Saturday, 4 April 2015

စင်ဒရဲလား

Love Sharing and Sharing is a kind of Love မျှဝေပေးတာလဲမေတ္တာတစ်ခုပါ
အခု စင်ဒရဲလားကားတွေ ရုံပြန်တင်နေတော့ အရင်က ဖတ်ခဲ့ဖူးတဲ့ အမေရိကန်က ဆရာမက သူ့တပည့်ကလေးတွေကို စင်ဒရဲလားအကြောင်း ဘယ်လို သင်ပေးသလဲဆိုတာကို ပြန်ပြီး ဝေမျှပေးလိုက်ပါတယ်…

ကျောင်းတက်ခေါင်းလောင်းထိုးပြီ…ကလေးတွေဟာ ကိုယ်စီ အတန်းထဲကို ပြေးဝင်သွားကြတယ်… ဒီ တစ်ချိန်မှာ ဆရာမသင်ပေးမှာက စင်ဒရဲလား ပုံပြင်…
ဆရာမက အရင်ဦးဆုံး ကျောင်းသားလေးတစ်ယောက်ကို စင်ပေါ်တက်ခိုင်းပြီး ပုံပြင် အစအဆုံးပြောပြခိုင်းတယ်…
ကျောင်းသားလေးက ခဏလေးအတွင်းမှာဘဲ ပြောလို့ပြီးဆုံးသွားတယ်… ဆရာမက သူ့ကို ကျေးဇူးတင်ကြောင်း ချီးမွန်းပြီး အတန်းထဲက ကလေးတွေကို မေးခွန်းစမေးတော့တယ်…

ဆရာမ - ကလေးတို့ ဒီပုံပြင်ထဲက ဘယ်တစ်ယောက်ကို ကြိုက်သလဲ? ဘယ်တစ်ယောက်ကို မကြိုက်ဘူးလဲ? ဘာဖြစ်လို့လဲ ?
ကျောင်းသား - စင်ဒရဲလားကိုကြိုက်တယ်… နောက်ပြီး မင်းသားကို ကြိုက်တယ်… သူ့ရဲ့ မိထွေးနဲ့ မိထွေးက ပါလာတဲ့ အစ်မ ၂ ယောက်ကို မကြိုက်ဘူး… စင်ဒရဲလားက သဘောကောင်းတယ်… ဖြူစင်တယ်… ချစ်စရာကောင်းတယ်… လှတယ်… သူ့ မိထွေးနဲ့ အစ်မတွေက စင်ဒရဲလားပေါ်မကောင်းဘူး…

ဆရာမ - တကယ်လို့တာ ညသန်းကောင် ၁၂ နာရီမှာ စင်ဒရဲလားက သူ့ ဖရုံသီးမြင်းလှည်းပေါ်ကို အချိန်မှီ မတက်နိုင်ဘူး ဆိုရင် သူဘာဖြစ်သွားမလဲ ဆိုတာ ကလေးတို့ စဉ်းစားကြည့်ကြည့်ပါဦး…
ကျောင်းသား - စင်ဒရဲလားက သူ့နဂိုပုံ ပြန်ဖြစ်သွားမယ်… ညစ်ညစ်ပတ်ပတ် စုတ်စုတ်ပြတ်ပြတ်နဲ့… မလေး အဲ့လို့ဆိုရင် ဒုက္ခရောက်ပြီပေါ့…
ဆရာမ - ဒါကြောင့်ပေါ့… ကလေးတို့အားလုံးအချိန်ကို လေးစားတဲ့ သူဖြစ်အောင်ကြိုးစားရမယ်… မဟုတ်ရင် ကိုယ့်အတွက် ပြသနာတွေဖြစ်လာနိုင်တယ်… ပြီးတော့ ကလေးတို့ ကြည့်ကြည့် အားလုံးက လှလှပပ သပ်သပ်ရပ်ရပ် ၀တ်ဆင်ထားကြတယ်…ဘယ်တော့ခါမှ ညစ်ညစ်ပတ်ပတ်ဖရိုဖရဲဝတ်စုံတွေနဲ့ သူများကို သွားမတွေ့နဲ့… သူငယ်ချင်းတွေ လန့်သွားလိမ့်မယ်နော်…
ဆရာမ - ကောင်းပြီ နောက်မေးခွန်းတစ်ခု… တကယ်လို့ သားတို့ သမီးတို့က စင်ဒရဲလားရဲ့ မိထွေးဆိုရင် စင်ဒရဲလား မင်းသားနဲ့ သွားတွေ့မဲ့ပွဲကို တားမှာလား မတားဘူးလား? အမှန်အတိုင်းပြောရမယ်နော်…
ကျောင်းသား - (တခဏလေးနေပြီး ကျောင်းသားတစ်ယောက်က လက်ထောင်ပြီးပြန်ဖြေတယ်) ဟုတ်ကဲ့… တကယ်လို့ သားက စင်ဒရဲလားရဲ့ မိထွေးဆိုရင် သားကလဲ သူ့ကို မင်းသားနဲ့ မတွေ့မိအောင် တားမှာပါ…
ဆရာမ - ဘာဖြစ်လို့လဲ?
ကျောင်းသား - ဘာဖြစ်လို့လဲဆိုတော့ ကျနော်ဆိုရင်လဲ ကျနော့ သမီးကို ချစ်မှာဘဲ… ကျနော့ သမီးကို မိဖုရားဖြစ်စေချင်မှာဘဲ…
ဆရာမ - အင်း ကောင်းပြီ… ဒါကြောင့်ပြောတာပေါ့… ဒီတိုင်းကြည့်လိုက်ရင် မိထွေးက မကောင်းတဲ့သူတစ်ယောက်… သူက တခြားသူတွေအပေါ်မှာသာ မကောင်းတာ သူ့ သမီးတွေအပေါ်မှာတော့ တော်တော်လေးကောင်းတယ်နော်… ကလေးတို့ သဘောပေါက်ကြလား… သူတို့က လူဆိုးတွေ မဟုတ်ဘူး… သူတို့က ကိုယ့် သားသမီးကို ချစ်သလို တခြားသူတွေကို ချစ်လို့မရတာပါ…
ဆရာမ - ကလေးတို့ရေ… နောက်မေးခွန်းတစ်ခု… စင်ဒရဲလားရဲ့ မိထွေးက သူ့ကို မင်းသားနဲ့တွေ့လို့မရအောင်တားတယ်… သူ့ကို အခန်းထဲမှာပါ သော့ခတ်ထားတယ်… သူဘာဖြစ်လို့ ရောက်အောင်သွားနိုင်တာလဲ? ပြီးတော့ ပါတီပွဲမှာ အလှဆုံး မင်းသမီးလေးဖြစ်သွားတာ ဘာကြောင့်လဲ ?
ကျောင်းသား - ဘာဖြစ်လို့လဲ ဆိုတော့ နတ်သမီးက သူ့ကို ကူညီလိုက်လို့ပါ… သူ့ကို အ၀တ်အစားလှလှလေးလုပ်ပေးတယ် ဖရုံသီးကို ရထားလုံးအဖြစ်ပြောင်းပေးတယ်… ခွေးလေးနဲ့ ကြွက်လေးတွေကို အစေခံအဖြစ်ပြောင်းပေးလိုက်တယ်…
ဆရာမ - ကောင်းပြီ… ကလေးတို့ ကောင်းကောင်းလေး ပြန်စဉ်းစားကြည့်ပါဦး… စင်ဒရဲလားကသာ နတ်သမီးရဲ့ အကူအညီ မရှိဘူးဆိုရင် သူ ပါတီပွဲကို သွားနိုင်မှာ မဟုတ်ဘူး… ဟုတ်တယ်မဟုတ်လား?
ကျောင်းသား - ဟုတ်ပါတယ် ဆရာမ…
ဆရာမ - တကယ်လို့ ခွေးလေးနဲ့ ကြွက်လေးတွေ သူ့ကို မကူညီရင်ကော် သူအိမ်ကို နောက်ဆုံးအချိန်မှီ ပြန်နိုင်ပါ့မလား?
ကျောင်းသား - မပြန်နိုင်ပါဘူး… အဲလိုဆိုရင် မင်းသားကတောင် သူ့ကို လန့်သွားမှာ (တစ်ခန်းလုံးရယ်သံတွေထွက်လာပါတယ်) 
ဆရာမ - စင်ဒရဲလားက နတ်သမီးရဲ့ အကူအညီကို ရပေမဲ့ နတ်သမီးရဲ့ အကူအညီတစ်ခုတည်းနဲ့က မလောက်ဘူး… ဒါကြောင့် ကလေးတို့ရေ… ဘယ်နေရာရောက်ရောက် သူငယ်ချင်းဆိုတာအရေးကြီးတယ်… သူငယ်ချင်းတွေဟာနတ်သမီးလို ဟုတ်ချင်မှဟုတ်မယ်… ဒါပေမဲ့ သူတို့ကို လိုအပ်တယ်… ဆရာမကလဲ သားတို့ သမီးတို့မှာ သူငယ်ချင်းတွေ အများကြီးရှိလိမ့်မယ်လို မျှော်လင့်ပါတယ်…နောက်ပြီး ပြန်စဉ်းစားကြည့်ပါဦး… တကယ်လို့သာ စင်ဒရဲလားက သူ့ မိထွေးပေးမသွားလို့ သူဒီအခွင့်အရေးကို လက်လွတ်လိုက်ရင် သူ မင်းသားလေးရဲ့ သတို့သမီးလေး ဖြစ်နိုင်ပါဦးမလား?
ကျောင်းသား - မဖြစ်နိုင်ပါဘူး… အဲ့လိုဆိုရင် သူက ပါတီပွဲကိုရောက်မှာ မဟုတ်ဘူး… မင်းသားနဲ့လဲ တွေ့မှာ မဟုတ်တော့ဘူး… သူ့ကို ချစ်မိတော့မှာလဲ မဟုတ်တော့ဘူး…
ဆရာမ - မှန်လိုက်တာကွယ်… တကယ်လို့သာ စင်ဒရဲလားက မသွားချင်ဘူးဆိုရင် သူ့မိထွေးက သူ့ကို မတားရင်တောင် သူ့ကို သွားဖို့တိုက်တွန်းရင်တောင် အသုံးဝင်မှာ မဟုတ်ပါဘူး… ဘယ်သူက ပါတီသွားဖို့ကို ဆုံးဖြတ်တာလဲ ?
ကျောင်းသား - သူကိုယ်တိုင်ပါ။
ဆရာမ - ဒါကြောင့်ပြောတာပေါ့ ကလေးတို့… စင်ဒရဲလားမှာ သူ့ကို ချစ်မဲ့မေမေမရှိတော့ဘူး… သူ့မိထွေးက သူ့ကို မချစ်ဘူး… အဲဒါတွေကြောင့် သူကိုယ့်ကိုယ်ကို မချစ်လို့မရဘူး… သူ ကိုယ့်ကိုယ်ကို ချစ်လို့ သူလိုချင်တဲ့အရာကို သူရအောင်ရှာယူခဲ့တယ်… တကယ်လို့ ကလေးတို့ထဲက တစ်ယောက်ယောက်က ဘယ်သူမှ ကိုယ့်ကို မချစ်ဘူး… ဒါမှမဟုတ် စင်ဒရဲလားလိုဘဲ သူ့ကို မချစ်တဲ့ မိထွေး တစ်ယောက်ရှိရင် ကလေးတို့ ဘယ်လိုလုပ်ကြမလဲ?
ကျောင်းသား - ကိုယ့်ကိုယ်ကို ချစ်ပါ့မယ်…
ဆရာမ - မှန်တယ်… ကိုယ့်ကိုယ်ကို ချစ်တာကို ဘယ်သူမှ တားလို့မရဘူး… အခြားသူက ကိုယ့်ကို မချစ်ရင် အဆတိုးပြီးတော့ ကိုယ့်ကိုယ်ကို ချစ်ရမယ်… သူများက ကိုယ့်ကို အခွင့်အရေးမပေးရင် ကိုယ့်ကိုယ်ကို အခွင့်အရေးရအောင်ကြိုးစားတတ်ရမယ်… တကယ်လို့ ကိုယ့်ကိုယ်ကို ချစ်တယ်ဆိုရင် ကိုယ့်အတွက် လိုအပ်တဲ့အရာကိုကိုယ်ကိုယ်တိုင် ရှာဖွေတတ်မယ်… ဘယ်သူကမှ စင်ဒရဲလားကို ပါတီပွဲမသွားနိုင်အောင် မတားဆီးနိုင်ဘူး… ဘယ်သူကမှ သူ မိဖုရားသရဖူမဆောင်းရအောင်မတားဆီးနိုင်ဘူး… သူကိုယ်တိုင်ကလွဲလို့… ဟုတ်တယ်မဟုတ်လား ကလေးတို့ …
ကျောင်းသား - ဟုတ်ပါတယ်ဆရာမ…
ဆရာမ - နောက်ဆုံးမေးခွန်းတစ်ခု… ဒီပုံပြင်ထဲမှာ မကိုက်ညီတာတစ်ခုရှိတယ်… အဲဒါဘာလဲ ?
ကျောင်းသား - (ခနလေးနေပြီးတော့) ညသန်းခေါင် ၁၂ နာရီကျော်ပြီး အားလုံးက နဂိုပုံစံအတိုင်းပြန်ဖြစ်သွားတယ်… ဒါပေမဲ့ စင်ဒရဲလားရဲ့ ဖိနပ်ဟာ မပြောင်းသွားဘူး… 
ဆရာမ - ကလေးတို့ အရမ်းတော်တာဘဲကွယ်… ဘယ်လောက်ထိတော်နေတဲ့ စာရေးဆရာဘဲ ဖြစ်ပါစေ သူ့မှာတော့ မှားတဲ့အခါလဲရှိတာဘဲ… ဒါကြောင့် အမှားလုပ်မိတာဟာ ကြောက်ဖို့မလိုဘူး… ဆရာမ အာမခံတယ်… ကလေးတို့ထဲက နောက်ကျရင် စာရေးဆရာတွေ အများကြီးထွက်လာမှာ… ဒီပုံပြင်ရေးတဲ့စာရေးဆရာထက်ကို ပိုတော်ကြမှာ… ကိုယ့်ကိုယ်ကို ယုံကြလား? ကလေးတွေရဲ့ လက်ခုပ်သံဟာ အခန်းတစ်ခုလုံးကို ဟိန်းသွားပါတယ်…

ဒါလေးကတော့ အမေရိကန်က မူလတန်းမှာ ဆရာမသင်ကြားပေးတဲ့ပုံစံမျိုးလေးပါ… ကျနော်တို့က ဘယ်အရွယ်ရောက်မှ ဒါမျိုးတွေ စဉ်းစားတတ်ပါသလဲ? ဒါမျိုး စဉ်းစားဖို့လိုအပ်တယ်ဆိုတာမျိုးကို ကျနော်တို့ ပညာရေးမှာ ပါပါသလား? ဆရာမသင်ကြားတာတွေထဲက တစ်ခုပြန်သတိထားမိတယ်… မိထွေးနဲ့ သူ့အမ ၂ ယောက်က ဆိုးတယ်… ဒါပေမဲ့ ဆရာမက ကလေးတွေကို မုန်းအောင် မကြိုက်အောင် မပြောဘူး… အမုန်းတရား မဖွဲ့ဘူး… အခြေအနေတွေကို နားလည်အောင်ရှင်းပြတယ်… စဉ်းစားတွေးခေါ်ပုံတွေ တိုးတက်လာအောင် လုပ်ပေးတယ်… 
ဒါမျိုးက ကျောင်းပညာရေးတစ်ခုတည်းမှာ တင်လိုအပ်တာမဟုတ်ပါဘူး… ကျနော်တို့ရဲ့ မိသားစု ပညာရေးမှာပါလိုအပ်ပါတယ်… 

Zane
မျှဝေပေးတာလဲ မေတ္တာတစ်ခုပါ 

Wanna find out more? Like this page or Follow me @ httpswww.facebook.com/aungyunai
 —  with Ha
Timeline Photos · Friday at 9:16pm · View Full SizeSend as MessageReport Ph

No comments:

Post a Comment