် စည်းမျဉ်း နံပါတ် ၆ အရ အင်ဂျင်နီယာများသည် အင်ဂျင်နီယာ သက်မွေးဝမ်းကျောင်းခြင်း လုပ်ဆောင်ရာတွင် ရိုးသားစွာ၊ ဖြောင့်မတ်စွာ၊ ဂုဏ်သိက္ခာ ရှိစွာ ဆောင်ရွက်ရမည် ဟု ပြဌာန်းထားပါတယ်။
ကျင့်ဝတ် စည်းမျဉ်း နံပါတ် ၆ ၊ အပိုဒ် (က) တွင် အင်ဂျင်နီယာများသည် လိမ်လည်လှည့်ဖျား သော၊ မရိုးသားသော၊ ကျင့်ဝတ် နှင့် မလျော်ညီသော လုပ်ငန်းများ ကို သိလျက်နှင့် လုပ်ဆောင်ခြင်း မပြုရ ဟု ကန့်သတ်ထားပါသေးတယ်။
အင်ဂျင်နီယာ လီမဲသျှား အနေနဲ့ အမှားကို သိသိချင်း ပိုင်ရှင်ကို ဖွင့်ပြောလိုက်ပြီး လိုအပ်တဲ့ ပြင်ဆင်မှုတွေ ပြန်ပြင်ခဲ့တာကြောင့် အခုဆို “အနှစ် ၇၀၀ မှာမှ အပြင်းဆုံး ဝင်တိုက်နိုင်တဲ့ မုန်တိုင်း” (700 year storm) ထိ ခံနိုင်သွားပြီ ဖြစ်ပါတယ်။
၂၀၀၇ ခု ဇွန် ၁၄ နေ့ အသက် ၈၁ နှစ် မှာ ကွယ်လွန်သွားပြီ ဖြစ်ပေမဲ့ လီမဲသျှား ဟာ သူ့ရဲ့ ဂုဏ်သိက္ခာ၊ လုပ်ငန်း ထိခိုက်မှာ ကို မငဲ့ကွက်ဘဲ အမှား အတွက် ရဲရဲဝံ့ဝံ့ ထုတ်ပြောပြီး တာဝန်ယူ သွားခဲ့တဲ့ အတွက် အင်ဂျင်နီယာ နယ်ပယ်မှာ ကျင့်ဝတ် လိုက်နာတဲ့ စံပြ အင်ဂျင်နီယာ တယောက် အဖြစ် ယနေ့ထိ ဂုဏ်ပြုကြနေဆဲပါ။
Ref:
http://www.asce.org/Publications/ASCE-News/2007/07_July/A-Question-of-Ethics/
No comments:
Post a Comment