အမှီကောင်း
အမှီကောင်း
လူတယောက် ကြီးပွားတိုးတက်ဖို့အတွက် အမှီကောင်းရှိဖို့လိုတာ အမှန်ပါ။
အမှီကောင်းရှိမှသာ လောကီ လောကုတ္တရာ ကြီးပွားတိုးတက်မှုတွေကို ရရှိခံစားနိုင်ပါတယ်။
“ဘုရားတောင် အမှီရှိမှ ပွင့်နိုင်တယ်”ဆိုတဲ့ စကားဟာ အမှီကောင်းအရေးကြီးပုံနဲ့ ပတ်သက်ပြီး ပြောဆိုတဲ့ စကားတခု ဖြစ်ပါတယ်။
ဒီနေရာမှာ ဘုရားရှင်ရဲ့ အမှီကောင်းဆိုတာမဟာဗောဓိပင်နဲ့ ရွှေပလ္လင်ကို ပြောပုံရပါတယ်။
ဗုဒ္ဓမြတ်စွာဟာ မဟာဗောဓိပင်ကြီးအောက်မှာ ထိုင်၍ “ငါ ဘုရားမဖြစ်မချင်း ဒီနေရာက မထတော့”လို့ အဓိဋ္ဌာန်ပြုပြီး တရားအားထုတ်ခဲ့ရာ မဟာသက္ကရာဇ် (၆၈)ခုနှစ် ကဆုန်လပြည့်နေ့မှာ သဗ္ဗညုဘုရား စင်စစ် ဧကန်ဖြစ်တော်မူခဲ့ပါတယ်။
ကြီးပွားတိုးတက်နေသူ ရဟန်းရှင်လူတိုင်းပင် အမှီကောင်းရှိကြလို့ တိုးတက်ကြီးပွားနေခြင်း ဖြစ်ပါတယ်။
မိမိဟာ အကြီးအကျယ် အောင်မြင်နေတဲ့ ပုဂ္ဂိုလ်တဦးတော့ မဟုတ်ပါ။ ဒါပေမယ့် မိမိဉာဏ်မှီသလောက် သာသနာတော်အကျိုးလောကအကျိုး သည်ပိုး ဆောင်ရွက်ရာမှာ အမှီကောင်းများရဲ့ ကျေးဇူးတွေကြောင့် အထိုက်အလျောက် အောင်မြင်မှု မှတ်တိုင်ကလေးများကို စိုက်ထူနိုင်ခဲ့ပါတယ်။
အဲဒီ အမှီကောင်းများကတော့ မိမိရဲ့ ဆရာသခင် ကျေးဇူးရှင်တွေပဲ ဖြစ်ပါတယ်။
မိမိမှာ “လက်ဦးဆရာ မည်ထိုက်စွာ၊ ပုဗ္ဗာစရိယ မိနှင့်ဘ”ဆိုတဲ့အတိုင်း မိဘနှစ်ပါးအပါအဝင် ဆရာသခင် ကျေးဇူးရှင်တွေ အတော်များများ ရှိခဲ့ပါတယ်။
ဒီနေရာမှာတော့ အမှီကောင်းဖြစ်တဲ့ ဆရာသမားတပါးရဲ့အကြောင်း တင်ပြမှာ ဖြစ်ပါတယ်။
မိမိ ၁၃-နှစ်သား အရွယ်မှာ မြောင်းမြမြို့၊ရိုးကူးရပ်၊ ပညာဇေယျုံကျောင်းတိုက်မှာ ၂-နှစ်တိတိ နေခဲ့ပါတယ်။ အဲဒီ ကျောင်းတိုက်က ရုံးအလုပ်နဲ့ပတ်သက်တဲ့ လက်ရေးတို၊ လက်နှိပ်စက်၊ စာရင်းကိုင်ပညာတွေကို အဓိကထားပြီး သင်ပေးတဲ့ ကျောင်းတိုက်ဖြစ်ပါတယ်။ ပါဠိစာပေစတဲ့ လောကုတ္တရာပညာကိုသင်ကြားပေးတဲ့ စာသင်တိုက်မျိုး မဟုတ်ပါဘူး။
မိမိဟာ ပါဠိစာပေကျမ်းဂန်တွေကို သင်ယူလေ့လာချင်လို့ ၁၉၅၅-ခုနှစ် ဇူလိုင်လမှာ မြောင်းမြမြို့၊ ညောင်လေးပင်ရပ်ရှိ ပဇ္ဇောတာရုံ ပါဠိတက္ကသိုလ်ကျောင်းတိုက်ကြီးမှာ ပြောင်းရွှေ့နေထိုင်ဖို့ စီစဉ်ခဲ့ပါတယ်။
ပဇ္ဇောတာရုံကျောင်းတိုက်မှာ နေထိုင်ဖို့အတွက် ပညာဇေယျုံကျောင်းမှ ရခိုင်ဦးပဇင်းကြီး ဦးဒေဝိန္ဒက မိမိကို ကူညီခဲ့ပါတယ်။
တနေ့မှာ ဦးဒေဝိန္ဒက မိမိကို “မောင်ဣန္ဒက၊ ကိုရင်က အသက်ငယ်သေးတယ်၊ ဗုဒ္ဓဘာသာ ပါဠိစာပေ ကျမ်းဂန်တွေကို သင်ယူသင့်တယ်၊ ကိုရင် ပဇ္ဇောတာရုံတိုက်မှာ နေချင်ရင် ငါ လိုက်ပို့ပေးမယ်၊ ငါ့သူငယ်ချင်း ရခိုင်ဦးပဇင်း ဦးဣန္ဒကဆိုတာ ရှိတယ်၊ ကိုရင်နဲ့ ဘွဲ့တူပဲ၊ သူက ကိုရင်ကို အာမခံရင် ကိုရင် အဲဒီကျောင်းတိုက်မှာ နေလို့ရနိုင်တယ်၊ ဘယ်နှယ်လဲ” လို့ မေးပါတယ်။
မိမိက နေဖို့ သဘောတူလို့ ဝါမဝင်မီ တပတ်အလိုမှာ ဦးဒေဝိန္ဒက မိမိကို ပဇ္ဇောတာရုံကျောင်းတိုက်သို့ ခေါ်ဆောင်သွားခဲ့ပါတယ်။
သူ့ရဲ့ သူငယ်ချင်း ဦးဣန္ဒကနဲ့ တွေ့ပြီး သူတို့အချင်းချင်း ရခိုင်လို ပြောကြဆိုကြတယ်။သူတို့ပြောတာကို မိမိ နားမလည်ပါဘူး။
ပြီးမှ ဦးဣန္ဒက,က မိမိကို “ကိုရင် ဒီမှာ နေရဖို့အတွက် အာမခံပုဂ္ဂိုလ် နှစ်ပါးရှိရတယ်၊ကျုပ်က ကိုရင့်ကို အာမခံပေးရမှာ၊ ကျုပ်ပြောတဲ့စကားကို နားထောင်နိုင်ပါ့မလား”လို့ ရခိုင်သံ ဝဲတဲတဲနဲ့ မေးပါတယ်။
မိမိက “နားထောင်ပါမယ် ဘုရား”လို့ အလိုက်သင့်စွာပဲ ဖြေလိုက်ပါတယ်။ စိတ်ထဲကတော့ သိပ်ပါလှတာ မဟုတ်ပါဘူး။ စာသင်တိုက်ကြီးတွေမှာ မနေခဲ့ဖူးလို့ သံဃာနှစ်ရာနီးပါးရှိတဲ့ ရွှေကျင်စာသင်တိုက်ကြီးတတိုက်မှာ မိမိ ပြောင်းရွှေ့နေရမှာကို အားငယ်နေမိပါတယ်။ ပြီးတော့ မိမိဟာ ဆေးလိပ်ကို အစွဲကြီး စွဲနေပြီဖြစ်လို့ ဆေးလိပ်မသောက်ရတဲ့ ပဇ္ဇောတာရုံတိုက်မှာ နေလို့မှ ဖြစ်ပါ့မလားလို့လဲ တွေးပြီး ပူနေမိပါတယ်။
ဦးဣန္ဒက,က မိမိကို သင်္ကန်းလက်ကန်တော့ထိုးပုံ သင်ပြပေးပြီးနောက် တိုက်အုပ်ဆရာတော်ဘုရားဆီ ခေါ်သွားခဲ့တယ်။
မျက်မှန်ဒီဂရီအထူကြီးကို တပ်ထားတဲ့ တိုက်အုပ်ဆရာတော်ဟာ ကျောင်းတိုက်အလယ် တိုက်ဝါကြီးအောက်ထပ်မှာ သတင်းစာဖတ်နေပါတယ်။ မိမိတို့နှစ်ပါးက ဆရာတော်ကို ရိုသေစွာ ကန်တော့ကြပြီးနောက် အသာထိုင်၍ ဆရာတော်ရဲ့စကားကို စောင့်မျှော် နားဆင်နေပါတယ်။
“ဘာကိစ္စလျှောက်ဖို့ လာတာလဲ”လို့ ဦးဣန္ဒကကို ဆရာတော်က မေးတဲ့အခါ ဦးဣန္ဒက,က “ဒီကိုရင်လေးက ဒီတိုက်မှာ စာသင်ချင်တယ်ဆိုလို့ ဆရာတော်ထံ နေခွင့်တောင်းတာပါ ဘုရား”လို့ လျှောက်ထားပါတယ်။
ဆရာတော်က မိမိကို အကဲခတ်ကြည့်ပြီး“ဒီကိုရင်လေး ဘယ်မှာနေခဲ့သလဲ”လို့ မေးရာ ဦးဣန္ဒက,က “ပညာဇေယျုံကျောင်းမှာ တပည့်တော်မိတ်ဆွေ ဘုန်းကြီးနဲ့ အတူနေပါတယ် ဘုရား”လို့ လျှောက်ထားပါတယ်။
ဆရာတော်က “ဒီမြို့ထဲက လာတဲ့ စာသင်သားတွေကို ဒို့ သိပ်လက်မခံချင်ဘူး၊ ကျောင်းစည်းကမ်းတွေ ဖောက်တတ်ကြတယ်၊ ပြီးတော့ ဝါဆိုသံဃာစာရင်းလဲ ပြည့်နေပါပြီ၊ ဒါပေမယ့် ဒီကိုရင်ကလေး ကြည့်ရတာ ပြုပြင်လို့ရမယ့် လက္ခဏာရှိပုံရလို့ အာမခံရင် လက်ခံမယ်”လို့ အမိန့်ရှိလိုက်ရာ ဦးဣန္ဒက,က “တပည့်တော် အာမခံလုပ်ပါမယ် ဘုရား”လို့ လျှောက်ထားလို့ မိမိဟာ ပဇ္ဇောတာရုံကျောင်းတိုက်ကြီးမှာ နေခွင့်ရခဲ့ပါတော့တယ်။
ကျောက်ရိုင်းတုံးများဟာ ကျောက်သွေးကောင်းဆရာလက်ထဲ ရောက်တဲ့အခါ လှပတင့်တယ် ရှုစဖွယ် အဖိုးတန် ကျောက်မျက်ရတနာတွေ ဖြစ်လာကြရပါတယ်။ အဲဒီလိုပါပဲ ကျောက်ရိုင်းတုံးနဲ့တူတဲ့ ကလေးသူငယ်တွေလဲ ဆရာကောင်း သမားကောင်းများကို မှီခိုကြရတဲ့အခါ အသိအလိမ္မာ ပညာတွေ ကြွယ်ဝယဉ်ကျေးပြီး လူ့အဖိုးတန်တွေ ဖြစ်လာကြရပါတယ်။ ပဇ္ဇောတာရုံကျောင်းတိုက်ကြီးမှာ ပြောင်းရွှေ့လာခဲ့ပြီးနောက် တိုက်အုပ်ဆရာတော်ရဲ့ အုပ်ထိန်းစောင့်ရှောက်မှုအောက်မှာ ချမ်းသာပျော်ရွှင်စွာ နေထိုင်လာခဲ့ရလို့ မိမိအဖို့ ကျောက်သွေးကောင်းဆရာရဲ့ လက်ထဲရောက်ခဲ့ရတဲ့ ကျောက်ရိုင်းတုံးလေးတခုလိုကနေပြီး အဖိုးတန် ကျောက်မျက်ရတနာလေးလို ဖြစ်ခဲ့ရပါတော့တယ်။ ဆရာတော်ဟာ မိမိရဲ့ ကျန်းမာရေး ပညာရေးနဲ့ စားသောက်နေထိုင်ရေးတွေကို ကရုဏာ မေတ္တာ ကြီးမားစွာနဲ့ စောင့်ရှောက်ပေးခဲ့ပါတယ်။
တရက်မှာ မိမိဟာ ရာသီအပြောင်းအလဲကြောင့် ထင်ပါတယ်။ အတော် ဖျားနာနေခဲ့ပါတယ်။ အဲဒီအခါ ဆရာတော်က မိမိကို သူ့ကျောင်းမှာ ခေတ္တ ပြောင်းရွှေ့ထားပြီး ပြုစုစောင့်ရှောက်ပေးခဲ့တာကို ယခုအထိ အမှတ်ရနေလျက်ပါ။သင့်တော်တဲ့ဆေးများကို တိုက်ကျွေးပြီး ဝမ်းချူပေးတဲ့အတွက် တပတ်အတွင်းမှာပဲနေကောင်းသွားခဲ့ပါတယ်။ တိုက်အုပ်ဆရာတော်ဟာ အခြားဂိလာန စာသင်သား ရဟန်း သာမဏေတွေရဲ့ ကျန်းမာရေးကိုလဲ မိမိလိုပင် ဂရုတစိုက် စောင့်ရှောက်ပေးလေ့ရှိပါတယ်။ မြတ်စွာဘုရားကိုယ်တော်တိုင် ဂိလာနရဟန်းတပါးကို ရေချိုးပေးပြီး ပြုစုစောင့်ရှောက်တာကို အတုယူပြီး ဆရာတော်ဟာ တပည့်စာသင်သားတွေရဲ့ ကျန်းမာရေးကို ကရုဏာထား ပြုစုစောင့်ရှောက်တာဖြစ်ပါတယ်။
မိမိ ပဇ္ဇောတာရုံ ရောက်ခါစက မပျော်လှပါ။ အထူးသဖြင့် ဆေးလိပ်သောက်ချင်စိတ်ကို အတော်လေး မျိုသိပ်နေခဲ့ရပါတယ်။ ဒါပေမယ့် တိုက်အုပ်ဆရာတော်ရဲ့ ညွှန်ကြားချက်အတိုင်း အခြေခံပါဠိစာတွေကို သင်ရင်း စာထဲမှာ စိတ်ဝင်စားလာပြီး စာသင်ရတာ အတော်ပျော်မွေ့လာခဲ့ပါတယ်။ ဆရာတော်က မိမိရဲ့ စာကြိုးစားမှုကို ကြည့်ပြီး သူကိုယ်တိုင် သီးခြား စာသင်ပေးနေတဲ့ မန္တလေး-သကျသီဟစာမေးပွဲအတန်းမှာ မိမိကို တက်ခိုင်းခဲ့ပါတယ်။ အဲဒီအတန်းမှာ ဉာဏ်ကောင်းတဲ့ ကိုရင်ကလေး ငါးပါးကို ရွေးချယ်ပြီး သင်ပေးနေတာဖြစ်လို့ မိမိကိုပါ ထပ်သွင်းလိုက်တာဖြစ်ပါတယ်။ သင်ရတဲ့စာတွေက အတော်များတယ်။ အင်္ဂုတ္တိုရ်ပါဠိတော်၊ ဝိနည်းမဟာဝါပါဠိတော်၊ ဓမ္မပဒအဋ္ဌကထာ၊ သဒ္ဒါ၊ သင်္ဂြိုဟ်၊ ပုဒ်စစ်တွေ ဖြစ်ပါတယ်။
အခြားကိုရင်များက စာတွေ အတော်ရောက်နေကြပါပြီ။ မိမိမှာ ခုန်ကျော်ပြီး လိုက်ရလို့ အတော်ကြိုးစားသင်ယူရပါတယ်။ မန္တလေးကိုသွားပြီး စာမေးပွဲ ဝင်ရောက် ဖြေဆိုတဲ့အခါ ကိုရင်အားလုံး အာဂုံပြန်သာအောင်ပြီး ရေးဖြေမှာ ကျကြပါတယ်။ ဒါပေမယ့် ဒီစာမေးပွဲကျေးဇူးကြောင့် မိမိဟာ ငယ်၊လတ်၊ကြီးနဲ့ ဓမ္မာစရိယ၊ ပါဠိပါရဂူစာမေးပွဲတွေကို အကျအရှုံးမရှိဘဲ နှစ်ချင်းစွဲ အောင်မြင်ခဲ့ပါတယ်။ ဒါ့အပြင် ငယ်၊လတ်၊ကြီး စာမေးပွဲတွေကိုလဲ ပါဠိဘာသာနဲ့ ဖြေဆိုနိုင်ခဲ့ပါတယ်။
သာသနာ့ဝန်ထမ်း ရဟန်းတပါးဟာ စာပေတော်ရုံမျှနဲ့ မလုံလောက်သေးပါ။သာသနာတော်မှာ သဒ္ဓါစိတ်ရှိဖို့လည်း များစွာ လိုပါတယ်။ အဲဒီ သဒ္ဓါစိတ်တွေ ဖြစ်ပေါ်လာအောင် ဆရာတော်ဟာ တပည့်စာသင်သားများကို ဆုံးမသြဝါဒ အထူးပေးပါတယ်။ ပဇ္ဇောတာရုံတိုက်မှာ စာသင်သားတွေဟာ အဖိတ်နေ့ညတိုင်းတိုက်အုပ်၊ တိုက်ကြပ်၊ စာချဆရာတော်များရဲ့ ဆုံးမသြဝါဒကို ခံယူကြရပါတယ်။ ကျောင်းတိုက်ရဲ့ အလယ်တိုက်ဝါကြီးအပေါ်မှာ တိုက်အုပ်ဆရာတော်နဲ့ စာချဆရာတော်များက ဆုံးမသြဝါဒကို အလှည့်ကျ ပေးကြပါတယ်။ တိုက်အုပ်ဆရာတော်ရဲ့ သြဝါဒတွေဟာ နာကြားလို့ မငြီးနိုင်ကြပါဘူး။ သာသနာတော်နဲ့ ပတ်သက်တဲ့ မှတ်သားစရာတွေ၊ အားကျစရာတွေ၊ အတုယူစရာတွေ၊ လောကီဗဟုသုတဖြစ်စရာတွေနဲ့ ပြည့်နေပါတယ်။
ဆရာတော်ရဲ့ သြဝါဒတွေကို နာကြားရလို့ တပည့်များမှာ တရားကျင့်ချင်တဲ့စိတ်တွေ၊ ဓုတင်အကျင့် ဆောက်တည်ချင်တဲ့ စိတ်တွေ၊ သံဃာ့ဝေယျာဝစ္စ ဆောင်ရွက်ချင်တဲ့ စိတ်တွေ၊ သာသနာပြုချင်တဲ့စိတ်တွေ ဖြစ်ပေါ်လာကြပါတယ်။
မိမိဟာ ကိုရင်ဘဝနဲ့ ကျောင်းတိုက်တွင်းရှိ သိမ်ကျောင်းကြီးမှာ တဆူတည်းရှိတဲ့ ဆင်းတုတော်ကြီးကို ဘုရားပန်းနဲ့ သောက်တော်ရေချမ်း သုံးနှစ်တိတိ နေ့စဉ် ဝတ်မပျက် ကပ်လှူခဲ့ပါတယ်။
သံဃာ့ဝေယျာဝစ္စနဲ့ ပတ်သက်ပြီး အရုဏ်ဆွမ်းချက်တာဝန်ကိုလည်း သုံးနှစ်တိတိ မညည်းမညူ ပြုလုပ်ခဲ့ပါတယ်။
ရှေးက သံဃာတော်များရဲ့ကုဋီအိမ်သာတွေဟာ ခုလို ရေလောင်းအိမ်သာကြွေခွက်တွေနဲ့ မတူပါဘူး။ ရေသယောက်မြောင်းတွေကို အိမ်သာကျင်းကြီးထဲမှာ ချထားပြီး အိမ်သာကျင်းမြောင်းကြီးကို နှစ်စဉ်နှစ်တိုင်း အနည်းဆုံး တနှစ်မှာ တကြိမ်လောက် ဆေးကြောသန့်ရှင်းပေးရပါတယ်။ ဒီသန့်ရှင်းရေးတာဝန်ကို ဆရာတော်ကိုယ်တိုင် ပြုလုပ်သန့်ရှင်းလေ့ရှိပါတယ်။ တနှစ်မှာ မိမိကို သူနဲ့ အိမ်သာကျင်းဆေးဖို့ ပြောရာ “ငါ့ကို ဆရာတော်က ချီးမြှောက်တာပဲ”လို့ တွေးပြီး မိမိလည်း ဝမ်းမြောက်ဝမ်းသာစွာဖြင့် ဆရာတော်ခိုင်းသလို ပြုလုပ်ပါတယ်။ ဆရာတော်နဲ့အတူ နေ့လယ် သံဃာတော်တွေ အနားယူချိန်မှာ အိမ်သာကျင်းကြီးထဲ ဆင်းပြီး ဆရာတပည့်နှစ်ဦးသာ သန့်ရှင်းရေး ပြုလုပ်ခဲ့ကြပါတယ်။
ဆရာတော်ဟာ အဲဒီလို သံဃာ့ဝေယျာဝစ္စတာဝန်တွေကို အောက်ခြေသိမ်း ဆောင်ရွက်တော်မူခဲ့ပါတယ်။
ဆရာတော်ဟာ လောကီ လောကုတ္တရာ စာပေအရာမှာ ထက်မြက်စူးရှလို့ ရဟန်းပညာရှင်၊ လူပညာရှင်တွေက ဆရာတော်ကို အထူးလေးစားကြပါတယ်။ ဒါကြောင့် ဦးဥက္ကဋ္ဌရဲ့ လူသေလူဖြစ်အဆုံးအဖြတ် ဝိနိစ္ဆယကိစ္စ ဖြစ်ပေါ်လာတဲ့အခါမှာ ဆရာတော်ကို ဝိနိစ္ဆယရဲ့ အဓိကအဖွဲ့ဝင်အဖြစ် သံဃာတော်များက ရွေးချယ်ကြခြင်းဖြစ်ပါတယ်။
ဆရာတော် ဦးဆောင်ပြီး ဆုံးဖြတ်ရေးထားတဲ့ “လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယကျမ်းကြီး”မှာ ဆရာတော်ရဲ့ ပညာပြည့်စုံမှုကို ကြည်ညိုနိုင်ပါတယ်။
ဆရာတော်ဟာ မြန်မာစာပေနဲ့ပတ်သက်ပြီး မြန်မာ့သမိုင်းနဲ့ မြန်မာကဗျာမှာလဲနိုင်နင်းပါတယ်။ ဆရာတော် ဆုံးမသြဝါဒ ပေးတဲ့အခါမှာ မြန်မာ့သမိုင်းကသိမှတ်စရာတွေကို ထုတ်ဖော်ပြောပြ ဆုံးမလေ့ရှိပါတယ်။ ကဗျာဉာဏ်လဲ အလွန်ကြီးပါတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရေးတဲ့ လေးချိုးကြီးတွေလို လေးချိုးကြီးမျိုးကိုလဲ တထိုင်တည်းနဲ့ ရေးစပ်နိုင်ပါတယ်။
တနေ့မှာ ဆရာတော်က မိမိကို ဖောင်တိန်ပေးပြီ