Thursday, 29 January 2015

ရော်ဘာ

မြန်မာ့ ရော်ဘာ အရည်အသွေး အာဆီယံ အဆင့်မီဖို့ ဆိုလျှင်
ရော်ဘာ သည် စက်မှု လုပ်ငန်းသုံး ပစ္စည်း အဖြစ် မရှိ မဖြစ် နေရာယူ ထားသည်။ အပင်မှ ထွက်သော စက်မှု လုပ်ငန်းသုံးပစ္စည်း များ အနက် ရော်ဘာ သည် နိုင်ငံခြား ငွေ မြင့်မားစွာ ရရှိနိုင်သော ထုတ်ကုန် ဖြစ်သည်။ နိုင်ငံ တကာ ဈေးကွက်တွင် ပထမတန်စား အရည် အသွေးကောင်း ရော်ဘာ တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၁,၀၀၀ မှ ဒေါ်လာ ၁,၂၀၀ ခန့်ဈေးပေါက် နေသည်။
သို့သော် မြန်မာ့ ရော်ဘာသည် တစ် တန်လျှင် အမေရိကန် ဒေါ်လာ ၆၀၀ မှ ဒေါ်လာ ၇၀၀ ပင် အနိုင် နိုင် ရောင်းနေ ရသည်။ ဈေးနှုန်းထက်ဝက်မျှ ကွာနေသည် ကို တွေ့ရသည်။ ဓိကအကြောင်းရင်း ကို လေ့လာသုံးသပ်ကြည့်သော် မြန်မာ့ ရော်ဘာ သည် အရည်အသွေး မမီ၊ ကမ္ဘာ့ ဈေးကွက် တွင် ရောင်းပန်း မလှ၊ ဈေးကောင်း မရဖြစ် နေသည်။
အဘယ်ကြောင့် မြန်မာ့ ရော်ဘာသည် အရည်အသွေး မမီရ သနည်း။ ဆန်းစစ် ကြည့်သော် ရော်ဘာ အစေးလှီး ပြီး ရရှိလာသော ရော်ဘာ အစေး များကို နည်းစနစ် မှန်မှန် မဆောင်ရွက် ခြင်းက အဓိက တရားခံ ဖြစ်နေ သည်ကို တွေ့ရှိ ရသည်။ ရော်ဘာ အရည် အသွေး ကျရခြင်း သည် (က) ပြင်ပ ပယောဂကြောင့် ကျဆင်းရခြင်း၊ (ခ) နည်းစနစ် လိုက်နာမှု မ မှန်ကန်ခြင်းကြောင့် ကျဆင်း ရခြင်း တို့ကြောင့် ဖြစ်ပေါ် ရသည်။ 
ပြင်ပ ပယောဂတွင် အသုံးပြု သော ခြံသုံးပစ္စည်းများ (ဥပမာ-အစေးလှီးဓား၊ အစေးခံခွက်) မသန့်ရှင်း ခြင်း၊ ရော်ဘာ ကျွမ်းကျင် လုပ်သား ရှားပါး လာခြင်း၊ အစေး လှီးခြံ၏ အင်္ဂါရပ်များနှင့် မညီညွတ်
ခြင်း စသည်တို့ဖြစ်သည်။ နည်းပညာလိုက်နာမှု မမှန်ကန်ခြင်းတွင် အသုံးပြုသော ဓာတုဆေး နှုန်းထားများ မမှန်ကန်ခြင်း၊ အသုံးပြုသော ဆေးများ အမျိုးအစား မမှန်ကန်ခြင်း၊ ထုတ်လုပ်မှု နည်းပညာကို ကဃနဏ မသိ /မရှိခြင်း၊ အစေးလှီးနည်း၊ အစေးလှီးစနစ်များ မမှန်ကန်ခြင်း၊ ရော်ဘာအစေးခံခြင်း၊ အခြောက်ခံခြင်း၊ မှိုင်းခံခြင်းစသည့်နည်း စနစ်အဆင့်ဆင့်တို့တွင် အားနည်းချက်၊ ချို့ယွင်း ချက်များ ရှိနေခြင်း တို့သည် အကြောင်း ရင်းခံများ ဖြစ်ကြသည်။
အရည်အသွေးကောင်း ရော်ဘာ ရရှိစေရန် လိုက်နာ ရမည့် နည်းပညာများ၊ နည်းစနစ် များ များစွာ ရှိပါသည်။ နည်းပညာများကို စနစ်တကျလိုက်နာကျင့်သုံးမှသာလျှင် ရော်ဘာခြံရှင်ကြီးများသည် အဆင့် မြင့်အရည်အသွေးကောင်း ရော်ဘာများကို ရရှိနိုင်မည် ဖြစ်ပါသည်။ ပထမဦးစွာ ရော်ဘာခြံအစေးလှီး လုပ်သားများသည် ရော်ဘာခြံအစေးလှီး ဓား၊ အစေးစီးကျမည့် ရေတံလျှောက်၊ အစေး ခံခွက်များကို သန့်ရှင်း စင်ကြယ်အောင် ဆေးကြောပြီးမှသာ အသုံးပြုရမည် ဖြစ်သည်။
အစေးလှီးဓား၊ အစေးကျမည့် ရေတံလျှောက်၊ အစေးခံခွက်များသည် ညစ်ပတ်နေပြီး၊ အမှုန်အမွှား၊ သံချေး၊ သံမှုန် များကပ်နေပါက ရော်ဘာအစေးတွင် ရောနှောပါလာပြီး ရော်ဘာစေးအရည်အသွေးကို ထိခိုက်စေပါသည်။ အစေးလှီးပြီး၊ အစေးသိမ်းဆည်းချိန် ရောက်ပါကလည်း ရော်ဘာအစေးများကို စုဆောင်းမည့် ပုံး၊ ခွက်များကို သန့်ရှင်းစင်ကြယ်အောင် ဆေးကြောပြီးမှ အသုံးပြုရမည်ဖြစ်သည်။ သာမန်တွင် အစေးစုစည်းပုံများ၊ ခွက်များ ကို ဆေးကြောခြင်းမပြုဘဲ နေ့စဉ်ဆက်တိုက် အသုံးပြုနေ
ကြသည်ကို တွေ့ရှိရသည်။ ၎င်းမှ တစ်ဆင့် ရော်ဘာ အစေး စုစည်း မည့်ပုံးများ ကို အမှုန်အမွှား၊ အမှိုက်များမှ ရော်ဘာစေးအရည်တွင် ရောနှောပါလာပြီး၊ အချဉ် ဖောက်ကာ အရည်အသွေးကို ကျစေ ပါသည်။
ရော်ဘာအစေးခဲရာတွင် ရေကို မဖြစ်မနေ အသုံးပြုရပါသည်။ ရေသည် သန့်ရှင်း သောရေဖြစ်ရန် လိုပါသည်။ ရေညစ်ပတ်ပါက ရော်ဘာအစေးလည်း ညစ်ပေသွား မည်ဖြစ်သည်။ ရေကို ညသိပ်ထားပြီး၊ ၈၀ စကာဖြင့် သေချာစွာစစ်ပြီးမှသာ အစေးခဲရာတွင် အသုံးပြုရန် အထူးသတိပြုရမည့် အချက်ဖြစ်သည်။ လက်တွေ့တွင် ရော်ဘာခြံများ၌ ရော်ဘာအစေးခဲရန် ရေကိုရရာရေဖြင့် အသုံးပြု နေကြသည်ကို တွေ့ရသည်။
နောက်တစ်ချက်မှာ ရော်ဘာအစေးရည်ကို ၄၀၊ ၆၀၊ ၈၀ အပေါက်အရွယ်ဇကားများဖြင့် အထပ်ထပ် စစ်ရန်လိုအပ်ပါသည်။ ခြံများတွင် ဇကာများ အရွယ်အစား အလုံအလောက် အသုံးမပြုဘဲ ရော်ဘာ အစေးရည်ကို စစ်နေကြသည်ကို တွေ့ရှိရပါသည်။ မည်သို့မျှ အရည်အသွေး ကောင်းရော်ဘာပြား မရရှိနိုင်ပါ။ ရော်ဘာအစေးခဲကန်များကို အသုံး ပြုရာတွင် စနစ်တကျတည်ဆောက်ထား သော၊ သို့မဟုတ် စနစ်တကျပြုပြင်ထုတ် လုပ်ထားသော အစေးခဲကန်များကိုသာ အသုံးပြုရမည်ဖြစ်သည်။ စနစ်တကျမရှိ သော အစေးခဲကန်သည် မည်သို့မျှ အရည် အသွေးကောင်းသော ရော်ဘာပြားကို ထုတ်လုပ်ပေးနိုင်မည် မဟုတ်ပါ။
ရော်ဘာ အစေး ခဲရာတွင် ဖောမစ် အက်စစ် အသုံးပြုပါက ရော်ဘာ၏ ရုပ်ဂုဏ်သတ္တိရော၊ ဓာတ်ဂုဏ် သတ္တိပါ ကောင်းစေ ပါသည်။ ဖောမစ်အက်စစ် တစ်အောင်စလျှင် ရော်ဘာ ၁၃ ပေါင် မှ ၁၈ ပေါင်သာ အသုံးပြုရန်ဖြစ်ပါသည်။ ဆာလ်ဖြူရစ်အက်စစ် အသုံးပြုနေပါက မည်သို့မျှ ရော်ဘာအရည်အသွေး ကောင်းကို မပေးနိုင်ပါ။ ဆာလ်ဖြူရစ်အက်စစ် အသုံးပြုပါက မှိုင်းခံရာတွင် ရော်ဘာပြား ပြတ်ကျစေသည်။ ဆာလ်ဖြူရစ်အက်စစ်သည် (In-Organic Acid) ဖြစ်ပြီး၊ ဖောမစ်အက်ဆစ်သည် (Organic-Acid)ဖြစ်ပါ သည်။
ရော်ဘာအစေးခံပြီး တစ်နာရီခွဲမှ (၂) နှစ်နာရီကြာလျှင် အစေးခဲကန်အတွင်းသို့ သန့်ရှင်းစင်ကြယ် သော ရေဖြင့် ရေလျှံကျသည်အထိ ရေထပ်မံဖြည့်ပေးရန် လိုအပ်ပါသည်။ ရော်ဘာအစေးခဲစေရန် အသုံးပြုသည့် ဖော့မစ်အက်စစ်ပမာဏသည် ထည့်သွင်းသော အစေးခဲပစ္စည်း၊ အစေးခဲသော အချိန်၊ ရာသီဥတု၊ အစေးအရည်၏ အစေးသားပါဝင်မှု ပေါ်မူတည်၍ အက်စစ် လိုအပ်ချက် ပြောင်းလဲ
နိုင်ပါသည်။ အက်စစ်ကို အသုံးပြုရာ တွင် ရေရောပြီး အက်စစ်အပျော့ကိုသာ အသုံးပြုရမည်။ အက်စစ် ပျော့အရည်နှင့် ရော်ဘာ အစေးရည်ကို သမ အောင်မွှေပေးရ မည်ဖြစ်သည်။ အစေးခဲပြီးပါက အစေးခဲဗန်း၊ သို့မဟုတ်ကန်ကို ဖုံ၊ ခဲ၊ အမှိုက်များ မ၀င်အောင် ပလပ်စတစ်ဖြင့် ဖုံးပေးထားရန် လိုပါသည်။ ခဲသွားသော ရော်ဘာပြားများကို အပြင်သို့ ထုတ်ယူပြီး ရေစစ်ပြီးပါက ရော်ဘာပြားများကို ကြိတ်စက်ဖြင့် လိုအပ်သည့် အရွယ်အစားရောက်အောင် ကြိတ်ပေးရမည်။ ရော်ဘာအစေပြား၏ အထူကို သုံးမီလီမီတာမှ လေးမီလီမီတာရရှိအောင် ကြိတ်ရမည်။
အစေးခဲရာတွင်DRC (Dry Rubber Content)မှာ (၁ မှ ၁.၅ထိ)သာရှိစေရန် လိုအပ်သလို ရေရောစပ်ပေးရမည်ဖြစ်သည်။ ရော်ဘာပြားများကို မှိုမတက်စေရန် တန်းတွင် ရေကောင်းစွာ စစ်ပြီးမှသာ မှိုင်းရုံသို့ မှိုင်းခံရန် သွင်းရမည်ဖြစ်သည်။ မှိုင်းရုံ၏ အပူချိန်ကို နေ့အလိုက်
မြှင့်တင်ပေး ထားရန် လိုအပ်ပါသည်။ အပူချိန်ပြင်းလွန်းပါက ရော်ဘာပြားတွင် လေပူပေါင်းများ၊ အစင်းများ၊ အစက်ပျောက်များထစေပြီး၊ အရည်အသွေးကျစေပါသည်။
ပထမနေ့ ၁၁၀ ဒီဂရီဖာရင်ဟိုက် ဒုတိယနေ့ ၁၂၀ ဒီဂရီဖာရင်ဟိုက် တတိယနေ့ ၁၃၀ ဒီဂရီဖာရင်ဟိုက် စတုတ္ထနေ့ ၁၄၀ ဒီဂရီဖာရင်ဟိုက် ထားရှိရန် လိုအပ်ပါသည်။ အရည်အသွေးကောင်း ရော်ဘာရရှိ စေရန် ထုတ်လုပ်ရာတွင် ဓာတုပစ္စည်းများကို အသုံးပြုရပါသည်။ ရော်ဘာပြား အရောင်တောက်ပ စေရန် ဆိုဒီယမ်မက်တာဘိုင်ဆာလ်ဖိုဒ် သုံးအောင်စကို ရော်ဘာ ပေါင် ၁၀၀ အတွက် အစေးခံချိန် တွင် ရောစပ် အသုံးပြုနိုင်ပါသည်။
ရော်ဘာပြားများကို မှိုမတက်စေရန် အတွက် PNP (Para Nitro Phenol) ဖျော်ရည် (Stock Solution) ၅ ဂါလံကို ရေဂါလံ ၅၀ နှင့်ရောပြီး၊ ရော်ဘာပေါင် ၁၀၀ ကို ဆေးကြော ပေးရန် လိုအပ်သည်။ ရော်ဘာ အစေးပြားများ တစ်ခုနှစ်တစ်ခု၊ တစ်ထုပ်နှင့်တစ်ထုပ် မကပ်စေရန် တယ်လ်ကန်ပေါင်ဒါကို အသုံးပြုရန် လိုအပ်ပါသည်။ ရော်ဘာ အစေးမခဲစေရန်အတွက် အမိုးနီးယား
အရည် ဂါလံဝက် အတွက် ရော်ဘာပေါင် ၁,၀၀၀ အတွက် အသုံးပြုနိုင်ပါသည်။
မှိုင်းခံပြီး ရော်ဘာပြားများကို ကျွမ်းကျင် သူဖြင့် အတန်း အစား ခွဲခြားရန် လိုအပ် ပါသည်။ အရည် အသွေးပြည့်မီသော ရော်ဘာပြားသည် နေရောင်တွင် ထောင် ကြည့်ပါက ကြည်လင်တောက်ပနေပြီး တစ်ပြားလုံး ပယင်းရောင်ထနေသည်။ အစက် အပြောက်၊ အစင်းလုံးဝမပါရှိသည်ကို တွေ့ရှိရသည်။ ရော်ဘာကို ထုပ်ပိုးရာတွင် Press Box ကို အသုံးပြု၍ ကျစ်လစ်အောင် ထုပ်ပိုးပြီး ပြည်ပ
သို့ တင်ပို့နိုင်ပါသည်။ အထက်ပါနည်းပညာများကို လိုက် နာကျင့်သုံးခြင်းဖြင့် နိုင်ငံတကာအဆင့်မီ အရည်အသွေး ကောင်းရော်ဘာများ ထုတ်လုပ်နိုင် ပါသည်။

- အောင်ဆန်း (စိုက်ပျိုးရေး)

Ref; The Farmer Media 

ဝန်ခံချက် - ဆရာ အောင်ဆန်း (စိုက်ပျိုးရေး)၏ မူရင်းဆောင်းပါးကို အနည်းငယ် Edit ထားပါသည်။

No comments:

Post a Comment