Sunday, 29 June 2014

ရုပ်ကိုလည်းပြင် ၊ စိတ်လည်းပြင်

“ ရုပ်ကိုလည်းပြင်၊ စိတ်လည်းပြင် ”
••••••••••••••••••••••••••••••••

နေထွက်နေဝင် ကိုးဂုဏ်ရှင်
နေ့စဉ်ရှိခိုးမယ်။

အနန္တငါး၊ ဂုဏ်တော်များ
ညွှတ်တွားကန်တော့မယ်။

မျက်နှာသစ်လျှင် ရေကိုမြင်
မြင်စဉ်မေတ္တာပွားပါ့မယ်။

သစ်ရင်းသစ်ရင်း လျော့ယိုယွင်း
ရုပ်ဆင်းသတိထားပါ့မယ်။

တန်းတူတွေ့ရင် မေတ္တာဝင်
မဝင်နိုင်က၊ ပြိုင်တတ်တယ်။

ပြိုင်မဲ့အစား မေတ္တာပွား
စိတ်ထားပြုပြင်ပြောင်းပါမယ်။

ကိုယ့်အောက်တွေ့ရင် ကရုဏာဝင် 
မဝင်နိုင်က နိုင်တတ်တယ်။

နိုင်မဲ့အစား ကရုဏာပွား 
စိတ်ထားပြုပြင်ပြောင်းပါ့မယ်။

ကိုယ့်ထက်သာရင် မုဒိတာဝင်
မဝင်ဣဿ ယိုင်တတ်တယ်။

ယိုင်မဲ့အစား မုဒိတာပွား
စိတ်ထားပြုပြင်ပြောင်းပါ့မယ်။

ရုပ်ကိုလည်းပြင် စိတ်လည်းပြင်
ပြင်ဆင်တိုင်းရ ပြင်တိုင်းလှ၊
သုခ နိဗ္ဗာန်တိုင်လိမ့်မယ်။
သုခ နိဗ္ဗာန်တိုင်လိမ့်မယ်။

( မစိုးရိမ် ပဋ္ဌာန်းကျောင်းဆရာတော်
အရှင်ဝိသုဒ္ဓါဘိဝံသ )
 

ဆရာ အောင်ထွန်းသက် ၏ မှတ်သားဖွယ်စကားများ

ဆရာ အောင်ထွန်းသက် ၏ မှတ်သားဖွယ်စကားများ
===============================

အလုပ်တိုင်းဟာ သိက္ခာ(Dignity) ရှိတယ်။ လခနည်းတာ၊ ရာထူးငယ်တာ အရေးမကြီးဘူး။ လုပ်နေရတာကိုက သိက္ခာရှိတာ။ အလုပ်လက်မဲ့ဆိုရင် သိက္ခာမရှိတော့ဘူး။

သူများချီးကျူးတာကို လက်မခံပါနဲ့။ သူများက ကိုယ့်အပေါ်မှာ ဘယ်လိုမြင်လဲဆိုတာ အရေးမကြီးပါဘူး။ ကိုယ့်ကိုကိုယ် ဘယ်လိုမြင်လဲဆိုတာ အရေးကြီးပါတယ်။ Self-respect ကိုယ့်သိက္ခာကိုယ် လေးစားဖို့ လိုပါတယ်။

Self-motivation က ဒီအလုပ်ကို လခရလို့ လုပ်တယ်ဆိုတာမျိုး မဟုတ်ဘဲ လုပ်သင့်လို့ လုပ်တာဆိုတာမျိုး ဖြစ်ရမယ်။

Work-life Balance ဖြစ်ရမယ်။ တစ်နေကုန် အလုပ်လုပ်နေရပြီး အိမ်မပြန်ဘူးဆိုတဲ့ လူတွေက တော်တော်ညံ့တဲ့သူတွေလို့ ပြောချင်ပါတယ်။ Work တစ်ခုတည်းမဟုတ်ဘဲ Life လည်း ရှိတယ်ဆိုတာ သတိထားဖို့ လိုပါတယ်။ မိသားစုက အရေးကြီးပါတယ်။ အလုပ်ကနေပဲ Retired ယူလို့ရတယ်။ မိသားစုမှာ Retired ယူလို့မရဘူး။

- ဒေါက်တာအောင်ထွန်းသက်

Saturday, 28 June 2014

ဗုဒ္ဓဟောကြား စီးပွားအောင်မြင်နည်းတရား

ဗုဒ္ဓဟောကြား စီးပွားအောင်မြင်နည်းတရား
------------------------

လူတွေဟာချမ်းသာချင်ကြတယ်။ အခုမှမဟုတ်ပါဘူး။ ရှေးတုန်းကတည်းကပါ။ 

အင်္ဂုတ္တရနိကယ်မှာ ဒီလိုဟောထားပါတယ်။ 

ဗုဒ္ဓလက်ထက်တော်၊ ကောလိယတိုင်း၊ ကက္ကရပတ္တမြို့မှာ ဒီဃဇာဏုဆိုတဲ့အမျိုးသားဟာ ဒီဘဝမှာ ချမ်းချမ်းသာသာ နေချင်ပါတယ် အဲဒီလို ဖြစ်နိုင်တဲ့ အခြေအနေကောင်းများ ရှိပါသလားလို့ မေးလျှောက်ခဲ့ပါတယ်။ 

ဗုဒ္ဓက ရှိတယ် ဒီဘဝအတွက် ဟိတသုခ အခြေအနေကောင်းတွေနဲ့ ချမ်းသာသုခကိုရစေနိုင်တဲ့ အချက်လေးမျိုးရှိတယ်။ 

(၁)ဥဋ္ဌာနသမ္ဗဒါ-ကိုယ်လုပ်တဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ ကြိုးကြိုးစားစား တက်တက်ကြွကြွ လုပ်ကိုင်ရမယ်။ ကြိုးစားတိုင်းရသလားဆိုတော့ မရနိုင်ဘူး။ ဒက္ခ-လုပ်ငန်းကျွမ်းကျင်မှုရှိရမယ်၊ အနလသ-ဇွဲကောင်းမှုရှိရမယ်၊ ဥပါယဝီမံသ-နည်းပညာရှိရမယ်။ ကြိုးစားမှုရှိရုံတစ်ခုတည်းနှင့်တော့ မရဘူး။ ကြိုးစားမှုဆိုတဲ့ထဲမှာ အရေးကြီးတဲ့ အချက်၃ချက် ပါတယ်။ ကြိုးတော့ကြိုးစားတယ်၊ လုပ်ငန်းက မကျွမ်းကျင်ဘူး မအောင်မြင်နိုင်ဘူး။ ကြိုးစား တော့ကြိုးစားတယ် ဇွဲမကောင်းဘူး မအောင်မြင်နိုင်ဘူး။ ကြိုးစားတယ်၊ နည်းပညာက နိမ့်ကျနေတယ်၊စီမံခန့်ခွဲနိုင်တဲ့ စွမ်းအားတွေမရှိဘူး။ မအောင်မြင်နိုင်ပါဘူးတဲ့။ ဒါလွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ကျော်က ဗုဒ္ဓကစီးပွားရေးမှာ အောင်မြင်ဖို့ နည်းလမ်းညွှန်ပြပေးထားတာပါ။ ပိဋကတ်တော်တွေထဲမှာ ပါတဲ့ တရားပါ။ လုပ်ငန်းကျွမ်းကျင်မှု၊ ဇွဲကောင်းမှု၊ နည်းပညာ အဲဒိ၃ရပ်ပေါင်းစပ်ထားတဲ့ ကြိုးပမ်းအားထုတ်မှု ရှိ၇မယ်တဲ့။ 

(၂) အာရက္ခသမ္ဗဒါ - ထိန်းသိမ်းစောင့်ရှောက်မှု ရှိရမယ်။ လောကမှာ စီးပွားဥစ္စာတွေနဲ့ ငွေကြေးဓနမြောက်မြားစွာ ထုတ်လုပ်နိုင်တယ်။ သို့သော် မထိန်းသိမ်းဘူးဆိုရင် အလေအလွင့်တွေများပြီးတော့ စီးပွားဥစ္စာ တိုးသင့်သလောက် မတိုးဘူး။ အလုပ်လုပ်ပြီး ရလာတဲ့ ပစ္စည်းကို ရေကြောင့် မီးကြောင့် ရန်သူမျိုးငါးပါးကြောင့် မပျက်စီးအောင် အလေအလွင့် မရှိအောင် သေချာစောင်ရှောက်မှုဆိုတဲ့ အာရက္ခသမ္ဗဒါ တရားရှိဖို့လိုသေးတယ်။ ဒါလည်း ဒုတိယအချက်အနေနဲ့ အခုလက်ရှိဘဝမှာ စီးပွားတက်ဖို့ ဗုဒ္ဓကဟောထားတာ။ ဒါလည်း အင်မတန်လိုအပ်တဲ့ အကြောင်းတရားပါ။ 

(၃) ကလျာဏမိတ္တာ - မိတ်ဆွေကောင်း ရှိရမယ်။ စီးပွားရေးနဲ့ ပတ်သက်ပြီး အကြံပေးမည့်သူ၊ အကျင့်စာရိတ္တကေယင်းတဲ့သူ၊ အသိပညာရှိတဲ့သူ၊ စွန်လွှတ်နိုင်တဲ့သူ၊ ယုံကြည်ရတဲ့လူ၊ ဒီလိုမိတ်ဆွေကောင်းေ တွ အင်မတန်မှလိုအပ်ပါတယ်။ ဒီကနေ့ခေတ်ကြည့်စီးပွားဥစ္စာ တိုးတက်နေတဲ့ ပဂ္ဂိုလ်တွေတိုင်းဟာ ဒီအခြေနေကောင်းတွေ ရှိနေပါတယ်။ ကြိုးပမ်းအားထုတ်မှုကြောင့် ပစ္စည်း ဥစ္စာတွေ ရရှိလာမယ်။ ထိန်းထိန်းသိမ်းသိမး ရှိတတ်လို့ စုမိဆောင်းမိလည်း ရှိလာမယ်။သိုသော် မိတ်ဆွေကောင်းမရှိဘူးဆိုရင် အဲဒီ ပစ္စည်းဥစ္စာတွေဟာ သဲထဲရေသွန်သလိုအသုံးအဖြုန်းနဲ့ တစ်ခါတည်း ပျက်စီးဆုံးရှုံးသွားနိုင်တယ်။ 

(၄)သမ္မဇီဝိတာ- နောက်ဆုံးစီးပွားရေးနဲ့ ပတ်သတ်ပြီး တကယ်လ အရေးကြီးဆုံး တစ်ချက်ကတော့ သမ္မဇီဝိတာ ၊ရလာတဲ့ စည်းစိမ်ဥစ္စာါ် ကုယ်ထုတ်လုပ်တဲ့ ပစ္စည်း ၊ ကိုယ့်ရဲ့ ဝင်ငွေ ထွက်ငွေနဲ့ ပတ်သက်ရင် စာရင်းစာယားခိုင်ခိုင် မာမာထားပြီးတော ဝင်ငွေနျင့် ထွက်ငွေ အမြဲတမ်း မျှမျှတတ ဖြစ်နေဖို့ အရေးကြီးတယ်။ သမဇီဝိတဆိုတဲ့သဘောက ဝင်ငွေနှင့် ထွက်ငွေ အမြဲတမ်း ညှိပြီးတော့ သုံးစွဲတဲ့ အခုခေတ် စီပွားရေပညာလိုပဲ။ ဝင်ငွေကများပြီးတော့ သုံးငွေနည်းနေလို့ မဖြစ်ဘူး။ သုံးငွေက များပြီးတော့ ဝင်ငွေတွေက နည်းနေလို့လည်း မဖြစ်ဘူး။ ထို၂ခုဟာ မျှမျှတတ ဖြစ်နေဖို့လိုတယ်။ 

မြတ်စွာဘုရားက လွန်ခဲ့တဲ့ နှစ်ပေါင်း၂၅၀၀ကျော်ကတည်းက ကြိုးပမ်းမှု အားထုတ်မှု အလေအလွင့်မရှိအောင် ထိန်းသိမ်းမှု မိတ်ဆွေကောင်းရှိမှု ဝင်ငွေထွက်ငွေမျှမျှတတ သုံးစွဲမှု ဆိုတဲ့အချက်ကြီး၎ချက်ကို ဟောခဲ့ပါတယ်။ ဘယ်သူပဲဖြစ်ဖြစ်ဗုဒ္ဓဘာသာဝင်မှ မဟုတ်ပါဘူး။ ဒီစည်းကမ်းအတိုင်းဆောင်ရွက်မယ်ဆိုရင် စီးပွားရေးက တိုတက်လာမှာပဲ။ အများကြီးမတိုးတက်တောင် ပျက်စီးမသွားတော့ဘူး။ ဒါ ဒီဘဝမှာ ကောင်းတဲ့ အခြေအနေတွေနဲ့ ချမ်းသာသုခကို ပေးစွမ်းနိုင်တဲ့ အချက်၎ချက်ပါပဲ။ 

Credit to အဂ္ဂမဟာပဏ္ဍိတ အရှင် နန္ဒမာလာဘိဝံသ(Ph.D)
မြတ်ဗုဒ္ဓဒေသနာနှင့် ယနေ့ကမ္ဘာ

မိမိမိတ်ဆွေများဖတ်ရအောင် ရှယ်ပေးသွားပါအုံးနော်

သတိ နှင့် အတူ

Shwe Tun

ပြန်လည်တင်ပြပါသည်။


ယနေ့ အကြိုက်ဆုံးကဗျာ။


ကိုတင်မောင် ၏ ခန္ဓာဉာဏ်ရောက် 

နံနက်စောစော သီကုံးခဲ့သော ကဗျာ။


သတိ နှင့် အတူ.........

●●●●●●●●●●


အို သတိ

သင့်ကို ပစ်ပါယ် ထားခြင်းကို 

အပြစ်မယူပါနှင့်။


အို သတိ

သင်ကျွန်ုပ် နှင့် အတူရှိနေပါလျက် 

သင့်ကို ဂရု မပြုမိသည်ကို 

သည်းခံပေးပါ။


အို သတိ 

သင်၏ အစွမ်းသတ္တိ 

သင်၏ဖန်ဆင်းပေးနိုင်မှုကို

ကျွန်ုပ် ကောင်းကောင်းသိခဲ့ရပါသည်။


အို သတိ

သင်မရှိသည့်အခါ 

အလုံးအရင်းနှင့်လာသော

အကုသိုလ်အပေါင်းကြောင့် 

ကျွန်ုပ် ဒုက္ခအတိ ရောက်ခဲ့ရပါသည်။


အို သတိ

သင်ရှိနေပါက 

အဘယ်သို့သော အကုသိုလ်မျှ

ဝင်ရောက် ရန် မဝံ့ ခဲ့ပါ ။


အို သတိ

ယခုမှစ၍ သင့်ကို ဂရုပြု ပါမည်။

သင့်ကို ကျွန်ုပ် ကိုယ်နှင့် 

မခွါထားပါမည်။


မနောအိမ်တွင် 

သေချာပြုစုပါမည်။


သင်ထွက်ခွါသွား၍

မရအောင် သင့်အကူအညီနှင့် 

ဒါန ခြံတွင် သီလတံတိုင်းကာရံပြီး 

ဘာဝနာအိမ်လေးတည်ထားပါမည်။


အို သတိ

သင်နှင့် အတူ 

ဘဝဆုံးတိုင် 

ယှဉ်တွဲနေထိုင်ပြီး

သံသရာ ခရီး ဆုံးအောင် 

လျှောက်လှမ်းပါမည်။


အသင် သတိ ကြည်ဖြူ လက်ခံပေးပါ။....


မောင်တင်မောင် (တောင်ကြီး)


21 - 10 - 2013


5:50 am .


19.10.2013 မှ 23.10.2013 အထိ

ဆရာ ဒေါက်တာစိုးလွင် (မန္တလေး) ၏

တောင်ကြီးမြို့ အထက (၄) တွင် ဓမ္မလမ်း

အခြေခံ ဝိပဿနာသင်တန်း တက်ရောက်ပြီး

(နှစ်ရက်ကြာ သင်ယူပြီး တတိယနေ့မနက်)

"သတိ" ၏ အရေးပါပုံကို ခန္ဓာဉာဏ်ရောက်

သိရှိပြီး ရေးဖွဲ့ပါသည်။

 

Thursday, 26 June 2014

ကြီးပွားကြောင်း (၇) ရပ်

ကြီးပွါးကြောင်း (၇) ရပ်- ဆရာဖေမြင့် -

(၁) ကိုယ့်ဆီ ၀င်လာတဲ့ငွေရဲ့ ဆယ်ပုံတစ်ပုံကို အမြဲတမ်းချန်ထားပါ။

(၂) ကိုယ့်ဆီဝင်လာသော ငွေများကို စနစ်တကျ စီမံခန့်ခွဲသုံးစွဲပါ။ ငွေဝင်တဲ့ လမ်းကြောင်းတွေကို သိထားဖို့လိုသလို ထွက်တဲ့လမ်းကြောင်းတွေကို ဂဃနဏ သိထားဖို့လည်း လိုတယ်။ မလိုအပ်ဘဲ ထွက်နေတဲ့ လမ်းကြောင်းတွေရှိရင် အမြန်ဆုံး ပိတ်ပစ်ရန် လိုသည်။ အဲဒီလို မလုပ်ရင် အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်နေမည်။

(၃) ငွေတွေကို သက်မဲ့လို သဘောမထားရပါဘူး။ သူတို့အချင်းချင်း ရင်းနှီးပြီး တိုးပွားမယ့် နေရာတွေကို ပို့ရမယ်။ နွားတွေ၊ ကြက်တွေ အုပ်လိုက် မွေးသလိုပါပဲ။ သူတို့အချင်းချင်း မိတ်တွေလိုက်ကြ၊ ဥတွေဥကြ၊ အကောင်တွေ ထပ်ပွားကြပေါ့။ ကိုယ်က ငွေမရှာဘဲ ငွေငွေချင်း ပြန်ရှာသွားတာပေါ့။ ငွေကို သေတ္တာထဲ ထည့်သိမ်းထားရင် အကြောသေပြီး လေဖြတ်တဲ့လူလို ငွေတွေ လေဖြတ်သွားလိမ့်မယ်။ အင်အားမရှိတော့ဘူး။

(၄) အလုပ်လုပ်ရာတွင် လောင်းကစားမဆန်ရဘူး။ မြတ်ချင်မြတ်၊ ရှုံးချင်ရှုံး ဆိုတဲ့ သဘောမျိုး မလုပ်ရဘူး။ သေချာတာလောက်ကိုပဲ လုပ်ရမယ်။ မြတ်ရင်တော့ အများကြီးမြတ်မယ်၊ ရှုံးရင် ကုန်သွားမယ်ဆိုတာမျိုးကို ဘယ်သူက ဘယ်လောက် အပြောကောင်းကောင်း မလုပ်ရဘူး။ မပိုင်တဲ့အလုပ်၊ မကျွမ်းကျင်တဲ့အလုပ်မှာ ဘာရင်းနှီးမြှုပ်နှံမှုမှ မလုပ်ရဘူး။ ( သူများပြောတာကို မယုံနဲ့၊ ကိုယ့်မျက်စိနဲ့ တွေ့တာတောင် တစ်ဝက်ပဲယုံ )

(၅) အိမ်ငှားမနေနဲ့ - အိမ်ပိုင်ဖြစ်အောင်လုပ်၊ ကြိုးစား၊ ဆိုင်မငှားနဲ့။ အပိုင်ဖြစ်အောင် ကြိုးစား။ ငှားတာဟာ ကြာတော့ စရိတ်ထောင်းတယ်။ စိတ်လည်း ရှုပ်ရတယ်။ သေးတာကြီးတာ ပဓာန မဟုတ်ဘူး။ ကိုယ်ပိုင်ဖြစ်အောင် ကြိုးစားဖို့ပဲ။ အဲဒီ အပေါက်ဟာ ငွေအထွက်ဆုံးပဲ။

(၆) မမျှော်မှန်းနိုင်တဲ့ အနာဂတ်အတွက် ပြင်ဆင်မှုတွေ လုပ်ရမယ်။ ( မတ်တတ်စာပဲ ရှိတယ်၊ တုံးလုံးစာ မရှိဘူး လို့ မပြောရအောင် ပြင်ဆင်ထားပါ )

(၇) ကြိုးစားမှုကို ဘယ်တော့မှ မလျှော့နဲ့။ ( အားပေးတဲ့ ဖောက်သည်တို့၊ အားပေးတဲ့ ပရိသတ်တို့ဆိုတာ စိတ်ချရတာမျိုးမဟုတ်ဘူး။ ကိုယ့်ထက် တော်တဲ့၊ ကောင်းတဲ့လူရှိရင် အဲဒီကို သွားကြမှာ )
........................

Credit : ဆရာဖေမြင့် " ဘေဘီလုံမှ အချမ်းသာဆုံးပုဂ္ဂိုလ် "

Monday, 23 June 2014

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ၊၊

ဘေးရန်ခပ်သိမ်း ကင်းငြိမ်းတော်မူသော မြတ်စွာ ဘုရား၊ အကျွန်ုပ်သည် ဘေးရန်ကင်းကွာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာရပါလို၏၊ အန္တရာယ်ဘေးဒဏ် ရန်မာန်ခပ်သိမ်း ကင်းငြိမ်းရပါလို၏၊ဆင်းရဲခပ်သိမ်းကင်းငြိမ်းရပါလို၏၊ကြောင့်ကျခပ်သိမ်း ကင်းငြိမ်းရပါလို၏၊နှလုံးစိတ်ဝမ်း အေးချမ်းရပါလို၏၊၊
အကျွန်ုပ်ကဲ့သို့ပင် အနန္တ စကြာဝဠာ အတွင်း၌ ရှိကြကုန်သော အနန္တ သတ္တဝါတို့သည်  ဘေးရန်ကင်းကွာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ၊အန္တရာယ်ဘေးဒဏ် ရန်မာန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ၊ဆင်းရဲခပ်သိမ်းကင်းငြိမ်းကြပါစေ၊ကြောင့်ကျခပ်သိမ်း ကင်းငြိမ်းကြပါစေ၊နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ၊မိမိကိုယ်ကို တရားသဖြင့် ချမ်းသာစွာ စောင့်ရှောက်နိုင်ကြပါစေ၊၊
ကျောက်တလုံးတောရ ဆရာတော်