Tuesday, 5 August 2014

ဖုန်း

တယ်လီနော အူရဲဒူး နှင့် မမြင်နိုင်သော လက်နက်ပုန်း ဖုန်းဘေလ်များ 

=================================================

#မြန်မာ့ ဆက်သွယ်ရေး ဆိုတဲ့ MPT ကို လူအများ ကျိန်ဆဲနေတာ ကြာပေါ့ဗျာ။ အဝိုင်းလည်နေတာနဲ့ပဲ ဖုန်းဘေလ်ကုန်လို့ ဆိုတာကိုး။ အရင်ကတော့ ကျွန်တော့်စာတွေကို ပုံနဲ့ တွဲသုံးသဗျ။ နောက်ပိုင်း ကျွန်တော့်မြန်မာပြည်က မိတ်ဆွေ စာဖတ်ပရိတ်သက်ကို အားနာလာတော့ များသောအားဖြင့် ပုံ သိပ်မထည့်ပဲ စာတွေ ရေးပါတယ်။ အခုနောက်ပိုင်း စက်တင်ဘာလမှာ တယ်လီနောက ဖုန်းကဒ်တွေ ရောင်းပေးမယ်ဆိုတော့ မြန်မာနိုင်ငံက မိတ်ဆွေများပျော်ကြလေသည်ပေါ့။ သို့ပေမယ့် အလေးထားဂရုစိုက်ရမယ့် အချက်တွေ အများကြီးရှိနေပါလျက်နဲ့ ကုလားပိုင်လို့ တရုတ်ပိုင်လို့  မသုံးဘူး အော်နေကြတာတွေ ကို တွေ့ရပါတယ်။ အထူး အလေးထားသင့်တဲ့ အချက်တွေကို သတိမပြုကြလေတော့ သတိပေးချင်တာလေးတွေကို ရေးသားတင်ဆက်လိုက်ရပါတယ်ဗျာ။မြန်မာ့ ဆက်သွယ်ရေး MPT ကို မချစ်သော်လည်း အောင့်ကာနမ်းနေရတဲ့ အနေအထား ကနေ အပြိုင်အဆိုင် ပြည်ပကုမ္ပဏီတွေ ပေါ်လာတော့မယ်ဆိုတော့အားရပါးရနမ်းချင်မယ့် သူတွေ သုံးမယ်လို့ အားခဲထားတဲ့သူတွေ အများကြီးရှိလာပါတယ်။ တယ်လီနောကိုချစ်လို့ပဲ နမ်းနမ်း အူရဲဒူးကို ချစ်လို့ပဲနမ်းနမ်း သူတို့နဲ့ အတူ ပါလာတတ်တဲ့ ပွေးကွက် ဝဲကွက်တွေကိုတော့ ရှောင်နမ်းနိုင်ရင် အကောင်းဆုံးလို့ ယူဆရပါတယ်ဗျာ။အခုဆောာင်းပါးမှာ ဦးတည်ချက်က ဘယ်အဖွဲ့အစည်းကပဲ လာလုပ်လုပ် နိုင်ငံတကာက လာရင်းနှီးလုပ်ကိုင်ပြီး စီးပွားရေးဆန်ဆန် လုပ်မယ်ဆိုရင် လိုအပ်တဲ့ ဝန်ဆောင်မှုတွေ စာဖတ်သူတို့ ရရှိမှာဖြစ်သလို အမျိုးမျိုးသော ဝန်ဆောင်မှုတွေ၊ စကားမရှင်းတရှင်းနဲ့ လည့်ပတ်မှုတွေ၊ သုံးစွဲသူတွေအပေါ် စကားလုံး အသာစီးတွေနဲ့ အမြတ်ကျန်အောင် လှည့်ပတ်ကြဦးမှာ ထုံးစံပါဘဲ။ ဒါတွေကို သိထားကြပါသလား၊ လေ့လာဖူးကြပါသလား ကြုံဖူးကြပါသလား။ ဒီလို စကားလုံး တစ်လုံးနှစ်လုံးနဲ့ ကပ်လှည့်စားမယ့် နည်းဗျူဟာတွေ၊ ဖုန်းဘေလ်တွေ အတွက်ရော ကာကွယ်ထားကြပြီးပါပြီလား။ မတရားကုန်ကျလာမယ့် ကျသင့်ငွေတွေ အတွက် တရားမျှတမှုဖြစ်အောင်တိုင်တန်းလို့ရမယ့် အာဏာပိုင်အဖွဲ့ အစည်းတွေကိုရောပြင်ဆင်ပြီးပါပြီလား။ဘယ်လိုနှုန်းထားနဲ့ သတ်မှတ်လို့ ဘယ်လိုစည်းကမ်းတွေနဲ့ လုပ်ဆောင်ရမယ်၊အငြင်းပွားလာရင် ဘယ်လို သုံးစွဲသူတွေ ဘက်က ကာကွယ်ပေးမယ်ဆိုတဲ့ စည်းမျဉ်းဥပဒေ လုပ်ထုံးလုပ်နည်းတွေရောချမှတ်ပေးထားပြီးကြပါပြီလား။ ထိုင်းနိုင်ငံမှာ လူဦးရေ ၆၆ သန်းရှိပါတယ်။ ၁၉၉၆ ခုနှစ်လောက်ကတည်းက မိုဘိုင်းဖုန်းကို စတင် အသုံးပြုခဲ့ပြီး အခုအခါ မိုဘိုင်းဖုန်း နဲ့ အင်တာနက်ကို လျှောက်ထားအသုံးပြုသူက သန်း ၉၀ ရှိပါတယ်။ ဘက်စုံသုံး Smart Phoneတွေ အသုံးပြုသူကတော့ တစ်နှစ်ကို ၃၆% တိုးတက်လာပါသတဲ့။ အဲဒီဖုန်းတွေကို ဆက်သွယ်ရေးနဲ့ အင်တာနက် ဝန်ဆောင်မှုပေးနေတဲ့ကုမ္ပဏီကြီးသုံးးခုရှိပါတယ်။တယ်လီနောပိုင် (ဒီတက်) (Telenor (DTAC)၊ ထရူး(TRUE) နဲ့ အေအိုင်အက်စ်(AIS)တို့ပါ။သူတို့ကို ထိန်းချုပ်ပြီး လုပ်ထုံးလုပ်နည်းတွေ စည်းကမ်းဥပဒေတွေ ချမှတ်ပေးတာ၊ ဖုန်းသုံးစွဲသူတွေနဲ့ကုမ္ပဏီကြီးတွေ အကြား ပဋိပက္ခဖြစ်လာခဲ့ရင်ဆုံးဖြတ်ဖြေရှင်းပေးတာကတော့ ထိုင်းအစိုးရ အမျိုးသား အသံလွှင့်နှင့် ဆက်သွယ်ရေး ကော်မရှင် National Broadcasting and Telecommunications Commission (NBTC) ဖြစ်ပြီး ဒီ ကော်မရှင်ရဲ့ ထိန်းချုပ်မှုအောက်မှာ ကုမ္ပဏီကြီးတွေဟာ တစ်ခုနဲ့တစ်ခု အပြိုင်အဆိုင် ဝန်ဆောင်မှုလုပ်ငန်းတွေလုပ်ကြပါတယ်။ပထမဦးဆုံး မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်း၊ အင်တာနက် စတာတွေ သုံးစွဲတဲ့သူတွေသိထားသင့်တဲ့အချက်က နိုင်ငံတကာက ဆက်သွယ်ရေး လုပ်ငန်းတွေ အခြေတည်လာပြီဆိုရင် သုံးစွဲသူနဲ့ စံနစ်ကို အခြေခံ၂ မျိုး ခွဲထားပါတယ်။ Prepaidကြိုတင်ငွေပေးချေမှုနဲ့ Postpaid သုံးစွဲသမျှ ကျသင့်ငွေကောက်ခံမှုပါ။ Prepaid တွေရဲ့ ပွေးဝဲ ယားနာ အကြောင်းအရင်ပြောပါမယ်။Prepaid ဆင်းကပ်တွေကို လမ်းဘေးမှာကြိုက်သလိုဝယ်လို့ရပါတယ်။ တစ်ခါတစ်လေ အခမဲ့ပေးပါတယ်။ Postpaid စံနစ်နဲ့ ကွာဟချက်က အသုံးပြုခ ဈေးပိုများပါတယ်။ အရေးပေါ် လုံခြုံရေးအတွက်လိုအပ်ခဲ့ရင်တော့ မှတ်ပုံတင်ခိုင်းပါတယ်။ ဒီနေရာမှာစာချုပ်ချုပ်တာနဲ့ မှတ်ပုံတင်တာနဲ့ ကွာခြားကြောင်းသတိပြုစေလိုပါတယ်။Prepaid စံနစ်ကတော့ ရှင်းပါတယ်။ ကိုယ် ဖုန်းထဲကို ငွေကြိုထည့် ကျသလောက်သုံး ကုန်ရင်ထပ်ဖြည့်ပါ။ ဒါတောင်မှ အရင်က ထိုင်းက ဖုန်းနဲ့ အင်တာနက်ကုမ္ပဏီကြီးတွေက ဝယ်ဖြည့်ပြီး ဘယ်နှစ်ရက်အတွင်းပဲ ရက် ရတယ် အဲဒီရက် ကျော်ရင်သုံးလို့ မရဘူးဆိုတာ ရှိခဲ့ပါတယ်။ ဥပမာ ဘတ် ၅၀၀ တန် ငွေဖြည့်ကဒ်ဝယ်ဖြည့်လိုက်ရင် ဖုန်းထဲမှာ ဘတ် ၅၀၀ ဖြည့်ထားတာပေါ်လာပြီး နောက် ဘယ်နှစ်ရက် အတွင်းမှာ သုံးပါ။ နောက်ရက်ထပ်တိုးချင်ရင် တစ်ပတ် ကို ဘတ် ဘယ်လောက် စသဖြင့်ပေါ့ဗျာ လူလည်လုပ်ပြီး သုံးစွဲသူတွေဆီက ငွေချုယူကြပါတယ်။ အဲဒီသတ်မှတ်ရက် ကျော်သွားလို့ မသုံးဖြစ်ရင်ဒါမှမဟုတ် ရက်သက်တမ်း ထပ်မတိုးဖြစ်ခဲ့ရင် ထည့်ထားတဲ့ငွေ ပလုံပေါ့ဗျာ။အဲလောက်အထိ လူလည်ကျပါတယ်။နောက်ပိုင်းမှ တိုင်တဲ့ သူတွေများလာတော့ ထိုင်းအစိုးရ NBTC ကော်မရှင်က အဲလိုနည်းနဲ့လုပ်လို့ ဖုန်းသုံးဆွဲသူတွေ ဆီက အလကားရလိုက်တဲ့ငွေဟာ တစ်နှစ်တစ်နှစ် ဘတ်သန်းရာကျော်ရှိလို့ အဲဒီလို မလုပ်ရဘူးလို့ တားမြစ်လိုက်တာ သိပ်မကြာလှသေးပါဘူး။ ဒီနည်းဟာ ဖုန်းသုံးစွဲသူတွေကို တန်ရာတန်ကြေး ဝန်ဆောင်မှုမပေးလိုက်ပဲ မတရားအမြတ်ရသွားတဲ့ နည်းတွေထဲက တစ်နည်းပါ။ မြန်မာနိုင်ငံမှာရော...။ လာတော့မယ့်အူရဲဒူးတို့ တယ်လီနောတို့ရော ဒီလို အချိုးမျိုးလာမှာလား......။ဒါ့အပြင် ကြော်ငြာကုမ္ပဏီတွေနဲ့ ဆက်စပ်ပြီးမိတ်ဆွေတို့ ရဲ့ ဖုန်းနံပါတ်ကို ရောင်းစားတဲ့ သကာလမိတ်ဆွေတို့ ဖုန်းထဲမှာ တစ်နာရီကို နှစ်ခါသုံးခါလောက် ကြော်ငြာမက်ဆေ့ခ်ျတွေ ဝင်လာပါတော့မယ်။ဒါတွေကို သုံးစွဲသူဖက်က ရပ်တည်ပြီး သမာသမတ်ကျကျ တိုင်တောလာရင် ရပ်တည်ဖြေရှင်းပေးဖို့ ကော်မရှင်တစ်ရပ်ဟာမဖြစ်မနေ အရင်ဖွဲ့စည်းထားရမှာပါ။ လွန်ခဲ့တဲ့၂ ရက်လောက်က ထိုင်းလယ်သူမကြီး တစ်ယောက်ရဲ့ သား၊ အမေ့ ဖုန်းနဲ့ အင်တာနက်ဂိမ်းက စိန်ရမှတ်တွေကို ဘုမသိဘမသိ ဝယ်ဆော့နေတာ လကုန် ငွေရှင်းဖို့ တောင်းခံစာလာတော့ ဘတ် ၂သိန်းကျော် (မြန်မာငွေ သိန်း ၆၀ ကျော်) တောင်းလာပါတယ်။ ဖုန်း ကုမ္ပဏီရုံးခွဲ ကို သွားပြောတော့ သုံးပြီးဖြစ်နေလို့ မတတ်နိုင်ဘူးပေးရမှာပဲလို့ ဆိုပါသတဲ့။ ဒီ အဖြစ်အပျက်ကို စာနယ်ဇင်းတွေကတစ်ဆင့် ထိုင်းအစိုးရ NBTC ကော်မရှင်က သိသွားတော့ကော်မရှင် အတွင်းရေးမှုးချုပ် တာကွန် တန်တာစစ်က ကုမ္ပဏီကို ခေါ်ပြောတော့မှ လယ်သူမ သားအမိ ဘုမသိ ဘမသိ လုပ်မိတဲ့ အတွက် အဲဒီငွေတွေမပေးပါနဲ့လျှော်ပစ်ပါတယ်လို့ အကြောင်းပြန်လာပါတယ်။ ဒီလိုနောက်ထပ်မဖြစ်အောင် ဖုန်းကုမ္ပဏီတွေကို အမြင့်ဆုံး ဖုန်းကနေ ဝယ်ယူနိုင်တဲ့ ငွေပမာဏကို သတ်မှတ်ပေးဖို့အမိန့်ထုတ်ပါတယ်။ အစိုးရ ကော်မရှင်ကနေ ပြည်သူတွေ မနစ်နာရအောင်ကြားဝင် ရပ်တည်ပေးတာပါ။မြန်မာပြည်မှာ ဆိုရင်ရော ကလေးတစ်ယောက် အူကြောင်ကြောင် သုံးမိတဲ့အတွက်တစ်အိမ်သားလုံး ဆယ်သက် ဆပ်မကုန် ဘဝပျက်ရမှာပါလား။ ဘယ်အဖွဲ့ အစည်းကဝင်ရောက်ရပ်တည် ဖြေရှင်းပေးမှာပါလဲ။ မင်းတို့ လက်ကမြင်းတာ မင်းတို့ ဘာသာ ခံပေရော့လို့ အကြောင်းပြန်မှာပါလား။မြန်မာပြည်မှာ ဒီလုပ်ငန်းကြီးတွေ က လုပ်လာမယ့် ဒီလို အချိုးမျိုး လူလည် ကျမှုတွေကို စနစ်တကျ ထိန်းချုပ်ပြီး တိုင်တောလို့ ရမယ့် အစိုးရ အာဏာပိုင် အဖွဲ့အစည်းတွေနဲ့ လုပ်ထုံးလုပ်နည်းတွေ ကြပ်မတ်ပြီး သုံးစွဲသူတွေဘက်က ရပ်တည်ဖို့ ပြင်ဆင်ပေးပြီးကြပြီလား။ ဖြစ်လာမှာနော်..။ နိုင်ငံခြားက လာတည်ထောင်လို့ စပ်ဖြီးဖြီးနဲ့ သူတို့လက်သိပ်ထိုးတဲ့ ဂေါက်ဆက်ကလေးနဲ့ ဂေါက်သီးရိုက်လိုက် ဂျော်နီဝါးကားဒဗယ် ဘလက်လေးနဲ့ ငတ်ကျော ထနေရင်တော့ ဖုန်းသုံးမယ့်သူတွေကို သနားလှပါသဗျာ။ ဖုန်းသုံးသူတွေ........... ထူးမခြားနားသီချင်းဆိုပြီး ငိုချင်းသာချနေပါတော့။ကဲ.........နောက်အကြောင်းဆက်ရေးမယ်ဗျာ။နောက်တစ်မျိုးကတော့ Postpaid အကြောင်းဗျ။ နိုင်ငံတကာကနေ ပြီးဆက်သွယ်ရေးလုပ်ငန်တစ်ခုခုကို တခြားတစ်နိုင်ငံမှာ ဝန်ဆောင်မှုလာပေးလာဟာ အဲဒီနိုင်ငံသားတွေအတွက်ဝန်ဆောင်မှုပေးပြီး အကျိုးအမြတ်ကို ရယူတာဖြစ်ပါတယ်။ ဒီတော့ လာရောက်ရင်းနှီးမြုပ်နှံတဲ့ကုမ္ပဏီ ကြီးတွေ အခြေတကျ ဖြစ်တာနဲ့ နိုင်ငံသားတွေအတွက် Postpaid စံနစ်ကို အမြန်ဆုံး ပူးတွဲ အကောင်အထည်ဖော်ကြပါတော့တယ်။သုံးစွဲသူတွေကို နည်းမျိုးစုံနဲ့ မက်လုံးပေးကြတာပါ။ ဥပမာအားဖြင့် ကျွန်တော် အသုံးပြုတဲ့မိုဘိုင်းဖုန်းဆိုရင် 3G H အင်တာနက် ကို ကြိုက်သလောက်သုံး၊ ပြီးရင် ဖုန်းက ပြည်တွင်းမှာကြိုက်တဲ့ မိုဘိုင်းဖုန်းနံပါတ်ကို မိနစ် ၅၀၀ အခမဲ့ခေါ်၊ ပြည်တွင်းကြိုက်တဲ့ နံပါတ်ကို မက်ဆေ့ခ်ျ အစောင်၅၀၀ အထိ အခမဲ့ပို့ စတဲ့ အတွဲကို ယူထားတာ တစ်လကို ၅၉၉ ဘတ်ပေးရပါတယ်။ ပိုသုံးရင် ပိုတာ ထပ်ပေး၊ ပြည်ပခေါ်တာသပ်သပ်ပေးပေါ့ဗျာ။ အင်တာနက် လဲ သုံးချင်သုံး မသုံးချင်နေ ပါ။ အဲတော့ အခြေခံအားဖြင့် တစ်လ ၅၉၉ ဘတ် ကတော့ပေးနေပေါ့ဗျာ။ဒါက သူတို့ပေးတဲ့ ဝန်ဆောင်မှု ဥပမာပါ။ အများကြီးရှိပါတယ်။ တစ်လ ဘတ် ၁၀၀တန် ၂၀၀ တန် ၃၀၀ တန် ဝန်ဆောင်မှုတွေကနေ ဘတ် ၁၅၀၀ ကျော် ဝန်ဆောင်မှုတွေအထိရှိပါတယ်။ ကိုယ်ကြိုက်တာကိုယ်ရွေးယူပြီး လူတန်းစားအသီးသီးအတွက် ဘယ်ဘက်ကမှ လွတ်မသွားရအောင်ဈေးကွက် ရှာကြတာပါ။ ခက်တာက အဲဒီ လိုင်းတွေကို ကိုယ်က နှစ်သက်လို့ တစ်ခုခု ရွေးပြီးဝယ်လိုက်မိရင် အတိုင်းအတာ တစ်ရပ်အထိပဲ 3G 4G စသဖြင့် သုံးလို့ ရပါတယ်။ သူတို့ သတ်မှတ်တဲ့ မီဂါဘိုက် ဂစ်ဂါဘိုက် အရည်အတွက် ပြည့်တာနဲ့ အဲဒီ 3G 4G Speed တွေကို ရပ်ဆိုင်းလိုက်ပြီး GPRS 2G အဆင့်ကို ပြောင်းချလိုက်တော့တာပါပဲ။ အဲဒီနောက်မှာတော့ ဖုန်းကနေတစ်ဆင့် အပိုထပ်ဝယ်ချင်ရင် ဘယ်နံပါတ်ကို နှိပ်ပါဆို ပြီး မက်ဆေ့ခ်ျတွေ အဆက်မပြတ်ပို့ပါတော့တယ်။အဲဒီ သုံးစွဲမှုစံစနစ်တွေ အနေနဲ့ မြန်မာအစိုးရကရော သတ်မှတ်ထားပေးပါပြီလား။ အဲလိုသတ်မှတ်ပေးခြင်းမရှိလို့ကတော့ မြန်မာပြည်က သုံးစွဲသူတွေ နစ်နာစေမှာဖြစ်ပါတယ်။ ကျွန်တော် တင်ပြတာ အများစုဟာ မြန်မာပြည်က စာဖတ်သူတွေအနေနဲ့တွေ့ကြုံဖူးခြင်းမရှိသေးတဲ့အတွက် အထူးအဆန်းလိုဖြစ်နေဖို့ များပါတယ်။နောက်တစ်ခုက အင်တာနက် ကုမ္ပဏီတွေရ မစားရ ဝမခန်း ရန်ကုန် တစ်မြို့လုံးပဲရမလို မြန်မာပြည်နေရာအနှံ့ပဲရမလိုနဲ့ပြောတတ်ကြပါတယ်။ ထိုင်းလို မိုဘိုင်းအင်တာနက် အသားကျပြီးနေတဲ့ နိုင်ငံမှာတောင် ဘန်ကောက်မြို့ တချို့နေရာတွေမှာလိုင်းမမိတာတွေရှိပါတယ်။ အဲဒီတော့ အင်တာနက်ဝန်ဆောင်မှုကုမ္ပဏီ ကနေ လိုင်းတစ်ခုဝယ်တော့မယ်ဆိုရင် မိမိနေတဲ့ အရပ်ဒေသမှာလိုင်း မိ မမိ လွှင့်အားဘယ်လောက် ရတတ်လဲမေးကြည့်ရပါတယ်။ တစ်ချို့နေရာတွေမှာ ကုမ္ပဏီ တစ်ခုနဲ့တစ်ခုဈေးကွက်မျှတဲ့ အနေနဲ့ တယ်လီနောလိုင်းမိတဲ့နေရာမှာ အူရဲဒူးမမိ၊ အူရဲဒူးမိတဲ့နေရာမှာ တယ်လီနော မမိဖြစ်တတ်ပါတယ်။ ဖြစ်တတ်တယ်ဆိုတာထက် ဖြစ်ကို ဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ တင်ပြချင်တဲ့ အကြောင်းအရာက Roaming လို့ ဆိုတဲ့ ကိုယ့်ဖုန်းနံပါတ်ကို တခြားနိုင်ငံမှာ သယ်သွားချင်ကြတဲ့ သူတွေအတွက် ဖုန်းကုမ္ပဏီတွေကပေးတဲ့ ဝန်ဆောင်မှုပါ။ ဒီ ဝန်ဆောင်မှုကိုတော့ မိမိဖုန်းနံပါတ်ကနေ အလုပ်လုပ်နေကြတဲ့ တကယ့်ကို ကိုယ့်ဖုန်းနံပါတ်က အရေးပါတဲ့ အနေအထားမှာရှိနေသူတွေသုံးကြတာပါ။ သာမန်လူတွေကတော့ မသုံးသင့်လှပါဘူး။ဒီကနေ့ပဲ ထိုင်းသတင်းစာမှာ သတင်းတစ်ပုဒ်ပါလာပါတယ်။ လုပ်ငန်းရှင်တစ်ယောက်က နိုင်ငံခြားကို သွားပါတယ်။ မြန်မာနိုင်ငံမှာတော့ မသိဘူးပေါ့ဗျာ ဒီမှာကတော့ Roaming ဝန်ဆောင်မှုကို ဖုန်းကနေဖွင့်လိုက်တာနဲ့ တိုက်ရိုက်တန်းရနေတော့ အဲတာကို ဖွင့်မိပါတယ်။ အဲတာကြီးနဲ့ နိုင်ငံခြားမှာ အဆက်အသွယ်လုပ်တော့ လုပ်လို့လဲ မရပါဘူးတဲ့။ မရလေဖုန်းကို Restart ချပြီး ဖွင့်ချည် ပိတ်ချည်နဲ့ လုပ်လေနဲ့ နိုင်ငံခြားမှာ တစ်လကြာသွားပါတယ်။ ပြန်လာတော့ ရောက်လာတဲ့ ဖုန်းဘေလ်တောင်းခံလွှာမှာဘတ် ၁၄ သန်း Roaming ကျသင့်ငွေ အဖြစ်တောင်းခံထားပါသတဲ့။ မကျေနပ်လို့ထိုင်းအစိုးရ NBTC ကော်မရှင်ကိုတိုင်တော့ ကော်မရှင် အတွင်းရေးမှုးချုပ် တာကွန်တန်တာစစ်က အခု လုပ်ငန်းရှင်ကိုင်တဲ့ ဖုန်းကို အင်တာနက် နဲ့ ဖုန်းဝန်ဆောင်မှု ပေးတဲ့ တယ်လီနောရဲ့ ဒီတက် (DTAC) နဲ့ TRUE ပိုင်(TRUE MOVE) တို့ကို ဆင့်ခေါ်ပြီး ဒီလုပ်ငန်းရှင်က ဒေတာ အချက်အလက်တွေကို တကယ် သုံးခဲ့တာလား၊ ဒါမှမဟုတ် ဖုန်းကပဲပျက်ယွင်းနေလို့ကောင်းကောင်းအလုပ်မလုပ်ပဲ ကြောင်နေတာလား ပြန်စစ်ဖို့ အမိန့်ပေးထားပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံဆိုင်ရာ ဂူဂဲလ် ပလေးစတေရှင် ကိုယ်စားလှယ်နဲ့ အခြား ဖုန်းလုပ်ငန်းလုပ်ကိုင်နေကြတဲ့ မိုဘိုင်းဖုန်းကုမ္ပဏီတွေကို ခေါ်ပြီး ဖုန်းကနေ အများဆုံး သုံးနိုင်မယ့် ငွေကြေးပမာဏကို သတ်မှတ်ဖို့ လာမယ့်ကြာသပတေးနေ့မှာအစည်းအဝေး ခေါ်ထားပါတယ်။ဒီတော့ မလိုအပ်ရင် Roaming ဝန်ဆောင်မှုကို မသုံးသင့်ကြောင်းလည်း အသိပေးချင်ပါတယ်ဗျာ။နောက်တစ်ချက်က ဖုန်းတွေ ကို လျော့ဈေးနဲ့ပေးပါတယ်။ ဥပမာ I phone 5 S ဖုန်းမျိုးကို ပေါက် ဈေးထက်ထက်ဝက်လောက်လျော့ပေးပြီး သူတို့ရဲ့ အင်တာနက် စံနစ်ကိုဝယ်ယူအသုံးပြုရပါတယ်။ အဲလို ဘယ် နှစ် နှစ် တောက်လျှောက် အသုံးပြုပါနယ်ဆိုတာ စာချုပ်ရပါတယ်။ စာချုပ်မတိုင်းမသုံးခဲ့ရင် တရားစွဲပါတယ်။ ရှုံးရင်တရား စားရိတ်ကအစ ကျခံရပါတယ်။ တခြား အင်တာနက် ပက်ကေ့ဂ်ျ တွေမှလြည်း အဲလို စာချုပ်နဲ့တွဲဝယ်ရတာမျိုးရှိပါတယ်။ ၆လ အနည်းဆုံးသုံရမယ်တို့ တစ်နှစ် အနည်းဆုံးတို့ ချည်ပြီးတုတ်ပြီးသုံးခိုင်းကြတာပါ။ ကိုယ်က လစဉ်မပေးနိုင်ရင် သတိပေးစာပို့ပါတယ်။ပျက်ကွက်ခဲ့ရင်တရားစွဲပါတယ်။ အဲလိုမျိုးတွေမှာ စေ့စေ့စပ်စပ် လှည့်ကွက်တွေကိုကြည့်ပြီးမှဝယ်သင့်ပါတယ်။Postpaid ဖုန်းရဲ့ ဆင်းကဒ်တစ်ခု ဝယ်ရင် မှတ်ပုံတင်ပြ ပြီးမှ ကျား မ နေရပ်လိပ်စာဖြည့်စွပ်ပြီးဝယ်ရတာနဲ့ ပါတ်သက်လို့က ကျွန်တော်သိသလောက် တစ်ခြားနိုင်ငံတွေမှာလည်းလုပ်ရပါတယ်။ ဆင်းကဒ်ကို ဖုန်းအနေနဲ့ သက်သက် အသုံးပြု ရင် သိပ် အကြောင်းမဟုတ်ပေမယ့် အင်တာနက်လိုင်းဖွင့်ဖို့ လျှောက်တော့မယ်ဆိုရင်တော့ အူရဲဒူးမှ ကွက်တောင်းတာမဟုတ်ပါဘူး။ တယ်လီနောရော ထရူးရောအကုန်တောင်းကြရပါတယ်။ နိုင်ငံတနိုင်ငံရဲ့ လုံခြုံရေးနဲ့ပါတ်သက်နေပါတယ်။ ဒီလိုလုပ်ဆောင်မှုကြောင့်အကြမ်းဖက်မှုတွေ ရာဇဝတ်မှုတွေကို ကာကွယ်ရာမှာ အများကြီးအထောက်အကူပြုပါတယ်။ နောက်ပိုင်းမှာတွင်ကျယ်လာမယ့် မိုဘိုင်းဖုန်းသုံး ဘဏ်စနစ်တွေငွေပေးချေမှုစံနစ်တွေမှာ အများကြီး အထောက်အကူပြုပါတယ်။ ဘယ် လုပ်ငန်းကြီးလာလာ ဒီအချက်ကတော့ အခုမဟုတ်တောင် နောက်က လိုက်လုပ်ကြမှာပါ။ ဒီတော့ မရောင်ရာဆီလူး အစိုးရိမ်ပိုပြီး အဆုံးစွန်တွေ ကြိုတွေးမပူသင့်ပါဘူး။ဒီစံနစ်တွေအားလုံးရဲ့ အဓိက လိုအပ်ချက်ဟာ ကျွန်တော် ပေါ်မှာပြောခဲ့တဲ့ ဖုန်း၊ အင်တာနက် သုံးစွဲသူနဲ့ ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်မယ့် ကုမ္ပဏီကြီးတွေကြားမှာ စံနှုန်း၊ လုပ်ထုံးလုပ်နည်ါး် စည်းစံနစ်ချမှတ်ပေးမယ့်အပြင် အထက်က ဖော်ပြခဲ့တဲ့ ဖြစ်ရပ်တွေလို ဖြစ်လာရင် ညှိနှိုင်းပေးနိုင်မယ့် ဖြေရှင်းပေးရမယ့် သြဇာအာဏာရှိတဲ့ အမှုဆောင်ကော်မရှင်တစ်ရပ်က လိုကို လိုအပ်ပါတယ်။ ကုမ္ပဏီဖွင့်ဟ.. လုပ်ကြဟ.. ငါတို့ကိုနှစ်စဉ်ကြေးသွင်း၊ အခွန်အကောက်သွင်း၊ ကျန်တာ...မင်းတို့အဆင်ပြေသလို စိတ်ကြိုက်လုပ်ထုံးလုပ်နည်းချမှတ်ကြ၊ ဆိုရင်တော့ ဖုန်းသုံးသူတွေနဲ့ ကုမ္ပဏီတွေကြားမှာ ကုမ္ပဏီတွေက သူတို့ကြိုက်သလို မိုဘိုင်းအင်တာနက် ဝန်ဆောင်မှု စာချုပ်တွေကို ရေးချင်သလို အသာစီးရေးဆွဲသွားရင်မြန်မာပြည်သားဖုန်းသုံးစွဲသူတွေနစ်နာမှာပါ။ဘယ်နိုင်ငံမှာမဆို ဖုန်းသုံးစွဲသူတွေ အင်တာနက်ဝန်ဆောင်မှုကို ရယူကြတော့မယ်ဆိုရင် စာချုပ်ချုပ်ဆိုကြရတာထုံးစံပါ။ ကုမ္ပဏီတွေ့လည်း ရတဲ့ နည်းနဲ့ အမြတ်ထုတ်ကြမှာပါ။နိဂုံးချုပ်အနေနဲ့တိုက်တွန်းရရင်တော့ ဘယ် ကုမ္ပဏီက ဝယ်သုံးသုံး အထက်ဖော်ပြခဲ့တဲ့ ဝဲကွက် ပွေးကွက်တွေတော့ပါမှာဖြစ်ပါတယ်။ အလောတစ်ကြီး ဝမ်းသာအားရ မဝယ်ကြပဲ သေသေချာချာ မေးမြန်းပြီးကိုယ်နဲ့ သင့်တင့်မယ့် ဝန်ဆောင်မှုကိုသာ စောင့်ကြည့်ဝယ်သူသင့်ကြောင်းတိုက်တွန်းလိုက်ပါတယ်။ 

Credit - ZawMinn Htun

Sunday, 3 August 2014

Android အစစ် အတု

SAMSUNG ANDROID ဖုန်း အတု နဲ့ အစစ် ခွဲခြားနည်း ( REAL VS FAKE SAMSUNG GALAXY S4 )



tkm: အစ်ကို Samsung Android ဖုန်းကို အတု / အစစ် သိချင်လို့ ဘယ်လို လုပ်ရမလဲ ပြောပြပေးပါအုံး .. အရင်ကတော့ စက်ရုပ်လေးပေါ်ရင် အစစ်လို့ ပြောကြတယ် အဲဒါကို ဘယ်လို လုပ်ကြည့် ရမလဲ .... 


Sansung Android ဖုန်း အတု (Fake)  နဲ့ အစစ် (Real) ခွဲခြားနည်း ကို အနီးစပ်ဆုံး ခွဲခြားနိုင်အောင် ရှာဖွေ စုဆောင်း တင်ပြပေးလိုက်ပါတယ်.... 

အောက်ကပုံတွေကတော့ Samsung S4 i9500 ရဲ့ အတု  နဲ့  အစစ် ခွဲခြားပြထားတဲ့ ပုံတွေပါ.... လေ့လာကြည်နိုင်ပါတယ်....
This is a picture comparison between a real S4 i337M and fake i9500












xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx


Samsung ဖုန်း အတု / အစစ် ခွဲခြားနိုင်ဖို့ အတွက်  IT GARDEN မှာ ရေးထားတာလေးကို တဆက်ထဲ ပြန်လည်မျှဝေပေးလိုက်ပါတယ်....။


ရုတ်တရက် ကြည့်ရင် Android လို့ ထင်ရနိုင်ပါတယ်။ Touch Screenကို စမ်းကြည့်မယ်ဆိုရင် ကွဲပြားစွာသိရှိနိုင်ပါတယ်။ ခက်တာက Androidကို အသုံးပြုထားတဲ့ တစ်ချို့ Handsets တွေမှာ Android အစစ်ဖြစ်တယ်ဆိုတာကို သိနိုင်ဖို့ခက်ပါတယ်။ တစ်ချို့ Handsetsတွေက များသောအားဖြင့် Clone Handsets တွေ မှာတွေ့ရတတ်ပါတယ်။ Android အစစ်ကဲ့သို့ အသုံးပြုနိုင်တဲ့ Featureတွေ အကုန် ပါဝင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီ့ Android ဖုန်းတွေက Android အစစ်ကို အသုံးပြုထားတဲ့ဖုန်းတွေ မဟုတ်ကြပါဘူး။

Androidအစစ်ကို အသုံးပြုထားတဲ့ဖုန်းနဲ့ Android အစစ်မဟုတ်တဲ့ဖုန်းတွေက ဘာတွေကွဲပြားလဲ ဆိုရင်တော့ ကွဲလွဲတာတွေသိပ်မရှိပေမဲ့ Brand အစစ်နဲ့ခွဲခြားလို့မရအောင်တူတဲ့ Clone Handsets တွေမှာ Android အစစ်မဟုတ်တာတွေကို သုံးထားတာဖြစ်တဲ့အတွက် Brand အစစ်ဆိုပြီး ၀ယ် လိုက်မိသွားမှာ စိုးရိမ်တဲ့ Android User တွေ အတွက်ဒီနည်းလမ်းလေးကို ပြောပြလိုက်ပါတယ်။

အခုနောက်ပိုင်းဝင်လာတဲ့ Samsung Galaxy Mini တွေမှာ Android အစစ်မဟုတ်တာတွေကို သုံးထားပါတယ်။ လုံးဝကို အစစ်နဲ့တူပါတယ်။ အဲ့လိုဖုန်းတွေကို အစစ်မဟုတ်ကြောင်း ဘယ်လိုစမ်းနိုင်လဲ ဆိုရင်၊ အလွယ်ဆုံးက Setting ထဲကိုဝင်ပြီး Display ကိုရှာလိုက်ပါ။

Samsung Galaxy Series တွေအတွက်ဒီနည်းနဲ့ စမ်းကြည့်လို့ရပါတယ်။ Displayထဲမှာ Font Style ကိုရှာကြည့်လိုက်ပါ။ တွေ့ရင်အစစ်ဖြစ်ကြောင်း ယုံလို့ရပါတယ်။ မတွေ့ရင် အစစ်မဟုတ်ဘူးပေါ့ဗျာ။

နောက်တနည်းကတော့ လုံးဝအစစ်ဖြစ်တယ်ဆိုတာကို စမ်းကြည့်လို့ရပါတယ်။ Setting ထဲကိုဝင်လိုက်ပါ။ About Phone ကိုတွေ့ပါလိမ့်မယ်။ Android Version 4.0.4 စသဖြင့်ရေးထားတဲ့ နေရာလေးကို ၃ ခါ လေးခါလောက် ဆက်တိုက်နှိပ်ကြည့်ပါ .... စက်ရုပ်ပုံလေးပေါ်လာပြီး Android Version ရယ် ICS, Jelly Bean ဆိုတာကို ဖေါ်ပြပေးပါလိမ့် မယ်။ နောက်ပြီး စက်ရုပ်ပုံလေးကို ဆက်ဖိထားလိုက်ရင် စက်ရုပ်ပုံလေးတွေပြေးနေတာကို တွေ့ရပါလိမ့် မယ်။ Clone Handsetsတွေမှာ အဲ့ဒီလိုဖြစ်အောင်မလုပ် နိုင်ပါဘူး။

ဒီနည်းလမ်းတွေက Android ဖုန်းတွေကို အစစ်ဟုတ်မဟုတ် စစ်ကြည့်လို့ရနိုင်ပါတယ်။အတုအစစ် ခွဲခြားဖို့အတွက် အလွယ်ကူဆုံး နည်းလမ်းနဲ့ အထက်မှာပြောပြထားတဲ့အတွက် လုံလောက် ပြီး 

အဆင်ပြေကြ မယ်ထင်ပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်
...

Credit : IT GARDEN



Thursday, 31 July 2014

ခင်ပွန်းကြီး (၁၀)ပါး ပူဇော်ကန်တော့ခြင်း (၂)

ခင်ပွန်းကြီး (၁၀)ပါး ပူဇော်ကန်တော့ခြင်း (၂)
===============================




ဒါကြောင့် ကျွန်မ ကတော့ အဖိတ်နေ့။လပြည့် နေ့၊ လပြည့် ကျော် တစ်ရက် တွေ မှာ မှန် မှန် ကန် တော့ ဖြစ်ခဲ့ပါတယ်၊ နေ့ တိုင်း မကန် တော့ တာ ကတော့ လေးလေး နက်နက် မလုပ် ဖြစ်မှာစိုးလို့ပါ..။
အဖိတ်နေ့ ညနေ တွေ မှာ *ပန်း၊ သစ် သီးတွေ ၁၀ မျိုး ၊ ဖယောင်းတိုင် ၁၀ တိုင်၊ ချောကလက်၊ ကိတ် မုန့် ဝယ်ပြီး၊သောက် တော် ရေ ၁၀ ခွက်* တို့ကို အာမိသ ပူဇာ အဖြစ်လှူ ပြီး အဲ ဒီနေ့ ည မှာ ကန် တော့တယ်..။
ပဋ္ဌာန်း တို့ ဓမ္မ စင်္ကြာ၊ ပရိတ်ကြီး (၁၁)သုတ်၊ အနတ္တလက္ခဏသုတ် တို့ပါ ရွတ် ဆိုပြီး ဓမ္မပူဇာ အဖြစ် ပူဇော် လိုက် ပါတယ်..။
ဆရာတော် ဟော တာ ကတော့ လှူ ဘွယ် များစွာ နဲ့ ကြိုက် သလို လှူ ပါ..။ အစစ် အမှန် ကြည် ညို ဘို့ သာ အဓိ က ဖြစ်ပါတယ် တဲ့..။
ဒီတော့ ရက်တို့ ၊ လှူဘွယ်ပစ္စည်း တို့ ဆိုတာ ကိုယ် ကြိုက်သလို ရွေးချယ်နိုင်ပါတယ်
ဘုရား ကန် တော့ ငါးပါးသီလ ၊ ယူပေါ့လေ။ ကျွန်မ ကတော့ အာ ဇီဝဋ္ဌမ္မ ကသီလ ဆောက် တည် ပါတယ်။
• ဒီနေရာမှာ ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရား ရဲ့ စကားအတိုင်း နာယူ ရွတ်ဆို ပူဇော် ကန်တော့ ပေးကြပါနော်*
ဘုရားရှင်ကိုယ်တော်မြတ်ကြီးက သတ္တဝါတွေအပေါ် အင်မတန် မေတ္တာ
ဂရုဏာ ကြီးမားတယ်နော်။ သုမေဓာ ရသေ့ဘဝမှာ နိဗ္ဗာန်ရလိုက ရနိုင်ပါသော်
လည်း သတ္တဝါတွေအပေါ် သနားတဲ့စိတ် ကရုဏာဓာတ် အင်မတန်ကြီးမားတာ
ကြောင့် ဘုရားဆုပန်ခဲ့တယ်နော်။
ဘုရားဆိုတာသည် မိသားစုအတွက် မဟုတ်ပါ
ဘူး။ ရပ်ရွာတစ်ခု၊ မြို့ရွာတစ်ခု၊ တိုင်းပြည်တစ်ခု၊ ကမ္ဘာတစ်ခုအတွက် မဟုတ်
ပါဘူး။ စကြာဝဠာရှိ သတ္တဝါ အားလုံးအတွက်နော်။ ဒီလိုမေတ္တာ ဂရုဏာပိုင်ရှင်
ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ပရိနိဗ္ဗာန် စံဝင်တော်မူခါနီးတောင်မှ မိုက်မဲတဲ့
ပုဂ္ဂိုလ်များအတွက် ကျွတ်တန်းဝင်ရန် ဓာတ်တော်ချန်ပေး ခဲ့တယ်။
အဓိဋ္ဌာန်ပေးခဲ့တယ်နော်။
ဓာတ်တော်သည် ဘုရားကိုယ်စား ဘုရားပါပဲလို့ မှတ်ကြ။
အဲဒီဓာတ်တော်ကို သက်ရှိထင်ရှားလို့ အောက်မေ့ကြပါ။ ဒါကြောင့်မို့ အားလုံးရဲ့
သဏ္ဌာန်ရှေ့၌ သက်တော်ထင်ရှား ရှင်တော်မြတ်ဘုရားကြီး ကြွရောက်နေပါပြီ …။
“သက်တော်ထင်ရှား ရှင်တော်မြတ်ဘုရား၊ ဘုရားတပည့်တော်သည် မသိ၊ မလိမ္မာ ခင်က မိုက်မဲစွာ ပြစ်မှားမိတဲ့ ကံတွေရှိခဲ့ပါ၏။ ထိုကံ ခင်က မိုက်မဲစွာ ပြစ်မှားမိတဲ့ ကံတွေရှိခဲ့ပါ၏။ ထိုကံသတ္တိနှင့် တန်ပြန်မှု အပြစ်တွေ သတ္တိနှင့် တန်ပြန်မှု အပြစ်တွေ
ပျောက်ခြင်းငှာ ရှင်တော်မြတ်ဘုရား အဆုံးအမကို ခံယူလျက်၊ ရှင်တော်မြတ်ဘုရား
ထံ၌ပင် ...
တောင်းပန်ကန်တော့ခြင်း အခွင့်ကို ပေးတော်မူပါဘုရား။ ကန်တော့ခြင်း အခွင့်ကို ပေးတော်မူပါဘုရား။
ကန်တော့ခြင်း အခွင့်ကို ပေးတော်မူပါဘုရား။”
ရွတ်ဆိုပူဇော် ရန် မှာ..။
* ၁။ ဘုရားတပည့်တော်သည် သံသရာအစမှစ၍ ယနေ့
တိုင်အောင် ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မြတ်စွာဘုရားရှင်ကိုယ်တော် မြတ်
ကြီး တို့၏အပေါ်၌ ကာယကံ၊ ဝစီကံ၊ မနောကံ သုံးပါးသောကံတို့ဖြင့် ပြစ်မှားမိသည်
ရှိခဲ့ပါသော် ထိုအပြစ်တို့ကို ပျောက်ပါ စေခြင်းအကျိုးငှာ ရိုသေမြတ်နိုး လက်စုံမိုး၍
ရှိခိုးပါ၏ မြတ်စွာဘုရား။
၂။ဘုရားတပည့်တော်သည် သံသရာအစမှစ၍ ယနေ့တိုင်အောင်
ဂုဏ်ကျေးဇူးကြီးမား ကြကုန်သော ပစ္စေကဗုဒ္ဓါ အရှင်မြတ်ကြီးတို့၏အပေါ်၌
ကာယကံ၊ ဝစီကံ၊ မနောကံ သုံးပါးသောကံတို့ဖြင့် ပြစ်မှားမိသည်ရှိခဲ့ပါသော်
ထိုအပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ မြတ်စွာဘုရား။
(ဉာဏ်ဆန်းကြယ်မှ ကံဆန်းကြယ်တယ်နော်။ မိမိနဖူးထိရာ အရပ်သည်
ဘုရားရှင်ရဲ့ ခြေဖမိုးတော်ကို ထိသကဲ့သို့ ရအောင်ကြိုးစားပြီး ပုံဖော်နော်။
ရင်ထဲအေးချမ်းပါစေ။ အအေးဓာတ်ကို စိမ့်နေပစေ။ ရအောင်ကြိုးစားပြီး
ကန်တော့ပါ။)
၃။ ဘုရားတပည့်တော်သည် သံသရာအစမှစ၍ ယနေ့တိုင်အောင်
ဂုဏ်ကျေးဇူးကြီးမား ကြကုန်သော အဂ္ဂသာဝက၊ မဟာသာဝက ရဟန္တာ
အရှင်မြတ်ကြီးတို့၏အပေါ်၌ ကာယကံ၊ ဝစီကံ၊ မနောကံ သုံးပါးသောကံတို့ဖြင့်
ပြစ်မှားမိသည်ရှိခဲ့ပါသော်ထိုအပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှာ ရိုသေမြတ်နိုး
လက်စုံမိုး၍ ရှိခိုးပါ၏ မြတ်စွာဘုရား။
(ကြက်သီးမွေးညှင်း ထလောက်အောင် အအေးဓာတ် စိမ့်ထွက်ပစေ၊ အဲဒါဆို ပိုကောင်းပါတယ်။ ကြိုးစားကြနော်။ တဖြည်းဖြည်းနဲ့ ရလာပါလိမ့်မယ်။)
၎။ ဘုရားတပည့်တော်သည် သံသရာအစမှစ၍ ယနေ့တိုင်အောင်
ဂုဏ်ကျေးဇူးကြီးမား ကြကုန်သော ရဟန္တာ အရှင်မြတ်ကြီးတို့၏အပေါ်၌ ကာယကံ၊
ဝစီကံ၊ မနောကံ သုံးပါးသောကံတို့ဖြင့် ပြစ်မှားမိသည်ရှိခဲ့ပါသော် ထိုအပြစ်တို့ကို
ပျောက်ပါစေခြင်း အကျိုးငှာ ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ မြတ်စွာဘုရား။
(အဂ္ဂသာဝက၊ မဟာသာဝက ဆိုတာ ဘုရားရှင်ရဲ့ ပါရမီကို
လေးပုံတစ်ပုံဖြည့်ရတယ်။ တစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီတွေ ဖြည့်ရတာနော်။
အဂ္ဂသာဝကဆိုတာ တခြား မဟုတ်ဘူး။ လက်ဝဲရံ လေးဆယ်၊ လင်္ကျာရံ
လေးဆယ်၊ စုစုပေါင်း ရှစ်ဆယ်ပေါ့။ အဲဒီမှာ ဦးဆောင်တဲ့ ပုဂ္ဂိုလ်ဟာ
အရှင်သာရိပုတ္တရာနဲ့ အရှင်မဟာမောဂ္ဂလန် ပုဂ္ဂိုလ်နှစ်ပါးနော်။ အဂ္ဂသာဝက
လို့ခေါ်တယ်။ ဖွဲ့စည်းပုံတွေ ကောင်းသထက်ကောင်းအောင် အချိန်ပေးပြီး ပါရမီ
ဖြည့်ခဲ့ရတာ။ ကျန်တဲ့ (၇၈)ပါးသော ပုဂ္ဂိုလ်တွေဟာ ကမ္ဘာတစ်သိန်းဖြည့်ရတဲ့
မဟာသာဝက ရဟန္တာကြီးတွေ လို့မှတ်ပါ။ ရိုးရိုးရဟန္တာတွေက ပါရမီ အတိုင်းအတာ
မရှိဘူး။)
၅-၆။ ဘုရားတပည့်တော်သည် သံသရာအစမှစ၍ ယနေ့တိုင်အောင်
ဂုဏ်ကျေးဇူးကြီးမား ကြကုန်သော မိခင်၊ ဖခင် တို့၏အပေါ်၌ ကာယကံ၊ ဝစီကံ၊
မနောကံ သုံးပါးသော ကံတို့ဖြင့် ပြစ်မှားမိသည်ရှိခဲ့ပါသော် ထိုအပြစ်တို့ကို
ပျောက်ပါစေခြင်း အကျိုးငှာ ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ မြတ်စွာဘုရား။
(မိဘနှစ်ပါးရှိသေးတယ်ဆိုရင် နေ့စဉ် နဖူးနဲ့ ခြေထောက်ထိပြီး ကန်တော့ကြပါ။
အိပ်ယာဝင်ခါနီးတိုင်း ကန်တော့ပြီးမှ အိပ်ပါ။ အခွင့်မသာရင်တော့ ဓာတ်ပုံကိုဘဲ
ပူဇော်ပါ ရပါတယ်။ ခြေရာကို မသေသေးရင် ရအောင်တောင်းထားကြနော်။
အဲဒီခြေရာကို ရိုရိုသေသေနဲ့ သွားလေရာဆောင်ထား။ မိဘရဲ့ မေတ္တာစေတနာ
ကြောင့် အစစအရာရာ အဆင်ပြေ အောင်မြင်ပါလိမ့်မယ်။
အမွေထက် စိတ်ချရ
တယ်။ မိဘကို စိတ်ကညွှတ်တဲ့အခါ အအေးဓာတ်နဲ့ ညွှတ်နော်။ ကိုယ့်ခေါင်း
အထက်မှာ ပုံဖော်ထား၊ အကြိမ်ကြိမ် ကန်တော့ရင် သိသာပါလိမ့်မယ်။
ဘဝပြောင်းလဲမှု များပါလိမ့်မယ်။ အကောင်းပြောင်းလဲတာလို့ မှတ်ပါ။)
၇။ ဘုရားတပည့်တော်သည် သံသရာအစမှစ၍ ယနေ့တိုင်အောင်
ဂုဏ်ကျေးဇူးကြီးမား ကြကုန်သော လိမ္မာစေရန် ကျိုးကြောင်းပြ၍ ဆုံးမတတ်သော
ဆရာတို့၏ အပေါ်၌ ကာယကံ၊ ဝစီကံ၊ မနောကံ သုံးပါးသောကံတို့ဖြင့် ပြစ်မှား
မိသည်ရှိခဲ့ပါသော် ထိုအပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှာ ရိုသေမြတ်နိုး
လက်စုံမိုး၍ ရှိခိုးပါ၏ မြတ်စွာဘုရား။
(ဒါဟာ စာပေလိမ္မာ၊ အသက်မွေးဝမ်းကြောင်း အလိမ္မာတွေကို ကျွမ်းကျင်လိမ္မာ
အောင် သင်ကြားပေးတဲ့ လောကီဆရာသမားတွေကို ပြောတာနော်။)
၈။ ဘုရားတပည့်တော်သည် သံသရာအစမှစ၍ ယနေ့တိုင်အောင်
ဂုဏ်ကျေးဇူးကြီးမား ကြကုန်သော သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ် တို့ကို
ဆည်းပူးဖြည့်ကျင့်လျှက် ရှိကြကုန်သော လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ်၊ အရိယာပုဂ္ဂိုလ်
တို့၏ အပေါ်၌ ကာယကံ၊ ဝစီကံ၊ မနောကံ သုံးပါးသောကံတို့ဖြင့် ပြစ်မှား
မိသည်ရှိခဲ့ပါသော် ထိုအပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှာ ရိုသေမြတ်နိုး
လက်စုံမိုး၍ ရှိခိုးပါ၏ မြတ်စွာဘုရား။
(ရင်ထဲမှာ အေးချမ်းနေပစေ၊ ဆန္ဒမစောနဲ့။ မာန်လျော့ထားပါနော်)
၉။ ဘုရားတပည့်တော်သည် သံသရာအစမှစ၍ ယနေ့တိုင်အောင်
ဂုဏ်ကျေးဇူးကြီးမား ကြကုန်သော တရားဓမ္မတို့ကို ဟောပြောပြသဆုံးမ
တတ်သော ဆရာသမားတို့၏ အပေါ်၌ ကာယကံ၊ ဝစီကံ၊ မနောကံ သုံးပါးသော
ကံတို့ဖြင့် ပြစ်မှားမိသည်ရှိခဲ့ပါသော် ထိုအပြစ်တို့ကို ပျောက်ပါစေခြင်း ကျိုးငှာ
ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ မြတ်စွာဘုရား။
(နောက်ဆုံးပိတ် ခင်ပွန်းဆိုတဲ့ စကားဟာ ကျေးဇူးရှိတဲ့ ပုဂ္ဂိုလ်မှန်သမျှ ခင်ပွန်းလို့
သုံးတယ်နော်။ ထမင်းတစ်လုပ်ဖြစ်စေ၊ ရေတစ်မှုတ်ဖြစ်စေ၊ ဖျာလေး တစ်နေရာစာ
စသည်ဖြင့် ထောက်ပံ့ဘူးတဲ့ ပုဂ္ဂိုလ်မှန်သမျှသည် ကျေးဇူးရှင်ခင်ပွန်းထဲ
ထည့်ထားနော်။)
၁၀။ ဘုရားတပည့်တော်သည် သံသရာအစမှစ၍ ယနေ့တိုင်အောင်
ဂုဏ်ကျေးဇူးကြီးမား ကြကုန်သော ထမင်းတစ်လုပ်၊ ရေတစ်မှုတ် စသည်ဖြင့်
ပေးကမ်းချီးမြှင့် ထောက်ပံ့ ဖူးသော ကျေးဇူးရှင်ပုဂ္ဂိုလ်တို့၏ အပေါ်၌ ကာယကံ၊
ဝစီကံ၊ မနောကံ - (မနောကံဆိုတဲ့နေရာမှာ အရေးကြီးတယ်နော်။ ပုဂ္ဂိုလ်
တစ်ယောက်ကို ပုံဖော်တဲ့နေရာမှာ အပြစ်တွေတင်ပြီး မကျေမနပ်နဲ့တွေးရင် ပြစ်မှား
နေတယ်လို့မှတ်ပါ။ မကြည်မလင်နဲ့ အပြစ်တွေရှာ၊ အားနည်းချက်တွေရှာပြီး
စိတ်ထဲက အဲဒီအားနည်းချက်တွေကို ပြောနေမယ်ဆိုရင် ပြစ်မှားနေတာပါပဲ။
နှုတ်နဲ့ပြစ်မှားနေတာကို မဟုတ်ဘူးနော်။ မနောနဲ့ပြစ်မှားနေတာကို ပြောတာ။
ဒါကြောင့် နိဗ္ဗာန်လိုချင်ရင်၊ ချမ်းသာချင်ရင် သူများအတင်းမပြောနဲ့၊
စိတ်ကူးနဲ့တောင် မဖော်ကြနဲ့နော်။
ပုံဖော်ရင်လည်း ပြုံးရွှင်နေတဲ့ပုံကိုပဲ ဖော်ရတယ်။
ကျေးဇူးဂုဏ်လေးတွေကိုတွေးပြီး ချစ်လာအောင်ဖော်ကြနော်။ ဒီတော့မှ ကိုယ့်ဘဝ
တိုးတက်မယ်လို့ မှတ်ကြပါ။ ဒီမှာလည်းစဉ်းစား၊ သူများအတင်းပြောခဲ့တာသည်
နည်းသလား၊ များသလားလို့နော်။
သူများမကောင်းကြောင်းတွေ မကျေနပ်ချက်
တွေ များရင်တော့ စွမ်းအားကျမယ်၊ စီးပွားလည်းကျမယ်နော်။ မလုပ်မိအောင်
ကြိုးစားကြနော်…။) သုံးပါးသော ကံတို့ဖြင့် ပြစ်မှားမိသည်ရှိခဲ့ပါသော်
ထိုအပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှာ ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏
မြတ်စွာဘုရား။
“ဘုရားရှင်ကို ပိုပြီး ကြည်ကြည်လင်လင် အာရုံယူပြီး ရှိခိုးနိုင်အောင် တညီတညာ
တည်း ငါးမာန်အောင်မြင် ဘုရားရှိခိုးဖြင့် ရှိခိုးကြရအောင်”
*ငါးမာန်အောင်မြင် ဘုရားရှင်ကို ကြည်လင်မြတ်နိုး ရှိခိုးပါ၏ဘုရား။
*ကိလေသာကင်းစင် ဘုရားရှင်ကို ကြည်လင်မြတ်နိုး ရှိခိုးပါ၏ဘုရား။
*သစ္စာသိမြင် ဘုရားရှင်ကို ကြည်လင်မြတ်နိုး ရှိခိုးပါ၏ဘုရား။
*အနန္တဂုဏ်အင် ဘုရားရှင်ကို ကြည်လင်မြတ်နိုး ရှိခိုးပါ၏ဘုရား။
*ငြိမ်းအေးသခင် ဘုရားရှင်ကို ကြည်လင်မြတ်နိုး ရှိခိုးပါ၏ဘုရား။
*သံသရာကယ်တင် ဘုရားရှင်ကို ကြည်လင်မြတ်နိုး ရှိခိုးပါ၏ဘုရား။
*နိဗ္ဗာန်စံဝင် ဘုရားရှင်ကို ကြည်လင်မြတ်နိုး ရှိခိုးပါ၏ဘုရား။
*ပရိနိဗ္ဗာန်စံဝင် ဘုရားရှင်ကို ကြည်လင်မြတ်နိုး ရှိခိုးပါ၏ဘုရား။
သာဓု - သာဓု - သာဓု
ဆုတောင်းခန်း ဆုတောင်းခန်း
=====================
ဤသို့ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ရသော ကောင်းမှုကံ
စေတနာ တို့ကြောင့် အလုံးစုံသော ဘေးရောဂါ အန္တရာယ်အပေါင်းတို့မှ ကင်းဝေး
ပြီးလျှင် မြတ်စွာဘုရားရှင် ဟောကြားတော်မူသော သစ္စာလေးပါး မြတ်တရားကို
ကောင်းစွာသိမြင်၍ နိဗ္ဗာန်သို့ စံဝင်နိုင် သောကိုယ် ဖြစ်ရပါစေသား အရှင်ဘုရား။
လောကီမင်္ဂလာ အဖြာဖြာတို့သည်လည်း စိတ်ကြံတိုင်း တောင့်တတိုင်း
လွယ်ကူ လျှင်မြန်စွာ ပြည့်စုံ၍ နှလုံးစိတ်ဝမ်း အေးချမ်းရပါစေသား အရှင်ဘုရား။
ကန်တော့ခန်း ကန်တော့ခန်း
ဣမာယဓမ္မာနု၊ ဓမ္မပဋိပတ္တိယာ၊ မဂ်လေးတန်၊ ဖိုလ်လေးတန်၊ နိဗ္ဗာန်
တည်းဟူသော ဤလောကုတ္တရာတရား၊ ကိုးပါးအားလျော်သော ကျင့်ဝတ်
ပဋိပတ်ဖြင့် ဗုဒ္ဓံ မြတ်စွာဘုရားကို ပူဇေမိ ပူဇော်ပါ၏ အရှင်ဘုရား။
ဣမာယဓမ္မာနု၊ ဓမ္မပဋိပတ္တိယာ၊ မဂ်လေးတန်၊ ဖိုလ်လေးတန်၊ နိဗ္ဗာန်
တည်းဟူသော ဤလောကုတ္တရာတရား၊ ကိုးပါးအားလျော်သော ကျင့်ဝတ်ပဋိပတ်
ဖြင့် ဓမ္မံ တရားတော်မြတ်ကို ပူဇေမိ ပူဇော်ပါ၏ အရှင်ဘုရား။
ဣမာယဓမ္မာနု၊ ဓမ္မပဋိပတ္တိယာ၊ မဂ်လေးတန်၊ ဖိုလ်လေးတန်၊ နိဗ္ဗာန်
တည်းဟူသော ဤလောကုတ္တရာတရား၊ ကိုးပါးအားလျော်သော ကျင့်ဝတ်ပဋိပတ်
ဖြင့် သံဃံ သံဃာတော်မြတ် ကို ပူဇေမိ ပူဇော်ပါ၏ အရှင်ဘုရား။
မေတ္တာပို့ အမျှဝေ
ဤသို့ပြုရ မြတ်ပုညကြောင့် ချမ်းမြအေးကြည် ဘေးမဲ့မည်သည်၊ ရွှေပြည်
ထုတ်ချောက် လမ်းမကောက်ပဲ ရောက်ရပါလို၊ ထိုထိုဘဝ ကျင်လည်ရလည်း အနိဋ္ဌ
ဘေးဒဏ် ရန်၊ မာန် အပေါင်း မကောင်းဟူသမျှ မတွေ့ရဘဲ သဗ္ဗIစ္ဆာ မင်္ဂလာကို
ရွယ်တာ တတိုင်းရစေသော်…။ ယနေ့ယခု ပြုပြုသမျှ မြတ်ဘာဂကို မိဘဆရာ
မျိုးသဟာနှင့် ကိုယ့်မှာစောင့်ကြပ်
ကိုယ်စောင့်နတ်က အရင်းစ၍ ရှိသမျှအလုံးစုံ
ဘုံသုံးဆယ့်တစ် ဖြစ်ဖြစ်သမျှ ဝေနေယျတို့ ရကြပါစေ ပေးမျှဝေသည် ….
များထွေသာဓုခေါ်စေသောဝ်….. ဝသုန္ဒရေ ဤမြေပံသု သီလာထုလည်း သက်သေ
အမှု တည်စေသောဝ် …..။
ကုသိုလ် … အမျှ … အမျှ … အမျှ ယူတော်မူကြပါကုန်လော့။
သာဓု … သာဓု … သာဓု
ရင် ထဲမှာ ကိန်းနေတဲ့ အာ ဃာတ တွေ အ ညှိုး အတေးတွေ ၊ အမုန်းတရား တွေ စာရင်းရှင်း လိုက် တဲ့အ တွက် ကြည်လင် လန်း ဆန် ပေါ့ ပါး မှုကို လက် ငင်းခံစားရပါလိမ့်မယ်။
အပိုင်း (၃) ကို ဆက်ပါအုံးမည်။
ThanThan Sein's photo

သူငယ်ချင်းသို့



သူငယ်ချင်းသို့
========
အစ္စရေး ဂါဇာ ဒီကမ္ဘာမှာ
သူဆော်ငါဆော် တကြော်ကြော်နဲ့
မိုးထိလျှံလို သတင်းပျံလို့..
လူတွေသိတယ် သူငယ်ချင်း…

ဒို့တိုင်းရင်းသား လျှိုမြောင်ကြားမှာ
ဟိုပြေးဒီပြေး စစ်ဆင်ရေးတဲ့
လူမသိသူမသိ သင်္ဂြိုင်းမရှိ
သေသူတွေရှိတယ် သူငယ်ချင်း…

ငြိမ်းချမ်းရေးအော် တကြော်ကြော်
အော်နေသော်လည်း အသံမစဲ
စစ်ပွဲတွေလည်း ဖြစ်နေစဲ
မင်းသိစေချင်တယ် သူငယ်ချင်း…
-----------------------------
သျှန်းလူငယ် (29-7-2014)

ဒိသာဖရဏ မေတ္တာပွားနည်း


မင်းကွန်းဆရာတော်ကြီး၏
ပဋိသမ္ဘိဒါမဂ် ပါဠိတော်လာ ဒိသာဖရဏ မေတ္တာပွားနည်း




၁။ အရှေ့ အရပ်၌ ရှိသော အနန္တ စကြဝဠာ အနန္တ သတ္တဝါတို့-
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသ ခပ်သိမ်း ငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
၂။အနောက် အရပ်၌ ရှိသော အနန္တ စကြဝဠာ အနန္တ သတ္တဝါတို့-
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသ ခပ်သိမ်း ငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
၃။မြောက် အရပ်၌ ရှိသော အနန္တ စကြဝဠာ အနန္တ သတ္တဝါတို့-
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသ ခပ်သိမ်း ငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
၎။ တောင် အရပ်၌ ရှိသော အနန္တ စကြဝဠာ အနန္တ သတ္တဝါတို့-
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသ ခပ်သိမ်း ငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
၅၊၊အနောက် တောင်ထောင့် အရပ်၌ ရှိသော အနန္တ စကြဝဠာ အနန္တ သတ္တဝါတို့-
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသ ခပ်သိမ်း ငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
၆၊၊အနောက် မြောက်ထောင့် အရပ်၌ ရှိသော အနန္တ စကြဝဠာ အနန္တ သတ္တဝါတို့-
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသ ခပ်သိမ်း ငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
၇၊၊အရှေ့ မြောက်ထောင့် အရပ်၌ ရှိသော အနန္တ စကြဝဠာ အနန္တ သတ္တဝါတို့-
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသ ခပ်သိမ်း ငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
၈၊၊အရှေ့ တောင်ထောင့် အရပ်၌ ရှိသော အနန္တ စကြဝဠာ အနန္တ သတ္တဝါတို့-
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသ ခပ်သိမ်း ငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။
နှလုံးစိတ်ဝမ်း ငြိမ်းချမ်းကြပါစေ။
၉။အောက် အရပ်၌ ရှိသော ထက်ဝန်းကျင် အနန္တ စကြဝဠာ အပါယ်ဘုံသား အနန္တ သတ္တဝါတို့-
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသ ခပ်သိမ်း ငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
၁၀။အထက်အရပ်၌ ရှိသော ထက်ဝန်းကျင် အနန္တ စကြဝဠာ အနန္တ နတ်ဗြဟ္မာတို့-
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။
ဒေါသ ခပ်သိမ်း ငြိမ်းကြပါစေ။
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။
နှလုံးစိတ်ဝမ်းးအေးချမ်းကြပါစေ။
 အရှင်ခေမိန္ဒ တိပိဋကနိကာယကျောင်းတိုက် မင်းကွန်း

အစိန္တေယျ ဘုရားရှိခိုးကြီး


ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး ရေးသားစီရင်တော်မူသော
ပကိဏ္ဏက နမက္ကာရ ဗုဒ္ဓဝန္ဒနာ
အစိန္တေယျ ဘုရားရှိခိုးကြီး









နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
(၁) အစိန္တေယျ၊ အပ္ပမေယျ၊ သေဌ ဇေဌ ဓ အတုလရမံ၊ အရဟံ ဘဂဝါ၊ သမ္မာသမ္ဗုဒ္ဓဿ၊ အနုတ္တရ မာရဇိ၊ တိလောကန္တဂူ၊ သယမ္ဘူ ဘဝိဿရ၊ ဤသို့စသား အသေင်္ချယျ၊ နာမတံဆိပ်၊ ဂုဏ်ဝိသိဌ် ဖြင့်၊ ဇဗ္မူဒိပ်မှတက်၍၊ ဘဝဂ် တိုင်ကြေညာလျက်၊ ကာမ ရူပ၊ အရူပဟု၊ သြကာသ သုံးရပ်၊ လောကဓာတ်၌၊ အမြတ်ထက် အမြတ်၊ သမိုက်အပ်သော၊ လူနတ်ဗြဟ္မာ၊ မဟာကဝိန်၊ သုခမိန်တို့သည်၊ ပညိနြေ္ဒ ရှိတိုင်းဖြင့်၊ ခြားပိုင်းတွက်ကျုံး၍ မဆုံး မကုန်နိုင်၊ မကြံစည်နိုင်၊ မအံ့သြနိုင်၊ ပြည့်လှိုင်ထွေပြား၊ များပြားကျယ်ဝန်းသော၊ ကျေးဇူးတော်အပုံ၊ ဂုဏ်တော် အပေါင်းနှင့် ပြည့်စုံတော် မူပေထသော…။
(၂) အမျိုးဖြင့်မြတ်သောသူ၊ ဘုန်းဖြင့်မြတ်သောသူ၊ ဂုဏ်ဖြင့်မြတ်သောသူတို့သည်၊ မာန်မူ ဖက်ပြိုင်ခြင်းငှာ မထိုက်၊ မကိုဋ် မင်္ဂလာ၊ ဤကမ္ဘာ၌၊ ပထမာဓိက၊ ဘူမိပါလ၊ အာဒိစ္စဂိုဏ်း၊ တိုင်းပြု ပြည်ပြု၊ သမုတိဒေဝရာဇ် နေနွယ်ဖြစ်၍၊ စင်စစ် အမျိုးတော်အားဖြင့်၊ မြင့်မြတ်လှသော၊ ဇာတိမဟတ္တဂုဏ်၊ သုံးဘုံရပ်လုံး၊ ညွတ်ရုံး ကော်ရော်၊ ပူဇော်ဦးညွှတ်ရာ၊ ဖြစ်၍၊--- စင်စစ် ဘုန်းတော်အားဖြင့် အလွန်မြတ်သော ပုညမဟတ္တ ဂုဏ်---။
ဝသုန်သေလာ၊ အဏ္ဏဝါကို၊ မြူလွှာပြုလျက် နှိုင်းတုစက်လည်း ကျေးဇူးနက်တိုင်၊ မကုန်နိုင်သည် ဖြစ်၍၊ စင်စစ် ဂုဏ်တော်အားဖြင့် မြတ်သော ဂုဏမဟတ္တဂုဏ်---။
ဤသုံးစုံကြောင့် လူ့ဘုံနတ်ဌာန်၊ ပြိုင်စံယှဉ်ဖော်၊ မပေါ်မပြူ ၊ တစ်ဆူတည်းသော၊ အပ္ပဋိပုဂ္ဂိုလ် ဖြစ်တော်မူ ပေထသော…။
(၃) ဇမ္ဗူကျက်သရေ၊ ချက်ဗွေဘူမိ၊ အပရာဇိခရိုင် ညောင်မဏ္ဍိုင်ကို၊ စိုးပိုင်တော်မူအံ့သော ကာလ၌၊ ကာမ လောကဓာတ်၊ ခုနှစ်ရပ်လုံး၊ ဆတ်ဆတ်လှိုက်ခုန်တုန်ဘနန်းမျှ၊ သန်းအကုဋေ၊ နတ်ဗိုလ်ခြေနှင့်၊ မိုးမြေကြည်းဟည်း၊ ပဲ့တင်တီးအောင်၊ ဖျက်ဆီးလုယက်လာသော၊ မေခလာဂီရိ၊ တောင်တရှိမျှ၊ ပြောင်ကြီး သေဌ်နင်း၊ မာန်နတ်မင်းကို---ဖြည့်တင်းတော်မူခဲ့သော၊ ပါရမီဥာဏ်၊ ကံသမ္ဘာရှိန်၊ ဝရဇိန် လျှံပြောင်၊ ရွှေဘုန်းရောင်ဖြင့်၊ မှောင်မဝင်ခင်၊ အောင်မြင်တော်မူစေ၍၊ ကိလေသာစက်၊ သုံးထောင်ဝက်ကို၊ ဖြိုဖျက်တိုက်လှန်ခြင်းငှာ၊ အာနာပါန၊ ဘာဝနာ ဖြင့် ရူပါဝစရ၊ အရူပါဝစရ၊ စတုတ္ထသမာပတ်တို့ကို၊ အာဝဇ္ဇနဝသီ၊ သမာဝဇ္ဇနဝသီ၊ ပစ္စဝက္ခဏဝသီ၊ အဓိဌာနဝသီ၊ ဝုဋ္ဌာန ဝသီတည်းဟူသော၊ ဝသီဘော် ငါးတန်ဖြင့်၊ အဖန်ဖန်လေ့လာတော် မူပြီးလျှင်...။
ရှေးတီးကာလ၊ ဘဝရှည်ကျူး၊ ဖြစ်ဘူးသမျှ၊ ဒေသရပ်ရွာ၊ ခန္ဓာပင်စည်၊ အမည် အမျိုးစသော ၊ ပရမတ် ပညတ် တို့ကို၊ တပ်အပ်သိနိုင်စွမ်းသော၊ ပုဗ္ဗေနိဝါသဥာဏ်…။
သုံးတိုက်ဘုံသား၊ အများသတ္တ၊ ဝေနေယျတို့၏ ကမ္မဂတိ၊ စုတိပဋိသန်၊ လားရန် ဌာနနှင့်တကွ၊ ဒုရ ပရိစ္ဆန္န၊ သဏှ သုခုမ ဖြစ်သော၊ ရူပါရုံတို့ကို အကုန်မြင်နိုင်စွမ်းသော ဒိဗ္ဗစက္ခုဥာဏ်…။
လေးတန်သြဃ၊ အာသဝနှင့် ယောဂဂန္ထာ၊ လေးဖြာဥပါဒါန်၊ ခြောက်တန် နီဝရဏ၊ အနုဿယ ခုနှစ်အင်၊ သံယောဇဉ် ဆယ်တန်၊ ခြံရံ လျက်သား၊ များစွာသော အကုသိုလ်၊ ဗိုလ်ခြေကွပ်ကဲ၊ သူရဲကိလေသာ၊ ထောင့်ငါးရာတို့ကို၊ စင်စွာပယ်ဖြတ်၊ အလွန်မြတ်သောကြောင့် အရဟတ္တမဂ္ဂ အမည်ရသော အာသဝက္ခယဥာဏ်…။
ဤသုံးတန်သောဝိဇ္ဇာ၊ ခွဲစိတ်ဖြာသော်၊ ဝိဇ္ဇာရှစ်ပါးနှင့် ပြည့်စုံတော်မူသဖြင့်၊ သယမ္ဘူအထွတ်။ လူတမွတ်ဟု။ မချွတ် သမိုက်အပ်ထသော…။
(၄) ပစ္စေက ဗုဒ္ဓါ၊ ရဟန္တာ ဟူသမျှတို့ ရခြင်းငှာမထိုက်၊ သုံးတိုက်ဘုံသား၊ အများသတ္တ၊ ဝေနေယျပုဂ္ဂိုလ်တို့၏ အလိုဆန္ဒ၊ အာသယကိန်းဟန်ကို၊ ဧကန်သိမြင်နိုင်သော၊ အာသယာနုဿယဥာဏ်…။
ဣနြေ္ဒရင့်မရင့်ကို ထောက်ချင့်သိနိုင်စွမ်းသော၊ ဣနြ္ဒိယ ပရောပရိယတ္တိဥာဏ်…။
ပရမတ်၊ ပညတ် အလုံးစုံကို၊ အကုန် အစင်သိမြင်နိုင်သော၊ သဗ္ဗညုတဥာဏ်…။
သင်္ခါရ၊ ဝိကာရ၊ လက္ခဏာ၊ နိဗ္ဗာန်၊ ပညတ် တည်းဟူသော၊ ဉေယျဓံငါးအင်ကို၊ သိမြင်တော်မူရာ၌၊ ဆီးကာပိတ်ပင်ခြင်း မရှိသော အနာဝရဏဥာဏ်…။
ယမိုက်ပြာဋိဟာလွှတ်ခြင်း အရာ၌ လေ့လာတော်မူနိုင်သော ယမကပါဋိဟာရိယဥာဏ်...။
သနားထိုက်လှစွာသော၊ ဝေနေယျ သတ္တဝါကို၊ လွန်စွာသနားတော်မူသော၊ မဟာကရုဏာ သမာပတ္တိဥာဏ်...။
ဤ ခြောက်တန်သော ဆ အာသာဓါရဏ၊ ဥာဏ လျှံပြောင်၊ မြတ်တန်ဆောင်ကို၊ ညှိထောင်ထွန်းစိုက်တော် မူသည်ဖြစ်၍၊ ဝေးနီး စကြာဝဠာ၊ သမန္တာရပ်၊ လောကဓါတ်တို့ကို၊ ထုတ်ခပ်ထင်ထင်၊ ရှုမြင်တော်မူနိုင်သော ပသာဒစက္ခု၊ ဥာဏစက္ခု၊ ဒိဗ္ဗစက္ခု၊ ဗုဒ္ဓစက္ခု၊ သမန္တစက္ခုတည်းဟူသော၊ မျက်စိတော်ငါးလုံးဖြင့် အဆုံးဖြင့်မြင် တော်မူပြီးထသော...။
( ၅ ) ပလ္လင်၊ အနိမိသ၊ စင်္ကမ မှသည် စတုတ္ထ သတ္တာဟဝယ်၊ ရတနာရွှေအိမ်၊ ချမ်းရိပ်ငြိမ်၌၊ မွေ့သိမ်စံပယ် တော်မူကာ၊ အဘိဓမ္မာ ခုနှစ်ကျမ်းတွင်၊ ပဌာန်းဒေသနာကို၊ လေ့လာဆင်ခြင်တော်မူသော၊ အာနုဘော်တော်ကြောင့်၊ အသွေးတော်၊ အသားတော်၊ အရိုးတော်စု၊ ဝတ္ထု ပသာဒိနြေ္ဒအလုံးမှ၊ ပြိုးပြိုးပြက်ပြက်၊ ရိုးရိုးရက် တောက်ပလျက်၊ နီလ၊ ပီတ၊ လောဟိတ၊ သြဒါတ၊ မဉ္ဇိဋ္ဌ၊ ပဘဿရာ၊ မိလ္လာရည်လို၊ ဖိတ်ဖိတ်ယိုမျှ၊ ညိုသောရောင်ခြည်တော်…။
ဖဲကတ္တီပါ၊ ဂီဝါလျှပ်ပြေ၊ ရွှန်းရွှန်းဝေမျှ၊ ရွှေသောရောင်ခြည်တော်…။
ကသစ်ခေါင်ရမ်း၊ ပန်းကြက်မောက်ပီ၊ တွေးတွေးချီမျှ နီသောရောင်ခြည်တော်…။
သာခွာဘော်ကြူ၊ ဖွေးဖွေးလူ သကဲ့သို့ ဖြူသောရောင်ခြည်တော်…။
ပြာလျှံ ညိုလျှံ၊ ခိုလျှံ စုပေါင်း၊ ရှုမညောင်းမျှ၊ မောင်းသောရောင်ခြည်တော်…။
ထွန်းပေါ်ဝင်းဝင်း၊ ထိန်လင်းစက်စက်၊ လျှပ်စစ်လက်သကဲ့သို့၊ ပြိုးပြိုးပြက်သော ရောင်ခြည်တော်… တည်းဟူသော ရောင်ခြည်တော် ခြောက်ဆိုင်ကို တပြိုင်တည်း ကွန့်မြူးစေလျက်၊ လနေ အတိ၊ လျှံငြိပြောင်ပြောင်၊ ဗိမာန်ရောင်နှင့်၊ သောင်းထောင်စကြဝဠာ၊ ထွန်းလင်းဖြာသော၊ ဗြဟ္မာကြီး တို့၏ ကိုယ်ရောင် ကိုယ်လျက်၊ နှိပ်စက်လွှမ်းမိုးနိုင်သော၊ ကိုယ်တော်ရောင်တို့ဖြင့်အထောင်အသောင်းသော၊ လောကဓာတ်ကို၊ တလျှပ်လျှပ် ထွန်းလင်းတော်မူပြီးထသော...။
(၆) ပရိဗိုဇ် တက္ကတွန်း၊ ရဟန်း ရသေ့၊ မုနေ့အရည်း၊ ဦးပြည်းတပသီ၊ ဗေရာဂီတို့၏၊ ဝါဒီ အလိုက်၊ စရိုက်ဘာဝ၊ ကျင့်ဆောင်ကြသော သာသနာ့ဗာဟီ၊ လောကီ သီလ တို့ထက် ဆထက်ထောင်ရာ၊ သာလွန်ဘိသဖြင့်၊ အဓိသီလ ဟုသမုတ်အပ်သော၊ အာပတ်ခုနှစ်ပုံကို၊ လုံခြုံစွာစောင့်ကြောင်းဖြစ်သော ပါတိမောက္ခ သံဝရသီလ…။
ဣနြေ္ဒခြောက်ပါးကို၊ တားမြစ်ပိတ်ပင်ကြောင်းဖြစ်သော ဣိနြ္ဒိယသံဝရသီလ…။
မိစ္ဆာဇီဝမှ ကြဉ်ခွာလျက်၊ စင်ကြယ်စွာ အသက်မွေးကြောင်းဖြစ်သော အာဇီဝပါရိသုဒ္ဓိသီလ...။
ပစ္စည်းလေးဖြာကို ပစ္စဝက္ခဏာတင်၊ ဆင်ခြင်သုံးသပ် ခြင်းဟူသော၊ ပစ္စယသန္နိဿိတသီလ…။
ဤလေးဝသော၊ စတုပါရိ၊ သုဒ္ဓိတံခွန်၊ အလွန်ဖြူစင်၊ မြူမတင်ခြင်း တည်းဟူသော သီလဝိသုဒ္ဓိ...။
မဟဂ္ဂုတ် လောကုတ္တရာဈာန် ၌သာလျှင်၊ မြဲမြံစွာလေ့လာခြင်း တည်းဟူသော စိတ္တဝိသုဒ္ဓိ…။
ခြောက်ဆယ့်နှစ်ဖြာသော၊ မိစ္ဆာဝါဒီ၊ ဝိတဏ္ဍီ ညစ်ကြေးမှ ကင်းဝေး ဖြူစင်လျက်၊ အယူ၏စင်ကြယ်ခြင်း တည်းဟူသော ဒိဋ္ဌိဝိသုဒ္ဓိ…။
တစ်ဆယ့်ခြောက်ပါးသော၊ ယုံမှားသင်္ကာ ကို ဖြတ်ခွာ လွန်မြောက်နိုင်သော၊ ဥာဏ်၏ စင်ကြယ်ခြင်း တည်းဟူသော ကင်္ခါဝိတရဏ ဝိသုဒ္ဓိ…။
မဂ်ဟုတ်သည် မဟုတ်သည်ကို မြင်နိုင်သော ဥာဏ်၏ စင်ကြယ် ခြင်းတည်းဟူသော မဂ္ဂါ မဂ္ဂဥာဏဒဿနဝိသုဒ္ဓိ...။
မဂ်သို့ရောက်ကြောင်း အကျင့်ကောင်းကို မြင်နိုင်သော၊ ဥာဏ်၏ စင်ကြယ် ခြင်းတည်းဟူသော ပဋိပဒါဥာဏဒဿန ဝိသုဒ္ဓိ…။
မဂ်လေးရပ်နှင့် သဟဇာတ် သမ္ပယုတ် ဖြစ်၍ သစ္စာလေးတန်ကို ၊ဆယ့်ခြောက်နက် ဝေဖန်ပြီး ဧကန်သိမြင်နိုင်သော ၊ ဥာဏဒဿနဝိသုဒ္ဓိ… တည်းဟူသော ဝိသုဒ္ဓိ ခုနှစ်ပါး၊ တရားဘွဲ့ဖြူ သရဖူမကိုဋ်၊ ဦးစိုက်မင်္ဂလာ၊ မြတ်တန်ဆာကို၊ တင့်တယ်စွာ ဆင်ယင်လျက်...။
တဒင်္ဂ ဝိမုတ္တိ၊ ဝိက္ခမ္ဘန ဝိမုတ္တိ၊ သမုစ္ဆေဒဝိမုတ္တိ၊ ပဋိဿမ္ဘနဝိမုတ္တိ၊ နိဿရဏဝိမုတ္တိ တည်းဟူသော ဝိမုတ္တိငါးရပ်၊ တရားမြတ်ကြောင့်၊ လောကဓာတ်အလုံး၊ ညွှတ်ကျုံး ပူဇော်ရာ၊ အာဂါရမုနိ၊ အနာဂါရမုနိ၊ သေက္ခမုနိ၊ အသေက္ခမုနိ၊ ပစ္စေကမုနိ တို့ထက် ကဲတက်လွန်မြတ်စွာ၊ မုနိန္ဒာဘိပဝရ အတုလ မုနိလည်း ဖြစ်တော်မူထသော...။
(၇) သုံးဆယ့်နှစ်ပါးသော၊ ယောင်္ကျားမြတ်တို့၏ လက္ခဏာတော်ကြီး၊ ရှစ်ဆယ်သော လက္ခဏာတော်ငယ်၊ တင့်တယ်ယိုဖိတ်၊ အင်္ဂါတော်အစိတ်ကို လင်္ကာရိပ် ပြရာ၌ နားပန်တော် အစုံနှစ်ဘက်မှသည်၊ နဖူးတော် ဆံစမှ ယှက်ကူးကာတောက်ပသော ဥဏှီသ သင်းကျစ်တော်တဖြာ…။
နရကာရွှေစင်၊ နဖူးတော် အပြင်၌၊ စို့သက်တန့် အသွင်ဖြင့်၊ ကော့ညွှတ်ပျော့ပေါ်လွင်သည့် နှစ်ဖက်သော မျက်မှောင်တော်တစ်တန်၊ ပဘံကရ မျက်မှောင်တော် အစမှာ၊ လောမထူးထွေ၊ ညာရစ်ခွေဖြင့်၊ ငွေရောင်ခြည် တစ်တန်၊ တစ်လံဝက်လောက်၊ ဝန်း၍တောက်သော၊ ဥဏ္ဏလုံ မွေးရှင်…။
ပိတုန်းရောင်သွင်၊ မည်းမှောင်လွင်သဖြင့်၊ ကျောက်နဝရတ်သဖွယ်၊ သောက်ရှူးကြယ်တဝ၊ ရှုကြည့်တိုင်းတောက်ပသော၊ မံသ စက္ခုတော် နှစ်ဖြာ…။
ပြယိုးယားပွင့်၊ ရွှေပန်းဆိုင်း ဆင့်သကဲ့သို့၊ မမြင့်မမောက် မကောက်မချွန်၊ အလွန်လျှင်၊ ရှုချင်ဖွယ်ရာသော နှာတံနှာသီးတော်မြတ်…။
လျောက်ပတ်သားနား၊ ကွန့်ကွန့်လျားသော၊ ပါးတော်မြတ်နှစ်သွယ်...။
ပုလဲရတနာ၊ သာခွာဘော်ကြူ ဖွေးဖွေးလူလျက်၊ ဖြူစင်ကြယ် လှစွာသော သွားတော်မြတ်လေးဆယ်၊ စွယ်တော်မြတ်လေးဆူနှင့်တကွ၊ ပြန့်ပြန့်ညီညာ၊ နီလှစွာသော၊ လျှာတော်မြတ် စသည့် ကိုယ်အင်္ဂါတော် အစိတ်တို့ဖြင့်၊ ယိုဖိတ်ယှက်သန်းလျှက်၊ ချီးမွမ်းအံ့သြ၊ ပြောပ၍ မပြီးနိုင်သဖြင့်၊ အလွန်အကျူး အထူးသပ္ပာယ်တော် မူထသော…။
(၈) ကာမဘဝါ၊ ဒိဋ္ဌာ ဝိဇ္ဇော၊ သြဃလေးဖြာ၊ သံသရာစက် ဝဲဂယက်၌၊ တဝဲလည်လည် မတည်မရပ် ချာချာပတ်လျက်၊ ရဟတ်ဆုံနွား၊ ကဲ့အလားသို့၊ မျောပါးရှည်ကြာ၊ ဝေနေယျာတို့ကို၊ အဏ္ဏဝါ ဂယက်သြဃနက်မှ၊ ညာလက်ဆွဲငင်၊ ကယ်တင်တော်မူခြင်းငှာ၊ ပဉ္စတာလီ၊ ဝါဝဿီဝယ်၊ နာရီမလစ်၊ မဂ်ဆီ ညှစ်၍၊ ဖွင့်လှစ်ဟောပြ၊ ဆုံးမတော်မူရာ၊ ဒေသနာတော်သည်...။
ဝိနယ + သုတ္တန် + ဘိဓမ္မံ ဟု သုံးတန်ပြားလာ၊ သာသနာတော် နည်းအားဖြင့်လည်းသုံးရပ်...။
ကထာနည်း အားဖြင့်လည်းသုံးရပ်၊ အာဏာဝေါဟာ ပရမတ္တာ ဟူ၍လည်း သုံးရပ်...။
ဤသို့အားဖြင့် သုံးတန်အပြား၊ ပိဋကတ် ဒေသနာတော်သုံးပါးတို့ကို၊ ဟောကြားြ>ွမက်ဟ၊ ဆုံးမတော်မူသည်၏ အဖြစ်ကြောင့်၊ လူနတ်တို့၏ ဆရာအစစ်လည်း ဖြစ်တော်မူထသော…။
(၉) ခပ်သိမ်းသော တရားအပေါင်းကို၊ မိမိအလိုလို၊ ကိုယ်တော်တိုင်သာလျှင်၊ ကောင်းစွာထင်ထင်၊ သိမြင်တော်မူသည် ဖြစ်၍၊ များဖျင်သတ္တဝါ၊ ဝေနေယျာကို၊ ခေမာအောင်မြို့ ကူးစေဖို့ငှာ၊ ဒေသနာရေအေး နိဗ္ဗာန်တည်းဟူသော အမြိုက်ဆေးကို၊ တိုက်ကျွေးဖြန်းဆွတ် တော်မူသည်၏ အဖြစ်ကြောင့်၊လောကသုံးရပ် ဘုံသုံးထပ်၌၊ ယှဉ်ကပ် သော်လည်း မနိုင် ပြိုင်သော်လည်း မတူ၊ တစ်ဆူတည်းသာလျှင် ဖြစ်တော်မူထသော…။
(၁ဝ) ဤ မဟာဘဒ္ဒ၊ ကမ္ဘာမ၌၊ ကကုသန္ဓာ၊ ကောဏာ ဂမန၊ ကဿပဟု၊ လောကထွဋ်ထား၊ ဘုရားသုံးဆူ၊ သယမ္ဘူတို့ ထီးဖြူ အရဟတ္တဖိုလ်၊ ရိပ်ခိုနန်းမြင့် သုံးကြိမ်ဆင့်၍ ပွင့်တော်မူ ကြကုန်ပြီးသည့်နောက်---
လေးဆင့်မြောက် အကျ စတုတ္ထ အောင်ပွဲတွင်၊ ညေယျငါးအင်၊ ကုန်စင်သိမှု၊ သမန္တစက္ခု၊ သဗ္ဗညုတ၊ ဥာဏခိုင်ဖြီး ဥာဏ်တော်ကြီးကို ၊ ပိုင်စီးလက်ရောက်၊ ဆက်ခါလျှောက်၍ ၊ ပွင့်မြောက်တော်မူသည်၏ အဖြစ်ကြောင့်၊ ဗြဟ္မာနတ်လူ ၊ သုံးဘုံသူကို၊ ကြည်ဖြူမေတ္တာ၊ ကရုဏာဖြင့် သာယာစွာဆုံးမ၊ ဟောပြတော်မူသည်လည်းဖြစ်တော်မူ ထသော…။
(၁၁) ဒီပင်္ကရာ၊ ထွဋ်ချာမှန်ကင်း၊ သုံးလှု့မင်း၏ ခြေရင်းတော်အောက်၊ ဝပ်စင်းမှောက်လျက်၊ နိယတဗျာဒိတ် ပန်းကို၊ ဆွတ်လှမ်းခံယူတော်မူစဉ်ကပင်၊ သာဝကဥာဏ်၊ ပါရမီသာမာန်ဖြင့်၊ နိဗ္ဗာန်ကို ကူးယူလျှင်၊ ရလောက်တော်မူပါလျက်…။
တစ်ယောက်တည်း၊ ငါတစ်မူ၊ နိဗ္ဗာန်ကို ယူချေလျှင် ဘယ်တွင် အကျိုးမရှိချေ။ သမ္ဗောဓိမှန်၊ သဗ္ဗညု ရွှေဥာဏ်ကို၊ သွေမလှန် ငါရမှ၊ တရားမြတ်၊ ဖောင်စင်္ကြာဖြင့်၊သတ္တဝါ ဝေနေယျကို၊ သံသရာဝဲဂယက်မှ၊ နိဗ္ဗာန်မည်သာ ကျွန်းခေမာသို့ တင်ကာဆောင်ပို့မည်ဟု...
'တိဏ္ဏောတာရေယျံ၊ ဗုဒ္ဓေါ ဗောဓေယျံ၊ မုတ္တောမောစေယျံ' သုံးခွန်းသော ဝစနံကို ရွှေနှုတ်တော်လှစ်ဖွင့်၍ ကျူးရင့်တော် မူခဲ့ပြီးသည့်နောက်---။
လေးအသင်္ချေ၊ လွန်လေကုန်မြောက် ကမ္ဘာတစ်သိန်း အလွန်သို့ရောက်အောင်၊ လူသာမာန် ပုဂ္ဂိုလ်တို့ အလွန်တရာ ဖြည့်ကျင့်ရှာမှီးနိုင်ခဲသော၊ ပါရမီ ဆယ်ပါး၊ စွန့်ခြင်းကြီး ငါးပါးစသော၊ သမ္မာသမ္ဗောဓိ အဖြစ်တည်းဟူသော ဆုကြီးကို ရှာမှီးတော်မူပြီး ထသော…။
(၁၂) ဂင်္ဂါ၊ ဝါဠု သဲစု မြူဟန်၊ ပမာတန်ကဲ့သို့၊ အနန္တဂူ၊ နိဗ္ဗာန်ယူကုန်သော၊ ဆူဆူမြတ်စွာစောသတ္တာ တို့၏သွားရာလမ်းကြောင်း စရိုက်ကောင်း မူလဖြစ်သော၊ သီလသံဝရ၊ ဣန္ဒြိယ သံဝရ၊ ဘောဇနမတ္တညုတာ၊ ဇာဂရိယနုယောဂ၊ သဒ္ဓါ၊ သတိ၊ ဟီရိသြတပ္ပ၊ ဗာဟုသစ္စ၊ ဝီရိယ၊ ပညာ လေးဖြာ ဈာန်တည်းဟူသော၊ စရဏ တရား (၁၅)ပါးတို့ကို အားသစ် ကျင့်ဆောင်တော်မူသဖြင့်…။
သယမ္ဘူတကာ ပြည့်စုံရာသာ၊ နာနာကုလ တို့၏ ဝေါဟာရ သဒ္ဒါ အနက်ကို၊ အချက်ကျသိနိုင်သော၊အတ္တ ပဋိသမ္ဘိဒါ…။
ဝါစာဂီရတ် နှုတ်သံလွှတ်က၊ ဇာတ်တူတူ မတူတူ၊ ဘာသာဟူသမျှ တို့က ဧကန်သိနိုင်သော၊ ဓမ္မ ပဋိသမ္ဘိဒါ…။
တစ်ခု တစ်ခုသော ပုဒ် အက္ခရာကို၊ သဒ္ဒါ၏ အလို၊ ဝိဂြိုဟ် ဝစနက်၊ ဓါတ်၊ ပစ္စည်း၊ လိင်၊ အန်ဖြင့် ဝေဖန်၍ သိနိုင်သော နိရုတ္တိ ပဋိသမ္ဘိဒါ…။
ကိုယ်တိုင်သိသမျှ တရားတို့ကို သူတစ်ပါးသိစိမ့်သောငှာ၊ သဒ္ဒါ ပညတ်သို့တင်၍ စုံလင်စွာ မြွက်ဆိုတတ်သော ပဋိဘာန ပဋိသမ္ဘိဒါ တည်းဟူသော သမ္ဘိဒါ လေးပါး…။
ဣဒ္ဓိဝိဓ၊ ဒိဗ္ဗစက္ခု၊ ဒိဗ္ဗသောတ၊ စေတောပရိယ၊ ပုဗ္ဗေနိဝါသာနုဿတိ၊ ယထာကမ္မုပဂ၊ အနာဂတံသတည်း- ဟူသော အဘိဥာဏ် ခုနှစ်ပါး…။
ရူပဈာန်လေးရပ်၊ အရူပဈာန်လေးရပ်အားဖြင့် သမာပတ်ရှစ်ပါး၊ ကျေးဇူးတော် တစ်ဆယ့်ရှစ်ပါး၊ ထူးပြား ဆန်းကြယ်၊ အံ့ဖွယ်တော် တစ်ဆယ့်ရှစ်စုံ၊ ထိုမျှဂုဏ်ကို ဥဿုံစိုးပိုင်တော် မူပြီး ထသော…။
(၁၃) ဒေဝပုတ္တမာရ်၊ ကိလေသမာရ်၊ ခန္ဓမာရ်၊ မစ္စုမာရ်၊ အဘိသင်္ခါရမာရ်၊ ဤ ငါးတန်တို့ကို၊ တိုက်လှန်ဖြိုခွဲ၍၊ အောင်ပွဲယူနိုင်၊ ရဲခေါင်တိုင်သော၊ ကာယာနုပဿနာ သတိပဌာန်၊ ဝေဒနာနုပဿနာ သတိပဌာန်၊ စိတ္တာနုပဿနာ သတိပဌာန်၊ ဓမ္မာနုပဿနာ သတိပဌာန် တည်းဟူသော သတိပဌာန်လေးပါး...။
ဖြစ်ပြီးသော အကုသိုလ်တရားတို့ကို ပယ်ခြင်း၊ မဖြစ်သေးသော အကုသိုလ် ကံတို့ကို တဖန် အသစ်မဖြစ် စေခြင်း။ မဖြစ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်ပွားအောင်လုံ့လပြုခြင်း၊ ဖြစ်ပြီးသော ကုသိုလ်တရားတို့ကို ကြီးပွား စည်ပင်စိမ့်သောငှာ လွန်စွာလုံ့လပြုခြင်း တည်းဟူသော သမ္မပ္ပဓာန် လေးပါး...။
ဆန္ဒိဒ္ဓိပါဒ်၊ ဝီရိယိဒ္ဓိပါဒ်၊ စိတ္တိဒ္ဓိပါဒ်၊ ဝီမံသိဒ္ဓိပါဒ် တည်းဟူသော ဣဒ္ဓိပါဒ်လေးပါး….။
သဒ္ဓိနြေ္ဒ၊ ဝီရိယိနြေ္ဒ၊ သတိနြေ္ဒ၊ သမာဓိနြေ္ဒ၊ ပညိနြေ္ဒ တည်းဟူသော ဣနြေ္ဒငါးပါး....။
သဒ္ဓါဗိုလ်၊ ဝီရိယဗိုလ်၊ သတိဗိုလ်၊ သမာဓိဗိုလ်၊ ပညာဗိုလ် တည်းဟူသော ဗိုလ်ငါးပါး.…။
သတိသမ္ဗောဇ္ဈင်၊ ဓမ္မဝိစယသမ္ဗောဇ္ဈင်၊ ဝီရိယ သမ္ဗောဇ္ဈင်၊ ပီတိ သမ္ဗောဇ္ဈင်၊ ပဿဒ္ဓိ သမ္ဗောဇ္ဈင်၊ သမာဓိသမ္ဗောဇ္ဈင်၊ ဥပေက္ခာသမ္ဗောဇ္ဈင် တည်းဟူသော ဗောဇ္ဈင် ခုနှစ်ပါး…။
သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါစာ၊ သမ္မကမ္မန္တ၊ သမ္မာအာဇီဝ၊ သမ္မာဝါယမ၊ သမ္မာသတိ၊ သမ္မာ သမာဓိ တည်းဟူသော မဂ္ဂင်ရှစ်ပါး…။
ဤသို့အားဖြင့်၊ ပိုင်းခြားတွက်ဖွဲ့၊ သုံးဆယ့်ခုနှစ်ရပ်၊ အလွန်မြတ်သော၊ ဗောဓိပက္ခိယ၊ ဓမ္မ အကျော်၊ ရဲမက်တော်တို့ကို၊ ကိုယ်ရံတော်ကြီး၊ ဦးစီး ဗိုလ်ချုပ်တင်လျက်၊ အသင်္ချေ၊ တွက်ရေမဆုံး၊ ပတ်ကုံး ကိလေသာ၊ မာရ်ဗိုလ်ပါတို့ကို ဆံလွှာ မြ<ွကင်းအောင်၊ ခုတ်စဉ်းတိုက်သိမ်း၊ အငြိမ်းအောင်မြင်တော်မူသဖြင့်၊ အသင်္ခတ၊ ခေမရွှေဘုံ၊ ဓမ္မာရုံသဘင်၊ မြိုက်နန်းခွင်၌၊ ဥကင်စွင့်စွင့်၊ ဖွင့်တော်မူပြီးထသော...။
(၁၄) လေးအသင်္ချေ၊ လွန်လေတစ်သိန်း တွက်ကိန်းများလှ၊ ကပ်ထိုမျှ၌၊ လုံ့လကြိုးပမ်း ဖြည့်စွမ်း ဆည်းပူးတော်မူ ခဲ့သော…...။
ဒါနပါရမီ၊ သီလပါရမီ၊ နိက္ခမပါရမီ၊ ပညာပါရမီ၊ ဝီရိယပါရမီ၊ ခန္တီ ပါရမီ၊ သစ္စာပါရမီ၊ မေတ္တာပါရမီ၊ အဓိဋ္ဌာန်ပါရမီ၊ ဥပေက္ခာပါရမီ၊ ဆယ်လီသုံးစုံ၊ ကုသိုလ်ဟုန်ကြောင့်၊ လူ့ဘုံစံပျော် အလောင်းတော်ဖြစ်ခါစကပင်၊ ကာဠာဝက၊ ဂင်္ဂေယျနှင့်၊ မဏ္ဍရ၊ တမ္ဗ၊ ပိင်္ဂလ၊ ဂန္ဓ၊ မင်္ဂလ၊ ဟေမ၊ ဥပေါသထ၊ ဆဒ္ဒန်၊ ဤဆယ်တန်သော ဆင်မျိုးတို့၏ ဆယ်ဆတက်၊ ဆယ်ဆတက်စီသော အားကိုဆောင်နိုင်သည်ဖြစ်၍၊ ယောင်္ကျား ဗိုလ်ခြေ၊ ကုဋေ တစ်သောင်း တို့၏ ကာယဗလ၊ ဌာန ဌာန၊ ကောသလ္လဉာဏ်၊ ဝိပါကဥာဏ်၊ သဗ္ဗတ္ထဂါမိနီဥာဏ်၊ နာနာဓာတုဥာဏ်၊ အဓိမုတ္တိဥာဏ်၊ ဣန္ဒြိယပရော ပရိယတ္တိဥာဏ်၊ ဈာနာဒိသံကိလေသဥာဏ်၊ ပုဗ္ဗေနိဝါသဥာဏ်၊ ဒိဗ္ဗစက္ခုဥာဏ်၊ အာသဝက္ခယဥာဏ်၊ တည်းဟူသော ဆယ်ပါးသောဥာဏ ဗလကို ရတော်မူသည်ဖြစ်၍ ...။
လူ့ပြည် နတ်ရပ် ခေတ်သုံးထပ်ကို၊ အုပ်ကွပ်စိုးပိုင်၊ နိုင်တော်မူခြင်းတည်းဟူသော ဣသရိယဘုန်းတော်…။
လောကုတ္တရာ တရား၊ မြတ်ကိုးပါးသို့ ထင်ရှားစွာရောက်ခြင်းတည်းဟူသော ဓမ္မဘုန်းတော်…။
နရဂ်၊ ဘဝဂ်၊ အောက်ထက်ပျံ့လှိုင်၊ သုံးခရိုင်၌၊ အဆုံးတိုင် ကျော်စော တော်မူခြင်းတည်းဟူသော၊ ယသဘုန်းတော်…။
သုံးဆယ့်နှစ်ပါး၊ သမိုက်ထားသော၊ ယောင်္ကျားမြတ်တို့၏ လက္ခဏာ၊ ရောင်ဝါမြုတေ၊ ကျက်သရေ အပေါင်းနှင့် ပြည့်စုံတော်မူခြင်း တည်းဟူသော သိရီဘုန်းတော်….။
အလိုတော်ရှိသမျှ၊ တခဏခြင်းဖြင့်သာ၊ ပြည့်စုံလာခြင်း တည်းဟူသော ကာမဘုန်းတော်…။
နိဗ္ဗာန်ရောက်ရာ၊ ဒေသနာဖြင့်၊ ဗြဟ္မာနတ်လူ၊ သုံးဘုံသူတို့ကို ကြည်ဖြူစွာလှ၊ သင်ဆုံးမသောကြောင့်၊ လောကလုံး ကိုးကွယ်ရာ၊ ဆရာ အဖြစ်သို့ ရောက်တော်မူခြင်း တည်းဟူသော ပယတ္တဘုန်းတော်…။
ဤခြောက်ဖော်သော၊ ဘုန်းတော်အမြတ် ၊ ဂုဏ်အရဟတ်ဖြင့်၊ လောကဓာတ်လုံး။ ညွှတ်ရုံးညီကာ၊ ကောင်းချီးငြာလျက်၊ ဘဂဝါ ဟူသော ဘွဲ့ ပုံတော် အထူးဖြင့်၊ ညွှတ်နူးကော်ရော်၊ ပူဇော်ချီးပ အပ်သည်လည်း ဖြစ်ထသော…။
(၁၅) အဍ္ဎ ဆက္ကသတ၊ ဇာတကကို၊ ပုံပြသက်သေခံလျက်၊ အနန္တ ဘဝ ဖြစ်ဖြစ်သမျှ တို့၌၊ ဓနပရိစ္စာဂ၊ ပုတ္တပရိစ္စာဂ၊ ဘရိယ ပရိစ္စာဂ၊ အင်္ဂပရိစ္စာဂ၊ ဇီဝိတပရိစ္စာဂတည်း ဟူသော၊ စွန့်ခြင်းကြီး ငါးအင်၊ မဂ္ဂင်ဖောင်ပျံ စံလိုသူ အပေါင်းတို့ထက်၊ ကဲဆောင်း လွန်မြောက်၍၊ အထောက်မတန် ပြုခဲ့သော၊ ဟေတုသမ္ပဒါ၊ မြတ်သမ္ဘာကြောင့်၊ အဏိမာ၊ လင်္ဃီမာ၊ မဟိမာ၊ ပတ္တိမာ ကမ္မာ၊ ဤသိတာ၊ ဝသိတာ၊ ယတ္တကာမဝသယိတာ ဟူသော ဘာသာမဂဓို၊ ရာဇဂြိုလ်၊ ဥဒါန်းနှင့်အညီ၊ ရံသီနေပြောက်၊ ပြတင်းပေါက်၌၊ မြင်လောက်ရုံသော၊ အဏုမြူပမာ၊ သိမ်မွေ့စွာသော ကိုယ်တော်ကို၊ ငယ်အောင် ဖန်ဆင်းတော်မူနိုင်ခြင်း…။
ရေပြင်မြေမိုး၊ ပျံလျှိုး ငုတ်လွှား၊ သွားတော်မူနိုင်ခြင်း၊ ကြီးစေလိုက မြင့်မိုရ်ပြန်ရာ ထို့ထက်သာ၍၊ စကြာဝဠာပတ်လုံး၊ အုပ်ဖုံးပတ်လှည့်၊ ကိုယ်တော်ပြည့်အောင်၊ တရှိ ထိုင်တော် မူနိုင်ခြင်း၊ မြေထု ရေထူ မေရုပဗ္ဗတာ၊ သီလာ တောင်ထပ်၊ အတွင်းရပ်ကို၊ ကျဉ်းကျပ် ပိတ်ဆီးခြင်း မရှိ၊ ပကတိကောင်းကင်၊ ဟင်းလင်းပြင်ကဲ့သို့၊ လျှိုးဝင်ထွင်းဖောက်၊ ကြွရောက်တော်မူနိုင်ခြင်း…။
မနောဓိဋ္ဌာန်၊ စိတ်တော်ကြံတိုင်း၊ ကမ္မာ ကမ္မ ဟူသမျှကို၊ ကုံင ပြီးမြောက်တော်မူနိုင်ခြင်း…။
သုံးဆယ်တစ်ဘုံ အလုံးစုံကို ဥဿုံစိုးပိုင်တော်မူနိုင်ခြင်း…။
လောကီဈာန်ရပ် သမာပတ်ကို မပြတ်ဝင်ကာ၊ လိုတိုင်းပါအောင်၊ လေ့လာတော်မူနိုင်ခြင်း…။
သက်မရှိသည့်၊ ဂီရိ ဗဟို၊ တောင်မြင့်မိုရ်မှလည်း၊ လိုတော်လိုက်က၊ ညွှတ်ငိုက်လာရခြင်း တည်းဟူသော၊ တန်ခိုးတော်ရှစ်ဦး၊ ဘုန်းတော်ထူးဖြင့်၊ အံ့ကျူးပြီးပိုင်၊ မချီးနိုင်၍၊ တစ်ပြိုင်တည်လျက်၊ တစ်ပြိုင်ပျက်သော၊ စကြာဝဠာ တိုက်နေ၊ သိန်းကုဋေလုံး၊ ရွှေမုဋ္ဌာန်စွမ်း၊ အာဏာလွှမ်း၍၊ ထဲဝမ်းစိမ့်စိမ့်၊ ကြက်သီးဖိမ့်မျှ၊ ခြိမ့်ခြိမ့်ကြွေးကြော်၊ ပူဇော်ကြရာ၊ သုံးရွာလုံးတန်ဆောင်၊ မင်းခေါင်မင်းဖျား၊ မင်းတရား အစစ်လည်း ဖြစ်တော်မူထသော...။
(၁၆) လောကသုံးရွာ၊ သတ္တဝါတို့၏၊ ခန္ဓာ ရုပ် နာမ်ဝယ်၊ အဖန်ဖန် ကပ်ညိလျက်၊ ဖိစီးနှိပ်စက်တတ်သော၊ ပိဠနအနက်…။
ကံ ၊စိတ်၊ ဥတု၊ အဟာရတည်း ဟူသော အကြောင်းတရား လေးပါးတို့သည် ပြုပြင်စီရင် အပ်သော သင်္ခတ အနက်…။
မရောင့်ရဲစွာ၊ သတ္တဝါ တို့ကို လောင်ဆာပူ ပန်စေတတ်သော၊ သန္တာပ အနက်…။
ဇရာ၊ မရဏ၊ သောက၊ ပရိဒံတို့ဖြင့် ဖောက်ပြန် ပျက်စီးတတ်သော ဝိပရိဏာမ အနက်…။
တည်းဟူသော လေးပါးသော ဒုက္ခသစ္စာ အနက်တို့ကို လည်းကောင်း…။
အစမထင်၊ သံသရာ၌၊ လူးလာ စုံဆန်၊ အဖန်ဖန် သွားလာစေခြင်းငှာ၊ အားထုတ်တတ်သော၊ အာယူဟန အနက်…။
ဝဋ်ဆင်းရဲအပေါင်း၏ အကြောင်းမူလ ဖြစ်သော နိဒါန အနက်…။
ဝဋ်ဆင်းရဲ၌၊ အမြဲပျော်ရွှင်၊ တမင်မင်ဖြင့်၊ ကျင်လည်စေတတ်သော၊ သံယောဂ အနက်…။
ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်းဖြစ်သော၊ မဂ္ဂသစ္စာကို ဆီးကာ၊ တားမြစ်တတ်သော၊ ပလိဗောဓ အနက်…။
တည်းဟူသော လေးပါးသော သမုဒယ သစ္စာ၏ အနက်တို့ကိုလည်းကောင်း။
သံသရာဝဋ်မှ၊ ထွက်လွန်ကူးမြောက် ပြီးသော နိဿရဏ အနက်…။
ပြုပြင်ရာသင်္ခါရတို့မှ ဆိတ်သော၊ ဝိဝေက အနက်…။
သေခြင်းစသော ဒုက္ခခပ်သိမ်းမှ ကင်းငြိမ်းချမ်းသာသော၊ အမတအနက်…။
တည်းဟူသော လေးပါးသော နိရောဓသစ္စာ၏ အနက် တို့ကို လည်းကောင်း…။
ဝဋ်ဒုက္ခ အပေါင်းတို့မှ ကောင်းစွာ ထွက်မြောက်တတ်သော၊ နိယျာနိက အနက်…။
နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော ဟေတုအနက်…။
နိဗ္ဗာန်ကို မြင်တတ်သော ဒဿန အနက်…။
သင်္ခါရတရားတို့ကို၊ အစိုးရသော အဓိပတေယျ အနက်...။
တည်းဟူသော လေးပါးသော၊ မဂ္ဂသစ္စာ၏ အနက်၊ တို့ကို လည်းကောင်း…။
အကြာင်း အကျိုးအားလျော်စွာ၊ လေးသစ္စာတို့ကို ဒဿနာကာရဖြင့် သောဠာသ ဝေဖန်၍၊ ရွှေဥာဏ်တော်ထင်ထင်၊ ရွှေလက်တင် ပတ္တမြား ကဲ့သို့၊ ပိုင်းခြားသိမြင်တော်မူသည့်အလျောက်၊ အထောက်အခံ၊ ကဥာဏ်ကြီးရင့်၊ ပွင့်ထိုက်သော သတ္တဝါ၊ ဝေနေယျာတို့ကို၊ ပွင့်ပါစေ နှလုံးဖြင့်၊ စွေချုန်းထစ်ကြိုး၊ ရှစ်ကိုးနယ်ကုန်၊ သုန်သုန် ပြင်းဝှန်၊ ရွာဖျန်းသွန်သော၊ မေဃဝန်တမျှ၊ ဓမ္မဘေရီ၊ မေဒနီကို၊ နာရီမလပ်၊ လူနှင့်နတ်အား၊ မပြတ်တိုက်ကျွေး၊ ပေးတော်မူပေတတ်သော…။
သုံးရပ်လုံးဆရာ၊ ဒေဝါဒိ ဒေဝိန္ဒ၊ ဗြဟ္မာဓိ ဗြဟ္မိန္ဒ၊ တိဘဝပါရဂူ၊ အဘိဘူပါမောက္ခ၊ အနုတ္တရသင်းကျစ်၊ မဟာဓမ္မရာဇ်၊ မြတ်ရှင်ချစ်ကို...။
ခန္ဓာပဉ္စက၊ ဒြပ်မျှကို၊ ပေါင်းထယှဉ်ဖော်၊ ဘုရားတပည့်တော်သည်၊ ဝန္ဒေ ဝန္ဒာမိ၊ ဂုဏ်တော်ထုံမွှမ်း၊ ပုံတော်မှန်းလျက်၊ ချီးမွမ်းထောမနာ၊ ပဏာရိုကျိုး လက်စုံမိုး၍၊ ရှိခိုးကန်တော့လိုက်ပါ၏ မြတ်စွာဘုရား.....။

 အရှင်ခေမိန္ဒ တိပိဋကနိကာယကျောင်းတိုက် မင်းကွန်း

Tuesday, 29 July 2014

"ကူဋဒန္တသုတ်" အလှူ

အရှင်ခေမိန္ဒ တိပိဋကနိကာယကျောင်းတိုက် မင်းကွန်း
(နာဖူးထပ်မံ)

အလှူအတန်းကြီး လုပ်ပြီဆိုရင် အခုက သံဃာတွေ ဆွမ်းလောင်းတယ်ဆိုပေမယ့် ကြည်ညိုဖွယ်ရာဆောင်တဲ့ သံဃာ ပါချင်ပါမယ်၊ ကြည်ညိုဖွယ်ရာမဆောင်တဲ့ သံဃာ ပါချင်ပါလာမယ်။ ဘယ်လိုစိတ်ထားမလဲ ?

တချို့ကျတော့ ဆွမ်းကြီးလောင်းရင်းကနေ ကိုရင်ကလေးတွေကို ငေါက်တာတွေ ဘာတွေ တွေ့တယ်။
မလုပ်ကြနဲ့၊ အဲဒါမျိုးက။

ဘယ်လိုစိတ်ထားရမလဲ ဆိုတာကို "ကူဋဒန္တသုတ်" မှာ မြတ်စွာဘုရား ဟောထားတာ ရှိတယ်။

ကိုယ်လုပ်တဲ့ ကုသိုလ်ကောင်းမှုပွဲကို လူတွေက အမျိုးမျိုး လာလိမ့်မယ်။ အသေးစိတ်တော့ မပြောဘူး၊ ကောင်းတဲ့လူတွေ မကောင်းတဲ့လူတွေ ပါလာလိမ့်မယ်။

ဆိုပါစို့၊ ပါဏာတိပါတရှောင်တဲ့ သူတော်ကောင်းလည်း လာမယ်၊ ပါဏာတိပါတလုပ်တဲ့ သူလည်း လာမယ်။
အဲဒီလို လာပြီဆိုတဲ့အခါမှာ ဘယ်လိုနှလုံးသွင်းရမလဲဆို ကောင်းတဲ့ ပုဂ္ဂိုလ်တွေကို အာရုံပြု၊
စိတ်ထဲမှာ ကြည်နူးအောင်လုပ်ပါ။

မကောင်းတဲ့ ပုဂ္ဂိုလ်တွေကို အပြစ်မြင်ပြီး ရန်တွေ့မနေပါနဲ့တဲ့။
ဒါက အရေးကြီးတာပေါ့နော်။

စိတ်ထဲမှာ ကုသိုလ်ဖြစ်ဖို့က အရေးကြီးတယ်။

စိတ်ထဲမှာ ကုသိုလ်မဖြစ်ဘဲနဲ့ အကုသိုလ်ဖြစ်ပြီဆိုလို့ရှိရင် ခုနကပြောတဲ့"ကုသိုလ်တစ်ပဲ ငရဲ တစ်ပိဿာ"ကိုယ်လုပ်တာက ကုသိုလ်၊ ရတာက အကုသိုလ်၊ ဒီလိုဖြစ်တယ်။

ဒါကြောင့်မို့ ကုသိုလ်လုပ်တဲ့အချိန်မှာ ကိုယ့်စိတ်ကို စင်စင်ကြယ်ကြယ်လေး ကုသိုလ်ပဲရအောင် ကြိုးစားမယ်၊ အားလုံး အရာရာမှာ ကုသိုလ်ရဖို့ပဲ၊ စိတ်ကြည်နူးမှုပေါ်မှာပဲထားပြီးတော့ ဘယ်ကိစ္စပဲဖြစ်ဖြစ် အကောင်းဘက်က ရှုမြင်ပြီးတော့ ကိုယ်လုပ်တဲ့ အလုပ်တစ်ခု အောင်မြင်အောင် ကုသိုလ်စိတ်နဲ့ပဲ ဆောင်ရွက်ဖို့ လိုအပ်တယ်။
အဲဒီလို လုပ်မှသာလျှင် ကုသိုလ်ဟာ ပြည့်ပြည့်၀၀ ရကြမှာ။

အဲဒီလို မဟုတ်လို့ရှိရင် ဆရာတော်ကြီး အမိန့်ရှိသလိုပဲ "ကုသိုလ်တစ်ပဲ ငရဲ တစ်ပိဿာ" ဖြစ်ပြီးတော့ အဲဒီအကုသိုလ်ရဲ့ အကျိုးကို ခံကြရတယ်တဲ့။

ဒါကြောင့် တရားချစ်ခင် သူတော်စင်ပရိသတ်အပေါင်းတို့၊ အခု ဘုရားပွဲနဲ့ ပတ်သက်၍လည်းကောင်း၊ တရားပွဲနဲ့ ပတ်သက်၍လည်းကောင်း မှတ်ရမှာပဲ၊
သံဃာပွဲနဲ့ ပတ်သက်ပြီးတော့လည်း မှတ်ရမှာပဲ၊
ကုသိုလ်ပွဲတွေနဲ့ ပတ်သက်လာလို့ရှိရင် ကုသိုလ်ပြည့်ပြည့်၀၀ရအောင် စိတ်ထားတတ်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။

စိတ်ထားတတ်မှ မြတ်တယ် လို့ ဆိုတဲ့ စကားဟာ အလွန်မှန်ကန်တယ်

ကုသိုလ်ရအောင် စိတ်ထားတတ်ဖို့ အရေးကြီးတယ် ဆိုတာ
ကိုယ်စီကိုယ်စီ မှတ်သားပြီးတော့
ကုသိုလ်တရား ဖြစ်ပွားအောင် သတိကြီးစွာထားပြီး
ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း။

ပါချုပ်ဆရာတော်ကြီး