Yangon Health Guide
အော်ဂဲနစ် ... အော်ဂဲနစ် ... အော်ဂဲနစ် !!!
အော်ဂဲနစ်စိုက်ပျိုးရေးစနစ်အကြောင်း
အော်ဂဲနစ်စိုက်ပျိုးရေးစနစ်ရဲ့ အဓိကရည်ရွယ်ချက်ကိုယ်၌က ကျွန်တော်တို့ လူနဲ့ တိရစ္ဆာန်တွေရယ်၊ အပင်တွေရယ်၊ ကမ္ဘာမြေကြီးရယ် သုံးဦးသုံးဖလှယ် အပြန်အလှန် အကျိုးရှိပြီး ရေရှည်တည်တံ့အောင် ထိန်းသိမ်းဆောင်ရွက်ရတဲ့ စနစ်ဖြစ်ပါတယ်။ ဥပမာအားဖြင့် သမရိုးကျ စိုက်ပျိုးနည်းစနစ်မှာ အသုံးပြုတဲ့ ဓာတ်မြေသြဇာ၊ ဓာတုပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးတွေ အသုံးပြုရင် လယ်ယာမြေအထွက်တိုးမယ်၊ သီးနှံတွေပိုထွက်မယ်။ ဒါကြောင့် စိုက်ပျိုးထုတ်လုပ်တဲ့သူတွေတော့ အကျိုးရှိတာ သေချာပါတယ်။ ဒါပေမဲ့ ဒီလိုမျိုး ဓာတုဗေဒပစ္စည်းတွေ ကြာရှည်သုံးထားတဲ့မြေဟာ မြေဆီလွှာတွေ ပျက်စီးကုန်တဲ့အတွက် ကမ္ဘာမြေကြီးကို ထိခိုက်စေပါတယ်။ ဒါ့အပြင် မြေကြီးထဲမှာ မှီတင်းနေထိုင်နေတဲ့ လူကို အကျိုးပြုတဲ့ ဘက်တီးရီးယားတွေကိုလည်း သေကြေပျက်စီးစေပါတယ်။ ဓာတုပိုးသတ်ဆေးတွေသုံးရင် ပတ်ဝန်းကျင်ရဲ့ Eco System ကို ပိုမိုထိခိုက်စေပါတယ်။ အော်ဂဲနစ် စိုက်ပျိုးရေးစနစ်ကို အသုံးပြုတဲ့အတွက် အကျိုးများစေတဲ့ အချက်တွေကတော့ -
(၁) သဘာဝပတ်ဝန်းကျင်
(၂) စိုက်ပျိုးထုတ်လုပ်တဲ့ လယ်သမားနဲ့ သူ့မိသားစုဝင်တွေ
(၃) သီးနှံတွေကိုစားသုံးတဲ့ စားသုံးသူတွေ
(၄) နိုင်ငံတော်
(၅) အနာဂတ်မျိုးဆက်သစ်လူငယ်များ
စသည်ဖြင့် ဘက်စုံဒေါင့်စုံအကျိုးရှိတာကို တွေ့ရှိရပါတယ်။
' သဘာဝပတ်ဝန်းကျင်ကို အကျိုးပြုသော Organic Farming '
အဓိကအချက်အနေနဲ့ Environmental Pollution လို့ခေါ်တဲ့ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကို သက်သာစေပါတယ်။ ဓာတ်မြေသြဇာနဲ့ ဓာတုဗေဒ ပိုးသတ်ဆေးတွေကြောင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုတွေ ဖြစ်ပေါ်စေနိုင်တယ်ဆိုတာ အားလုံးအသိပင်ဖြစ်ပါတယ်။ Organic Farming မှာ ဒါတွေကို အသုံးမပြုတဲ့အတွက် သဘာဝမြေနဲ့ ရေတွေကို ညစ်ညမ်းမှုကနေ ကာကွယ်ပေးနိုင်ခြင်းဖြစ်ပါတယ်။ ဒီပိုးသတ်ဆေးတွေက ရေထဲကိုရောက်ရင် ရေနေသတ္တ၀ါတွေ သေကြေပျက်စီးနိုင်ပါတယ်။
သဘာဝမှာ မှီတင်းနေထိုင်ကြတဲ့ လူကိုအကျိုးပြုတဲ့ အင်းဆက်ပိုးတွေ တိရစ္ဆာန်တွေကို ကာကွယ်ပေးရာလည်း ရောက်ပါတယ်။ ဒါ့အပြင် ဓာတ်မြေသြဇာထုတ်လုပ်ရာမှာ ရေနံဓာတုအခြေခံရတဲ့အတွက် စွမ်းအင်သုံးစွဲမှုတွေရှိသလို စက်ရုံကနေထွက်ရှိတဲ့ Carbon Emission တွေကြောင့် သဘာဝလေထုကို ပျက်စီးစေပါတယ်။ သဘာဝမြေဆွေးနဲ့ သဘာဝမြေသြဇာကိုပြုလုပ်ရာမှာ ဓာတုဗေဒမြေသြဇာလောက် Energy မသုံးရတဲ့အပြင် လေထုညစ်ညမ်းမှုကိုလည်း မဖြစ်ပေါ်စေပါဘူး။ ဓာတ်မြေသြဇာကို ထုတ်လုပ်တဲ့စက်ရုံကနေ သုံးစွဲတဲ့နေရာအထိရောက်ဖို့ ထုတ်ပိုးပစ်္စည်းတွေ အသုံးပြုရပါတယ်။ အဲ့ဒီထုတ်ပိုးပစ္စည်း (Packing Material) တွေက ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ဖြစ်စေနိုင်ပါတယ်။ မိမိခြံမှာ သဘာဝမြေသြဇာပြုလုပ်ရင် ဒီလိုမျိုးညစ်ညမ်းမှုတွေကနေ ကာကွယ်ရာ ရောက်ပါတယ်။ ဓာတ်မြေသြဇာနဲ့ ဓာတုပိုးသတ်ဆေးတွေကို တစ်နေရာကနေ တစ်နေရာပို့ဖို့ (Transportation) အတွက် စွမ်းအင်တွေ အသုံးပြုရပါတယ်။ မိမိခြံမှာ ပြုလုပ်တဲ့အတွက် စွမ်းအင်ချွေတာရာ ကျပြီး သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာလည်း ရောက်ပါတယ်။
' လယ်သမားတွေအတွက် အကျိုးရှိပုံ '
Organic Farming System ကို ပြောင်းလဲအသုံးပြုရင် လယ်သမား တစ်ယောက်ထဲသာမက သူ့မိသားစုတစ်ခုလုံးအတွက်ပါ အကျိုးရှိပါတယ်။ ထင်ရှားတဲ့ဥပမာတွေ အနေနဲ့ကတော့
(၁) ဓာတုဗေဒ ပိုးသတ်ဆေးများနဲ့ ထိတွေ့မှုမရှိတဲ့အတွက် အဲ့ဒီပိုးသတ်ဆေးတွေရဲ့ အန္တရာယ်တွေကနေ ကင်းဝေးစေပါတယ်။ အထူးသဖြင့် အိမ်မှာ ဓာတုပိုးသတ်ဆေး တွေ ထားသိုခဲ့ရင် ကလေးတွေအတွက် အန္တရာယ်အလွန်များပါတယ်။ အမှတ်တမဲ့နဲ့ ကလေးတွေရဲ့ ခန္ဓာကိုယ်ထဲ ၀င်သွားခဲ့ရင် သေဆုံးတဲ့ အထိ ဖြစ်တတ်ပါတယ်။ Organic Farming ပြုလုပ်တဲ့အတွက် အိမ်မှာ ဓာတုပိုးသတ်ဆေးတွေ ဆောင်ထားဖို့ မလိုတော့ပါဘူး။ ဓာတုပိုးသတ်ဆေးဆိုတာ ညွှန်ကြားချက်အတိုင်း တိတိကျကျ လိုက်နာဆောင်ရွက် တာတောင်မှ အန္တရာယ် ရှိနေသေးလို့ ဖြစ်ပါတယ်။
(၂) ဒုတိယအနေနဲ့ ကုန်ကျစရိတ် သက်သာပါတယ်။ ဓာတုဗေဒဓာတ်မြေသြဇာနဲ့ ဓာတုပိုးသတ်ဆေးတွေဟာ ဈေးကြီးပါတယ်။ ဒါတွေကို ၀ယ်စရာမလိုတော့တဲ့အတွက် ကုန်ကျစရိတ်တွေ လျော့နည်းသွားလို့ လယ်သမားအနေနဲ့ ငွေပိုငွေလျှံရလာနိုင်ပါတယ်။ အော်ဂဲနစ်စိုက်ပျိုးရေးမှာက သဘာဝမြေသြဇာနဲ့ သဘာဝပိုးသတ်ဆေးတွေကို မိမိရဲ့ခြံမှာပဲ စရိတ်နည်းနည်းနဲ့ ထုတ်လုပ်နိုင်လို့ ဖြစ်ပါတယ်။
(၃) အော်ဂဲနစ်နဲ့ စိုက်ပျိုးထားတဲ့စိုက်ခင်းတွေဟာ သဘာဝနည်းနဲ့ စိုက်ပျိုးထုတ်လုပ် တာဖြစ်တာကြောင့် သဘာဝဘေးအန္တရာယ်နဲ့ ရာသီဥတု အပြောင်းအလဲဒဏ်ကို ခံနိုင်ရည်ရှိပါတယ်။ ဥပမာ - မိုးခေါင်ရေရှားဖြစ်ရင် ခံနိုင်ရည်ပိုရှိပါတယ်။
(၄) သီးနှံထွက်နှုန်းကိုကြည့်ရင် ဓာတ်မြေသြဇာသုံးတာဟာ ရေတိုမှာ ထွက်နှုန်းကောင်းတယ်လို့ ထင်ရပေမယ့် ဓာတ်မြေသြဇာမရခဲ့လို့ မထည့်ဘဲစိုက်ခဲ့ရင် အထွက်နှုန်းဟာ ဆိုးဆိုးဝါးဝါး ကျဆင်းသွားတာ တွေ့ရပါတယ်။ ဒါကြောင့် လယ်သမားတွေဟာ ဓာတ်မြေသြဇာကို နှစ်စဉ် ထည့်သွင်းပေးနေကြရပါတယ်။ Organic Farming ကျတော့ မြေဆီလွှာကို တစ်နှစ်တစ်နှစ် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်တာကြောင့် နှစ်စဉ်အထွက်နှုန်းလည်း တဖြည်းဖြည်း တိုးတက်လာပါတယ်။ ရေရှည်မှာ များစွာအကျိုးဖြစ်ထွန်းပါတယ်။ အထူးသဖြင့် ရာသီဥတု ဆိုးဝါးတဲ့နှစ်တွေမှာလည်း အထွက်နှုန်း ကျမသွားအောင် ထိန်းထားနိုင်တာ တွေ့ရပါတယ်။
(၅) ဆွစ်ဇာလန်နိုင်ငံမှာ (၂၁) နှစ်ကြာ လေ့လာသုတေသနပြုလုပ်ချက်အရ Organic Farming နဲ့ စိုက်ပျိုးတဲ့အခါ အထွက်နှုန်းဟာ ၂၀% လျော့နည်းပေမဲ့ မြေသြဇာအသုံးစရိတ်ဟာ ၅၀% လျော့ကျပြီး ပိုးသတ်ဆေးအတွက် ကုန်ကျစရိတ်ဟာ ၉၇% လျော့နည်းလို့ ခြုံပြီးကြည့်ရင် လယ်သမားတွေအတွက် အကျိုးရှိတယ်လို့ဆိုပါတယ်။ ရောင်းတဲ့အခါ Organic Farming ဟာ သာမန်ထက်ဈေး ၂ ဆ၊ ၃ဆ ပိုရလို့ အကျိုးပိုများပါတယ်။
' Organic Food စားသုံးသူတွေအကျိုးရှိပုံ '
အဓိကအချက် (၃)ချက် အကျိုးရှိပါတယ်။
(၁) ပထမအချက်က Food Safety လို့ခေါ်တဲ့ အစားအစာပိုင်းမှာ စိတ်ချရမှုဘေးကင်းမှုနဲ့ ပတ်သက်ပါတယ်။ ဓာတုပိုးသတ်ဆေးပါဝင်တဲ့ အစားအစာနဲ့ ဓာတုပိုးသတ်ဆေးကင်းစင်တဲ့ အစားအစာ (၂) ခုဟာ ဘယ်လိုမှယှဉ်လို့မရနိုင်ပါ။ လေ့လာချက်တွေအရ အမေရိကန်ပြည်ထောင်စုလို ဖွံဖြိုးပြီးနိုင်ငံတွေမှာ တောင် ရောင်းချတဲ့ သမားရိုးကျအစားအစာရဲ့ ၇၇% မှာ ဓာတုပိုးသတ်ဆေး အကြွင်းအကျန်တွေ ပါဝင်နေတယ်လို့ဆိုပါတယ်။ ဒီလိုဓာတုပိုးသတ်ဆေး အကြွင်းအကျန်တွေကြောင့်မို့ ကျန်းမာရေးပြဿနာတွေ တစ်နေ့တခြားကြီးထွားလာနေတာ အားလုံးအသိပဲ ဖြစ်ပါတယ်။
(၂) ဒုတိယအချက်အနေနဲ့ အော်ဂဲနစ်နည်းစနစ်နဲ့ စိုက်ပျိုးထုတ်လုပ်တဲ့ အသီးအနှံတွေဟာ အာဟာရဓာတ်ပါဝင်မှု ပိုမိုခြင်းဖြစ်ပါတယ်။ ဓာတုပစ္စည်းတွေကအပင်ကို ထိခိုက်ပျက်ဆီးစေတဲ့အတွက် အပင်တိုင်းမှာ ပြုလုပ်ရတဲ့ သဘာဝနည်းစဉ်တွေကို ထိခိုက်ပြီး အချို့သော ဗီတာမင်တွေနဲ့ Antioxidant တွေကို မပြုလုပ်နိုင်တော့ပါဘူး။ အော်ဂဲနစ်နည်းနဲ့ စိုက်ပျိုးတဲ့ အစားအစာတွေဟာ အာဟာရဓာတ် ပိုမိုပါဝင် တဲ့အကြောင်း လေ့လာမှုတွေအရ သိရပါတယ်။ ၂၀၀၇ ခုနစ်က ထုတ်ပြန်ခဲ့တဲ့ EU နိုင်ငံတွေမှာ လေးနှစ်ကြာသုတေသနပြုလုပ်ချက်အရ အော်ဂဲနစ် အသီးအနှံတွေဟာ သမားရိုးကျသီးနှံတွေထက် Antioxidant ပါဝင်မှု ၄၀% ပိုများတယ် လို့ဆိုပါတယ်။ အလားတူပဲ ၂၀၀၈ ခုနစ်တုန်းကလည်း အမေရိကန်နိုင်ငံမှာရှိတဲ့ Organic Centre ရဲ့ လေ့လာချက်အရ အော်ဂဲနစ်သီးနှံတွေဟာ သမရိုးကျသီးနှံ တွေထက် အာဟာရဓာတ် ၁၁ မျိုး ပါဝင်မှုမှာ ၂၅% ပိုများတယ်လို့ ဆိုပါတယ်။ ၂၀၀၉ ခုနစ်မှာလည်း European Commission ရဲ့ ၅ နှစ်ကြာ လေ့လာသုတေသနစာတမ်းကို ထုတ်ပြန်ရာမှာလည်း လူတွေအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေဖြစ်တဲ့ Antioxidant တွေ၊ ဗီတာမင်နဲ့ မပြည့်ဝဆီပါဝင်မှု အော်ဂဲနစ်သီးနှံတွေမှာ ပိုမိုများပြားလာတယ်လို့ သိရပြန်ပါတယ်။ ဒါတင်မကဘဲ လူတွေရဲ့ကျန်းမာရေးကို ထိခိုက်စေတဲ့ ဓာတ်ပစ္စည်းပါဝင်မှုကလည်း အများကြီး လျော့နည်းတယ်လို့ ဆိုပါတယ်။
(၃) နောက်ဆုံးအချက် အနေနဲ့ ပြောရရင်တော့ အရသာပိုင်းပေါ့။ သဘာဝနည်းနဲ့ စိုက်ပျိုးထုတ်လုပ် လို့ရတဲ့ သီးနှံရဲ့ အနံ့အရသာဟာ ဓာတုဗေဒမြေသြဇာနဲ့ ဓာတုပိုးသတ်ဆေးတွေသုံးပြီး စိုက်ပျိုးထုတ်လုပ်ထားတဲ့ သီးနှံတွေထက် အဆပေါင်းများစွာ ပိုမိုသာလွန်ပါတယ်။ ကိုယ့်အိမ် နောက်ဖေးမှာ စိုက်တဲ့အပင်နဲ့ ဈေးမှာ ၀ယ်တာကွာခြားမှန်း လူတိုင်းသိပြီး ဖြစ်ပါတယ်။ သီးနှံတွေရဲ့အနံ့အရသာက စိုက်ပျိုးတဲ့မြေပေါ် မူတည်နေလို့ ဖြစ်ပါတယ်။ ဒီအချက်တွေကြောင့်မို့လို့ အော်ဂဲနစ်သီးနှံကိုစားရင် စားသုံးသူတွေအနေနဲ့ များစွာအကျိုး ရှိပါတယ်။ ဒါ့ကြောင့်လည်း ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာရှိတဲ့ ငွေကြေးတတ်နိုင်သူတွေက အော်ဂဲနစ်အစားအစာတွေကို သာ ရွေးချယ်စားသောက်နေကြတာ ဖြစ်ပါတယ်။
' နိုင်ငံတော်ကို အကျိုးပြုပုံ '
နိုင်ငံတော်အပိုင်းကလည်း အော်ဂဲနစ်စိုက်ပျိုးရေးကို အားပေးလုပ်ဆောင်မယ်ဆိုရင် တိုင်းပြည်အတွက် အင်မတန်မှ အကျိုးရှိပါတယ်။ ဥပမာအနေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ခြင်း၊ ရေထုညစ်ညမ်းမှု လျော့ချနိုင်ခြင်း၊ နိုင်ငံခြားကနေတင်သွင်းနေရတဲ့ ဓာတ်မြေသြဇာ/ ပိုးသတ်ဆေးစတဲ့ သွင်းကုန်အစုတွေ အတွက် ငွေကြေးကုန်ကျစရာမလိုခြင်း၊ အဲ့ဒီငွေကြေးတွေကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာ ပိုမို သုံးစွဲနိုင်ခြင်း၊ ပိုးသတ်ဆေးတွေကြောင့် ဒုက္ခရောက်ရတဲ့ ကျန်းမာရေးအသုံးစရိတ်တွေကို လျော့ချနိုင်ခြင်းစတဲ့ အကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်။
' အနာဂတ်မျိုးဆက်သစ် လူငယ်တွေ အတွက်အကျိုးရှိပုံ '
ဂျာမနီနိုင်ငံမှာ ဥပဒေပြဌာန်းထားပါတယ်။ (၂) နှစ်အောက်ကလေးတွေ စားတဲ့ အစားအစာဟာ အော်ဂဲနစ်ဖြစ်ရမယ်ဆိုတဲ့ ဥပဒေပါ။ Baby Food လို့ခေါ်တဲ့ အဲ့ဒီအစားအစာတွေထဲမှာ ဓာတုအကြွင်းအကျန်နဲ့ တခြားဓာတုပစ္စည်းတွေ မပါဝင်ရပါဘူး။ အကယ်၍ ပါဝင်တဲ့အစားအစာတွေကို ရောင်းချခဲ့ရင် ဥပဒေအရ အရေးယူခံရမှာ ဖြစ်ပါတယ်။
လူတစ်ယောက်ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုဟာ ကိုယ်ဝန်ဆောင်တဲ့အချိန်ကနေ (၂) နှစ်သားအထိက အဓိကအကျဆုံး ဖြစ်ပါတယ်။ (၂) နှစ်အထိ ဦးနှောက်မှာရှိတဲ့ ဆဲလ်အရေအတွက်ရော အရည်အချင်းအရပါ တိုးတက်များပြား ဖြစ်ပေါ်နေပါတယ်။ (၂) နှစ်ကျော်ရင်တော့ အရွယ်အစားသာ ကြီးလာတာဖြစ်ပြီး ဆဲလ်အရေအတွက် ထပ်မတိုးတော့ပါဘူး။ ဒါကြောင့် (၂) နှစ်အထိ ကလေးတွေစားတဲ့ အစားအစာဟာ အလွန်မှ အရေးကြီးလာပါတယ်။ (၂) နှစ်အတွင်းမှာ ပိုးသတ်ဆေး အကြွင်းအကျန်ပါတဲ့ အစားအစာတွေ ကျွေးမိရင် ဒီကလေးဟာ တစ်သက်လုံး ဉာဏ်ရည်၊ ဉာဏ်သွေးချို့တဲ့တာ အပါအ၀င် ကျန်းမာရေး ပြဿနာပေါင်းစုံ ဖြစ်နိုင်ပါတယ်။
ဒါ့ကြောင့် ကလေးတွေကို အော်ဂဲနစ်အစားအစာသာကျွေးဖို့ အစိုးရက ဆော်သြပေးနေခြင်းဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းဖြင့် နောင်လာမည့်မျိုးဆက်သစ်တွေဟာ ထူးချွန်ထက်မြက်တဲ့သူတွေဖြစ်ပြီး တိုင်းပြည်ကို တိုးတက်အောင် ဆက်လက်လုပ်ဆောင်နိုင်ကြမှာ ဖြစ်ပါတယ်။
' အော်ဂဲနစ်စိုက်ပျိုးရေးရဲ့ အားနည်းချက် '
အားနည်းချက်တွေတော့ ရှိပါတယ်။ အဓိက (၄) ချက် ရှိပါတယ်။
(၁) ပထမတစ်ချက်ကတော့ အထွက်နှုန်းလျော့နည်းခြင်းပဲဖြစ်ပါတယ်။ ဓာတ်မြေသြဇာသုံးရင် အထွက်နှုန်းများပါတယ်။ ဒါပေမဲ့ ဓာတ်မြေသြဇာကိုတော့ နှစ်တိုင်းလိုလို အမြဲသုံးဖို့လိုပါလိမ့်မယ်။ သဘာဝမြေသြဇာ သဘာဝမြေဆွေးနဲ့ စိုက်ပျိုးထုတ်လုပ်တာဟာ ၂၀% လောက် အထွက်လျော့ပါတယ်။ အချို့သီးနှံတွေဆိုရင် ဓာတ်မြေသြဇာသုံးပြီး ထွက်ရှိတာရဲ့ ၅၀% လောက်ပဲ ရှိပါတယ်။ဒါ့ကြောင့် တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ Organic Farming ပြောင်းခဲ့ရင် စားနပ်ရိက္ခာ မလုံလောက်မှုတွေ ကြုံတွေ့နိုင်တယ်လို့ အချို့က ပြောဆိုနေကြတာတွေလည်း ရှိပါတယ်။ ပျှမ်းမျှခြင်းအနေနဲ့ သမားရိုးကျစိုက်ပျိုးနည်းစနစ်နဲ့ နှိုင်းယှဉ်ရင် ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ၉၂% လောက် ထွက်ရှိပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတော့ ၈၀% လောက် ထွက်ရှိတယ်လို့ ဆိုပါတယ်။
(၂) ဒုတိယအချက်ကတော့ ထုတ်လုပ်မှုစရိတ် ဖြစ်ပါတယ်။ ဓာတ်မြေသြဇာနဲ့ ဓာတုပိုးသတ်ဆေးတွေ သက်သာပေမယ့် လူ့စွမ်းအားတွေ အများအပြား သုံးရတာမို့ စက်ပစ္စည်းကရိယာ သိပ်မသုံးနိုင်တဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေအတွက်တော့ သမားရိုးကျ စိုက်ပျိုးရေးထက် ၁၀-၄၀% အထိ ပိုမိုကုန်ကျပါတယ်။ နောက်ပြီး တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်း ပြုလုပ်ရမှုအတွက်လည်း ကုန်ကျစရိတ်တွေ ပိုများစေပါ တယ်။ဒါ့ကြောင့် အော်ဂဲနစ် အစားအစာတွေဟာ ဈေးကြီးပေးဝယ်ရ ခြင်းဖြစ်ပါတယ်။ Australia မှာဆိုရင် ပျှမ်းမျှ ၆၅% ဈေး ပိုကြီးပါတယ်။ ဂျာမနီမှာဆိုရင် ၂ ဆနဲ့ ဆွစ်ဇာလန်မှာ ဆိုရင် ၂ ဆ ကျော် ဈေးပိုပေးဝယ်ရပါတယ်။
ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတော့ အော်ဂဲနစ်အစားအစာတွေရဲ့ ဈေးကွက်က မဖွံ့ဖြိုးသေးတော့ ဒီလိုမျိုး ဈေးပိုပေးဝယ်ယူမယ့်သူမရှိတာကြောင့် လယ်သမားတွေအနေနဲ့ အော်ဂဲနစ်စိုက်ပျိုးရေးကို ပြုလုပ်ဖို့ မလွယ်ကူနိုင်ဘဲ ဖြစ်နေရခြင်းပါ။
(၃) တတိယအားနည်းချက်ကတော့ နည်းပညာလိုအပ်ချက်ဖြစ်ပါတယ်။ မြေဆီမြေနှစ်ကောင်း လုပ်ရတာတွေ၊ သဘာဝမြေသြဇာ ထုတ်လုပ်ရတဲ့ နည်းပညာတွေ၊ ပိုးကောင်တွေမကျအောင်ကာကွယ် တားဆီးနှိမ်နှင်းဖို့ဆိုတာ လွယ်မယောင်နဲ့ ခက်ခဲတဲ့နည်းပညာတွေ ဖြစ်ပါတယ်။ ဒါကို လယ်သမားတွေ သိရှိအောင်ပညာပေးမှုတွေ ကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်သေးတာက အားနည်းချက်တစ်ခု ဖြစ်နေပါသေး တယ်။
(၄) နောက်ဆုံးအချက်အနေနဲ့ အော်ဂဲနစ်သီးနှံတွေဟာ သမားရိုးကျသီးနှံတွေနဲ့ နှိုင်းယှဉ်ရင် အရွယ်အစား ပိုမိုသေးလေ့ရှိပါတယ်။ မျက်နှာပြင် အနေအထားကလည်း လှချင်မှ လှပါလိမ့်မယ်။ ဒါ့ကြောင့် ၀ယ်ယူစားသုံးသူ တွေအတွက် သိပ်ဆွဲဆောင်မှုမရှိခြင်းဟာလည်း အားနည်းချက်တစ်ခုလို့ ဆိုရမှာပေါ့။
' အကြံပြုချက် '
အော်ဂဲနစ် စိုက်ပျိုးရေးစနစ်ဟာ ကျွန်တော်တို့ လူသားတွေအပါအ၀င် ကမ္ဘာကြီးတစ်ခုလုံးရဲ့ ကျန်းမာရေးကို အထောက်အကူပြုတဲ့ စိုက်ပျိုးရေးစနစ်ဖြစ်တာကြောင့် မိမိအိမ်နောက်ဖေးမှာလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးတဲ့သူတွေအနေနဲ့ ဒီအတိုင်း လုပ်ကိုင်ဆောင်ရွက်ကြစေလိုပါတယ်။ ပြီးရင် မိမိရဲ့မိသားစုလည်း စားသုံးမယ်။ ပိုလျှံတာကို ဈေးကွက်မှာ ရောင်းမယ်ဆိုရင် အားလုံးအတွက် အကျိုးရှိမယ်လို့ ထင်ပါ တယ်။ စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်တဲ့ လယ်သမားတွေ အကျိုးရှိဖို့ကတော့ Organic Market တစ်ခု ဖန်တီးပေးဖို့ လိုပါလိမ့်မယ်။ ဒါမှသာ လယ်သမားတွေကလည်း အကျိုးရှိမှန်းသိပြီး စိုက်ပျိုးထုတ်လုပ်လာကြမှာ ဖြစ်ပါတယ်။
စားသုံးသူတွေအနေနဲ့လည်း တတ်နိုင်သမျှ အော်ဂဲနစ်အစားအစာတွေကို ဦးစားပေးစားသုံးကြဖို့၊ အထူးသဖြင့် ကလေးတွေကို ကျွေးတဲ့အစားအစာတွေဆိုရင် အော်ဂဲနစ် ဖြစ်နိုင်သမျှဖြစ်ဖို့ တိုက်တွန်းလိုပါ တယ်။
ဒေါက်တာခင်မောင်လွင် (FAME)
— with Aung Kyawmin
Timeline Photos · Aug 20, 2013 ·
View Full Size · Send as Message · Report Photo
Like
Comment
Share
No comments:
Post a Comment