Wednesday, 8 April 2015

စိုက်ပျိုး စီးပွား

Kaung Myat
April 4 at 4:47pm · 
စိုက်ပျိုး ထုတ်လုပ်သူများ နှင့် စီးပွားရေး အမြင် (၂)

ဒီအကြောင်းအရာကို ဆက်ပြီး မဆွေးနွေးခင်မှာ ကျွန်တော် မေတ္တာရပ်ခံလိုတာက စိုက်ပျိုးထုတ်လုပ်ရာမှာ မြေယာ ပြုပြင်တာကအစ၊ မျိုးစေ့ လိုအပ်မှု၊ လုပ်အားလိုအပ်မှု၊ ရေ လိုအပ်မှု၊ စိုက်ပျိုးနည်း စနစ်များ၊ သွင်းအားစု သုံးစွဲမှု (ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ အားဆေး နဲ့ အခြား)၊ ရိတ်သိမ်းပြီး နောက်ပိုင်း နည်းပညာများ အဆုံး အားလုံး ပြေလည်အောင် ဆောင်ရွက်နိုင်မှသာ အထွက်ကောင်းပါ့မယ်။ အခု ခေါင်းစဉ် အတွက်က စိုက်ပျိုးစီးပွား အမြင်ကို ဦးတည်ပြီး ဆွေးနွေးလိုတာကြောင့် ကျန်တဲ့ အပိုင်းများကို ခဏလောက် မေးမှိန်ထားသလိုတော့ ဖြစ်နေမှာပါ ခင်ဗျား။ ပြီးတော့ သီအိုရီတွေက လက်တွေ့မှာ အသုံးမ၀င်ပါဘူးကွာလို့ စောဒက တက်လိုသူများ ရှိခဲ့ရင်လည်း သီအိုရီဆိုတာက လက်တွေ့မပါပဲနဲ့ လာတဲ့ ရရှိချက်၊ တွေ့ရှိချက် တစ်ခုမဟုတ်ပါ၊ သီအိုရီ နဲ့ လက်တွေ့ဟာ ခွဲထားလို့ မရ ဘဲဥ အစ ရှာမရတဲ့ ဖြစ်စဉ် တစ်ခုသာပါ။ ကျွန်တော် ဆက်လက် ဆွေးနွေးမှာကလည်း သိလွန်း တတ်လွန်းလို့ မဟုတ်ပါ ခင်ဗျား၊ သိထားတဲ့ နည်းနည်းလေးကို ကျွန်တော်ချစ်တဲ့ တောင်သူများ အတွက် လိုအပ်နေတဲ့ ကွက်လပ်လေး တစ်ခုကို တတ်နိုင်တဲ့ ဘက်ကနေ ရသလောက် ဖြည့်ဆည်းပေးနိုင်ဖို့ အားထုတ်ကြည့်မိတာပါ ခင်ဗျား။ (မလိုအပ်ဘူး ဆိုရင်လည်း အချိန်ကုန်၊ လူပင်ပန်းခံပြီး ရေးစရာမလိုတော့ဘူးပေါ့။  ) စာဖတ်သူများလည်း သဘောပေါက် နားလည် ပေးနိုင် လိမ့်မယ်လို့ မျှော်လင့် ပါတယ် ခင်ဗျား။

အပိုင်း (၂) မှာ အဓိက ဆွေးနွေးလိုတာက ကျွန်တော်တို့ တောင်သူများဟာ ထုတ်လုပ်သူလား????? စားသုံးသူလား????? ဆိုတဲ့ ဈေးကွက်တစ်ခုရဲ့ အခြေခံ ကိုပါ ခင်ဗျား။ ဒီအပိုင်းကို ဖတ်ပြီးနောက် တိုးတက် ရနိုင်မယ့် အသိကတော့ (၁) ထုတ်လုပ်သူ (Producer)၊ (၂) စားသုံးသူ (Customer & Consumer) ဆိုတဲ့ အခြေခံ စကားလုံး နှစ်လုံးပါ။ အားလုံးနဲ့ ရင်းနှီးပြီးသား ဆိုတာကို သိပေမယ့်လည်း ပြန်လည် သတိရအောင် ဈေးကွက် တစ်ခုမှာ အရေးပါတဲ့ အခြေခံ စကားလုံး နှစ်လုံးကို ဆွေးနွေးကြည့်ရအောင်ပါ ခင်ဗျား။ ကျွန်တော် ဒီနေရာမှာ သုံးတဲ့ ဆွေးနွေးတယ် ဆိုတဲ့ အသုံးအနှုန်းဟာ နှစ်ဦး နှစ်ဘက် အပြန်အလှန် မေးမြန်း ဖြေဆိုရင်း အဖြေတစ်ခု ရအောင် ထုတ်ယူရတဲ့ အခြေအနေကို ရည်ရွယ်တာကြောင့် မေးခွန်းများကို အသုံးပြုရင်း ဆွေးနွေးကြရအောင်လား ခင်ဗျား။

တောင်သူများနဲ့ တွေ့ဆုံဆွေးနွေးဖို့ အခွင့်ရတိုင်း မေးခွန်း တစ်ခုကို အရင် မေးဖြစ်ပါတယ်။ အခုလည်း မေးခွန်း တစ်ခုနဲ့ စလိုက်ကြရအောင်ပါ။
မေးခွန်း (၁) ကျွန်တော်တို့ တောင်သူများဟာ ထုတ်လုပ်သူလား????? စားသုံးသူလား ?????
အဖြေ (၁) တောင်သူ အများစုက - ကျွန်တော်တို့က ထုတ်လုပ်သူပါ။
မေးခွန်း (၂) ဟုတ်ကဲ့ပါ ခင်ဗျား။ မိမိနေ့စဉ် ဘ၀ အသုံးပြုနေတဲ့ လိုအပ်ချက်တွေထဲက ရာနှုန်း ဘယ်လောက် အထိ ထုတ်လုပ်ပေးနေပါသလဲ ခင်ဗျား။
အဖြေ (၂) ကျွန်တော်တို့က သီးနှံ အရေအတွက် နည်းနည်းပဲ ထုတ်နိုင်တာပါ။ လိုအပ်တာတွေကတော့ အကုန်ဝယ်ရတာပဲလေ။

ဒီတော့ မေးခွန်း (၁) ကို ပြန်သွားရင် ကျွန်တော်တို့ တောင်သူများဟာ ထုတ်လုပ်သူအဖြစ်က ရာနှုန်း နည်းနည်း၊ စားသုံးသူအဖြစ်က ရာနှုန်း ပိုများတာပေါ့။ ကျွန်တော်တို့ တောင်သူများ စိုက်ပျိုးထုတ်လုပ်တာက သီးနှံ ရာသီ အတွင်း ခဏတာပါ။ တစ်နှစ်ပတ်လုံး လိုအပ်တဲ့ အသုံးအဆောင်၊ အိမ်တစ်အိမ်မှာ လိုအပ်တာတွေ အတွက် နေ့စဉ် ၀ယ်ယူနေရတာပါပဲ။ ဥပမာ - စပါးပဲ စိုက်ပျိုး ထုတ်လုပ်တဲ့ တောင်သူတစ်ယောက်က အိမ်မှာ ထမင်းတစ်ပိုင်းဖြစ်လာဖို့ အတွက် ဆန်ကလွဲလို့ အခြား လိုအပ်တဲ့ ဟင်းသီးဟင်းရွက်၊ ကြက်သွန်၊ အာလူး၊ ဟင်းခတ် အမွှေးအကြိုင်၊ အကုန် ၀ယ်ရတာပါပဲ။ အမှန်တကယ်ပြောရရင်တော့ ကျွန်တော်တို့ဟာ စားသုံးသူများပါ။ 

ဒီတော့ စိုက်ပျိုးထုတ်လုပ်နေသူများနဲ့ ဆွေးနွေးလိုတာကတော့ စားသုံးသူများနေရာက ကိုယ်စား ၀င်ပြီး နေကြည့်ကြရအောင်ပါ။ ဒီအချက်ကို ဆွေးနွေးရာမှာ မှတ်မိလွယ်အောင် “ကိုယ်ချင်းစာတရား ထားကြည့်ကြရအောင်” ဆိုတဲ့ အသုံးအနှုန်းလေး သုံးချင်ပါတယ်။ သီးနှံ တစ်ခု စိုက်ပျိုး ထုတ်လုပ်ရာမှာ အရမ်းကို အရေးပါလို့ပါ။ ဘာကြောင့် အရေးကြီးသလဲ ဆိုတော့ လက်ရှိ စိုက်ပျိုးထုတ်လုပ်သူအများစုဟာ စိုက်ပျိုးထုတ်လုပ်ဖို့ကိုပဲ အားသန်ပြီး ဈေးကွက်က ဘယ်လို အချိန်မှာ ဘာတွေ ဘယ်လို အရည်အသွေးနဲ့ ပမာဏဘယ်လောက် လိုအပ်နေတယ်၊ စားသုံးသူများက ဘာတွေ တောင်းဆိုနေတယ် ဆိုတဲ့ အချက်တွေကို လေ့လာ အားထုတ်ရကောင်းမှန်း မသိတော့ တဆင့်ခံ ၀ယ်သူတို့ရဲ့ ပေးတဲ့ဈေး၊ ၀ယ်သူပေးတဲ့ ဈေးကွက် ဖြစ်နေတော့တာပါ။ နောက်တော့ အရှုံးတွေ နဲ့ ထုတ်လုပ်နေကြရပြီး ခွက်ခွက်လန်အောင် ရှုံးရတာမျိုးတွေ ကြုံနေရတာ မဟုတ်လား။ 

လက်ရှိ မြန်မာပြည်ရဲ့ ထုတ်လုပ်ရောင်းချမှု ဈေးကွက်ကလည်း စိုက်ပျိုးထုတ်လုပ်သူများက ဈေးကွက်ထဲအထိ မပါလာတော့ ဈေးကွက် အကြောင်း မသိတော့တာနဲ့ ထုတ်လုပ်ပြီး နောက်ပိုင်း ငါ့နဲ့ မဆိုင်တော့ဘူး ဆိုပြီး ထွက်ကုန်ကို အခြားပစ္စည်းတွေနဲ့ ရောချင်သလိုရော၊ ဒါမဟုတ် မျိုးမတူတာတွေ ရောထည့်၊ ပြီးတော့ အရည်အသွေး မတူတာတွေရောထည့်။ ကြာလာတော့ တဆင့်ခံရောင်းဝယ်သူတွေက သူတို့အတွက် အမြတ် ပမာဏကို အရင်နုတ်၊ ဆုံးရှုံးနိုင်တာတွေကို ဖယ်ပြီးမှ ပေးနိုင်တဲ့ ဈေးကို ပေးဝယ်ကြတော့ ၀ယ်သူပေးတဲ့ ဈေးကွက် ပေါ်လာရော။ ဒီတော့ ဈေးကွက် မကောင်းဘူး အရှုံးပေါ်တယ် ဆိုပြီး တောင်သူများပဲ ခံရပြန်ရော။ စိုက်ပျိုးထုတ်လုပ်သူများက ဈေးကွက် လိုအပ်ချက်၊ စားသုံးသူများရဲ့ လိုအပ်ချက်ကို မသိတာက တစ်ပိုင်း၊ တဆင့်ခံ ရောင်းချသူများကလည်း အမြတ်ပိုမို ရရှိရေး ဆိုတဲ့ အတ္တကို ဦးတည်လိုက်တော့ ဈေးကွက်က ဒီလို ဖြစ်အောင် တဖြည်းဖြည်း ပြောင်းလဲလာတော့တာပါ။ အဲဒါကြောင့် “ကိုယ်ချင်းစာတရား ထားကြည့်ကြရအောင်” ဆိုတဲ့ အသုံးအနှုန်းလေး ထပ်ပြီး သုံးချင်ပါတယ်။

ကိုယ်တိုင်က စားသုံးသူလည်း ဖြစ်နေတော့ ထုတ်ကုန် တစ်ခုကို ထုတ်လုပ်တော့မယ် ဆိုရင် စားသုံးသူ တစ်ဦးရဲ့ အမြင်၊ ကြိုက်နှစ်သက်မှု၊ အရည်အသွေး၊ အရွယ်အစား၊ အရောင်၊ လိုအပ်ချိန်၊ ပမာဏ၊ ပေးလိုတဲ့ ဈေးနှုန်း စတဲ့ အချက်တွေကို ပြန်လည် ဆန်းစစ်ဖို့ လိုပါ့မယ်။ စိုက်ပျိုးထုတ်လုပ်ရေးမှာ လက်တွေ့ ဖြစ်နေတာကတော့ စားသုံးသူများဘက်ကနေ ၀င်ရောက်ခံစားပြီးမကြည့်ဖြစ်တော့ ဈေးကွက် တစ်ခုရဲ့ လိုအပ်ချက်အလျောက် ဖြည့်ပေးနိုင်ဖို့ ထုတ်လုပ်တာမျိုး မဟုတ်တော့ပဲ ထုတ်လုပ်သူတစ်ဦး အနေနဲ့ မိမိ စိုက်လိုတာကိုသာ ဦးတည်ပြီး ထုတ်လုပ်မှုကြောင့် နောက်ဆုံးမှာ မိမိ ထွက်ကုန်ပဲ ဈေးကောင်း မရတော့တာမျိုး ကြုံနေရတာပါ။

လက်ရှိမှာ မြန်မာပြည်မှာ မြင်နေရတဲ့ အလေ့အထ တစ်ခုက ကိုယ်တိုင်သာ ကနဦး မစွန့်စားရဲတာ၊ တစ်ဦးတစ်ယောက် စွန့်စားလုပ်ကိုင်လို့ အောင်မြင်ရင် အားလုံး ၀ိုင်းပြီး စုပုံ ၀င်ရောက် လုပ်ကိုင် ကြတော့တာပါပဲ။ ငါးပွက်ရာ ငါးစာချဖို့ ၀ိုင်းပြီးစောင့်နေကြသလို ဖြစ်နေပါတယ်။ ဥပမာပေးရရင် ကြက်ဆူ ဆိုတော့လည်း လိုက်ပြီးတော့ ကြက်ဆူလိုက်တာပါပဲ၊ ကောင်းတာမကောင်းတာ မသိသေး အဦးဆုံး အမြတ်ထွက်ကုန်တာက မျိုးစေ့ ရောင်းဝယ်သူတွေနဲ့ ပျိုးပင် ထုတ်ရောင်းတဲ့ သူတွေ။ ပြီးတော့ သစ်မွှေးဆိုလည်း လိုက်မွှေးလိုက်တာပဲ၊ ဈေးကွက်က ဘယ်သူ ချုပ်ကိုင်ထားလဲ ဆိုတဲ့ အရင်းအမြစ်ကို မကြည့်တော့ဘူး၊ အမြတ်ထွက်တာက မျိုးစေ့ နဲ့ ပျိုးခင်း သမားများ။ လျှော်ဖြူပင်ဆိုလည်း ဖြူလိုက်ကြတာပါပဲ၊ အခုလည်း ကြယ်ပဲ ဆိုပြီး ပဲနေကြပြန်ပါပြီ။ ကျွန်တော် ဆိုလိုချင်တာက အပြစ်တင် စကားပြောလိုတာ မဟုတ်ပါဘူး၊ (၁) မလုပ်ခင် သေချာ စဉ်းစား၊ (၂) ကနဦး အကွက်ငယ်တွေ စမ်းသပ်စိုက်ပျိုးကြည့်၊ (၃) အဆင်ပြေရင် ထပ်ချဲ့၊ မပြေရင် ရှိတာကို ထိန်းထားပြီး စောင့်ကြည့်။ (၄) ၀ိုင်းဝန်း ပူးပေါင်း အဖြေရှာ ဆိုတဲ့ အဆင့်လိုက် တစ်ဆင့်ချင်း လုပ်နိုင်ကြဖို့ပါ။ အခု ဘယ်မှာလဲ ကြက်ဆူ၊ ဘယ်လိုနေသေးလဲ သစ်မွှေး။ နည်းမှန် လမ်းမှန်နဲ့ သွားစေလိုတဲ့ ဆန္ဒနဲ့ ဆွေးနွေးဖြစ်တာပါ။ ရေရှည်မှာတော့ ကောင်းမွန်တဲ့ စိုက်ပျိုးထုတ်လုပ်ရေး နည်းလမ်းကောင်းတစ်ခုလို့ မမြင်ပါဘူး။ (မြန်မာပြည်ရဲ့ လက်ရှိ အခြေအနေကလည်း ဒီလိုပဲ ဖြစ်ပျက်နေတဲ့ အချိန်ဆိုတော့ ထားပါတော့)။ 

ကျွန်တော့်ရဲ့ ဆရာပါမောက္ခ စကားနဲ့ ဆိုရင် ပြောချင်တာကများနေတော့ လမ်းကြောင်း ပြောင်းသွားပြီ၊ စားသုံးသူ နဲ့ ထုတ်လုပ်သူ အကြောင်း ပြန်ဆွဲခေါ်ရအောင်။  

ဒီတော့ကာ စားသုံးသူများ အကြောင်းကို လေ့လာထားရင် ကျွန်တော်တို့ စိုက်ပျိုးထုတ်လုပ်မယ့် သီးနှံ တစ်ခုရဲ့ ရောင်းချနိုင်မယ့် ပမာဏ၊ ဈေးကွက်က လိုအပ်တဲ့ အရည်အသွေး၊ ရေရှည် အလားအလာ စတဲ့ အချက်အလက်တွေကို ကြည့်ပြီး သီးနှံ တစ်ခုကို ဘယ်အချိန်မှာ ဘယ်လိုဈေးကွက်အတွက် ဘယ်လောက် ပမာဏ ကို ဘယ်လို အရည်အသွေးမျိုးနဲ့ ထုတ်လုပ်ရမလဲ ဆိုတာကို သိလာမှာပါ။ အမှန်တကယ်ကတော့ စားသုံးသူများကို လေ့လာတာဟာ သီးနှံစိုက်ပျိုး ထုတ်လုပ်ရာမှာသာ မဟုတ်ပါဘူး၊ အခြား အရောင်းအ၀ယ် လုပ်ငန်းတွေမှာပါ အရေးပါပြီး စီးပွားရေးအရ သက်ရောက်မှု ရှိတဲ့ လေ့လာမှု တစ်ခုပါ။

မိမိကိုယ်တိုင်လည်း စားသုံးသူများ ဖြစ်ကြောင်း ဆွေးနွေးခဲ့ပြီးပြီ ဆိုတော့ စားသုံးသူများ အကြောင်း လေ့လာရာမှာ ဘယ်ကနေ စရင် ကောင်းမလဲ။ ထုတ်လုပ်သူများဟာ ကိုယ်တိုင်က စားသုံးသူကို တိုက်ရိုက် ရောင်းချသူ ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ရောင်းချမယ့် ဈေးကွက် အတွင်းက စားသုံးသူများရဲ့ အပြုအမူ၊ သဘောသဘာဝကို နားလည်ထားရင် စိုက်ပျိုး ထုတ်လုပ်မှု အတွက် ပြင်ဆင်ရေးဆွဲရာမှာ ပိုပြီး အကျိုးသက်ရောက်မှု ရှိမှာ သေချာပါတယ်။ ကျွန်တော်တို့ သတိချပ်ရမယ့် အချက် တစ်ခုက ကျွန်တော်တို့ ငယ်စဉ်ကလို ထုတ်လုပ်သူဈေးကွက် မဟုတ်တော့ စားသုံးသူ ဈေးကွက်ကို ပြောင်းလဲလာပြီ ဆိုတဲ့ အချက်ပါ။ ဒါကြောင့် စားသုံးသူများရဲ့ သဘောသဘာဝကို လေ့လာဖို့ လိုအပ်တာပါ။ ဒီလို လေ့လာရာမှာ အရေးပါတဲ့ အချက်တွေကတော့ - 

(၁) စားသုံးသူ အမျိုးအစား - မိမိ ပစ္စည်းကို ၀ယ်ယူစားသုံးမယ့် သူက တဆင့်ခံရောင်းချသူလား၊ နောက်ဆုံး စားသုံးသူလား သိထားရပါမယ်။ မိမိထုတ်လုပ်မယ့် ပစ္စည်းကို ဈေးနှုန်းသတ်မှတ်ရာမှာ အဆင်ပြေစေပါတယ်။ ပြီးတော့ စားသုံးသူများဟာ အရည် အသွေးကို ကြိုက်သူလား၊ အရည်အတွက်ကို အားပေးသူလား သိထားသင့် ပါတယ်။ ဒါမှသာ မိမိ ထုတ်လုပ်မယ့် ထွက်ကုန်ရဲ့ အရည်အသွေးကို လိုအပ်ချက်အတိုင်း ထုတ်လုပ် ပေးနိုင်မှာပါ။ 

(၂) စားသုံးသူများရဲ့ ၀င်ငွေ - ရောင်းချမယ့် ဈေးကွက် တစ်ခုမှာ ၀င်ငွေ ပမာဏပေါ် မူတည်ပြီး ရောင်းကုန်ကို ဈေးနှုန်း သတ်မှတ်ရတာပါ။ ဥပမာ - ကလေး မုန့်ဖိုး ၅၀ ပဲ ပေးနိုင်တဲ့ မိသားစု ပမာဏများတဲ့ ရပ်ကွက်က အိမ်ဆိုင် တစ်ဆိုင်မှာ ၂၀၀ တန် မုန့် အတွက် အရောင်းသွက်မှာ မဟုတ်ပါဘူး။ ဒီတော့ ဦးတည် ဈေးကွက်က စားသုံးသူများရဲ့ ၀င်ငွေပမာဏကို သိထားရင် မိမိထုတ်လုပ်ရောင်းချမယ့် ပစ္စည်းကို လိုအပ်သလို အဆင့်ခွဲ နိုင်ရုံမက ထုတ်လုပ်ရောင်းချမယ့် ပမာဏကို ချင့်တွက်လို့ ရပါတယ်။ ၀င်ငွေနည်းတဲ့ ဈေးကွက်က စားသုံးသူ တစ်ဦး အတွက်က ၀င်ငွေ ကန့်သတ်ချက် ရှိတာကြောင့် ပိုက်ဆံ ၁၀၀၀ ပဲ ရှိတယ် ဆန် တစ်ပြည်ဝယ်မှ မိသားစု စားဖို့ လုံလောက်မယ် ဆိုရင် ၁၂၀၀ တန် ဆန်ကို ၀ယ်ချင်ပေမယ့် ရွေးချယ်ခွင့် မရှိပဲ ၁၀၀၀ ကျပ်နဲ့ အောက် အမျိုးအစား ဆန်ကိုသာ ၀ယ်သွားတော့မှာပေါ့။

(၃) စားသုံးသူများရဲ့ ဓလေ့ထုံးစံ - ဦးတည်ရာ ဈေးကွက် တစ်ခုမှာရှိတဲ့ စားသုံးသူများရဲ့ ဓလေ့ထုံးစံကို သိထားရပါ့မယ်။ မိမိပစ္စည်းကို အားပေးမယ့် စားသုံးသူများရဲ့ နေ့ထူးနေ့မြတ်၊ ဘာသာရေး ပွဲလမ်းသဘင်၊ ထုံးစံ၊ အယူအဆများက ထုတ်လုပ်မယ့် ပမာဏလိုအပ်ချက် နဲ့ အရည်အသွေး အတွက် အရေးပါလှပါတယ်။ ဒီအပိုင်းနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ တောင်သူများ သတိရ အတုယူရမှာက စီးပွားရေး လုပ်ငန်းရှင်များရဲ့ အမြင် စူးရှ တောက်ပမှုများပါ။ သင်္ကြန်ကာလကျော်ပြီ ဆိုတာနဲ့ ဗလာစာအုပ်နဲ့ ကျောင်းသုံး ကြော်ငြာတွေ ပလူပျံပါတော့မယ်။ ပြီးတော့ ဆက်လာမှာက မိုးကာ အင်္ကျီတွေ ကြော်ငြာ ဆက်ပါတယ်။ ၀ါ မ၀င်မီ သင်္ကန်း ကြော်ငြာ လာပါလိမ့်မယ်။ နောက်ပြီးတော့ မြေသြဇာ၊ ပိုးသတ်ဆေး ကြော်ငြာတွေ ပိုများလာပါတယ်။ နောက် ကထိန် သင်္ကန်း အတွက် လာပြန်ပါပြီ။ နောက်တော့ ခရစ်စမတ် အတွက် လက်ဆောင်၊ ဆက်လာမှာက ဗယ်လင်တိုင်း အမှတ်တရ……။ ကဲ စားသုံးသူများရဲ့ ရာသီ အလိုက် လိုအပ်ချက်ကို ဘယ်လို ရှာဖွေရမလဲ အားထုတ်ကြည့်ရအောင်ပါ။ နောက်တစ်ချက်က ဦးတည်ရာ ဈေးကွက်ရဲ့ ဘာသာရေး အယူအဆ၊ အမဲသားကိုသာ ၀ယ်ယူတဲ့ ဈေးကွက်မှာ ၀က်သား သွားရောင်းလို့ ဘယ်လိုမှ အဆင်မပြေတာမျိုးပေါ့။  

(၄) စားသုံးသူရဲ့ အသက်အရွယ် - ဈေးကွက် တစ်ခုကို လေ့လာတဲ့ အခါမှာ ထုတ်ကုန် အမျိုးအစား အလိုက် ဦးတည် စားသုံးသူများ အကြောင်း သိထားရပါ့မယ်။ ဒါကြောင့်လည်း ဒေသ တစ်ခုရဲ့ လူဦးရေတိုးပွားနှုန်း၊ ကျား မ အချိုးအစား၊ ၁၈ နှစ် အထက်၊ ၁၈ နှစ်အောက် အောက်၊ ၅ နှစ် အောက် စသဖြင့် သိထားတော့ ဈေးကွက် တစ်ခုရဲ့ လိုအပ်ချက်၊ ဖြုန်းအားကို လွယ်လွယ်ကူကူ တွက်ချက် မှန်းဆပြီး ထုတ်လုပ်နိုင်တာပေါ့။ ကလေးများတဲ့ ရပ်ကွက်တစ်ခုက စတိုးဆိုင် တစ်ဆိုင် ဆိုပါတော့ ကလေးအတွက် အသုံးအဆောင် များများ ပိုတင်မှာပေါ့။ ၁၈ နှစ် အထက် များတဲ့ နေရာမှာ ပိုမိုသင့်တော်တဲ့ အလှကုန် ပစ္စည်းတွေကို သူတို့ရဲ့ ၀င်ငွေပေါ် မူတည်ပြီး ဈေးသင့်တာ တင်မှာပေါ့။ အသက်အရွယ် အလိုက် ကြိုက်နှစ်သက်မှုကို ဦးတည်ဈေးကွက်အလိုက် ခွဲခြားပြီး ထုတ်လုပ်နိုင်အောင် ပြင်ဆင်ရမှာပါ။

(၅) စားသုံးသူများရဲ့ စားသုံးမှု ပုံစံ - ဒေသ တစ်ခု အလိုက် စားသုံးသူများရဲ့ စားသုံးမှု အလေ့အထ မတူပါဘူး။ ဥပမာ - အသားကို ဦးစားပေးတဲ့ ဈေးကွက်၊ အသီးအရွက် အစားများတဲ့ ဈေးကွက်၊ ကျန်းမာရေး အသိပညာများတဲ့ ဒေသဆိုရင်တော့ အော်ဂဲနစ် သီးနှံဈေးကွက် ဆိုပြီးတော့ ကွဲပြားမှု ရှိနိုင်ပါတယ်။ နောက်တစ်ခုက စားသုံးသူများ ကြိုက်တတ်တဲ့ ထုတ်ကုန် အရွယ်အစားကလည်း အရေးပါပါတယ်။ ဥပမာ - သရက်သီးကို ၃၀၀ ဂရမ်ပဲ ကြိုက်တဲ့ ဈေးကွက်မှာ ၃၀၀ ဂရမ် ကိုပဲ ဦးတည်ပြီး ပို့ရမှာပါ။ တစ်ခါစားရင် အ၀စားတတ်တဲ့ မြန်မာ ဓလေ့နဲ့ အလှစားတတ်တဲ့ အခြား ဓလေ့ကို နှိုင်းယှဉ် သိထားရင်လည်း စိုက်ပျိုး ထုတ်လုပ်သူများ အတွက် ပိုမို အဆင်ပြေစေပါတယ်။ ထုတ်ကုန်ရဲ့ အရည်အသွေးအပြင် ထုတ်ပိုးမှု ပုံစံကျတာကိုလည်း အလေးထားတတ်တဲ့ ဈေးကွက် ဆိုရင် တစ်မျိုး ပြင်ဆင်ရမှာပါ။ 

ဒီတော့ စားသုံးသူများရဲ့ လိုအပ်ချက်ကို ကြည့်ပြီး ဘယ်လိုထုတ်ကုန်မျိုးကို ဘယ်လိုနေရာအတွက် ဘယ်လောက် ပမာဏကို ဘယ်လို အရည်အသွေးနဲ့ ထုတ်ဖို့လိုမယ်၊ စတဲ့ ဈေးကွက် လိုအပ်ချက်ကို အမြဲတမ်း ဆန်းစစ်နေပြီး စားသုံးသူ အကြိုက် ထုတ်လုပ်နိုင်ခဲ့ရင် စိုက်ပျိုး ထုတ်လုပ်သူများ အတွက် ကနဦး အစမှာ အမြတ်နည်းပါစေ အရှုံးနည်းတဲ့ ကာလတွေနဲ့ တွေ့လာရမှာပါ။ နောက်ပိုင်းမှာတော့ ဈေးကွက်နဲ့ သေသေချာချာ ချိတ်ဆက်မိလာပြီး ခိုင်မာတဲ့ ထုတ်ကုန်ဈေးကွက် တစ်ခု ဖန်တီး လာနိုင်မှာပါ။

နောက်အပိုင်းများမှာ ရောင်းလိုအား နဲ့ ၀ယ်လိုအား တွက်ချက်မှန်းဆခြင်း၊ ဈေးကွက် ပုံစံပြောင်းလဲလာမှု၊ ဈေးကွက် ရှာဖွေခြင်း စတဲ့ အပိုင်းတွေကို ဆက်လက်ဆွေးနွေးကြရအောင်ပါ ခင်ဗျား။ ကိုးကားစာအုပ်များ မပါလာပေမယ့် အားတဲ့အချိန်လေး ရေးဖြစ်တဲ့ အတွက် လိုအပ်ချက်တွေ ရှိနေမှာပါ။ နောက်ပိုင်းကျရင် ပြန်လည် ပြင်ဆင် လိုက်ပါ့မယ် ခင်ဗျား။ 

မေတ္တာဖြင့်
အောင်ကောင်းမြတ်
၀၄.၀၄.၂၀၁၅

No comments:

Post a Comment